Home » , » အောင်မြင်သော တေးသီချင်းများ၏ နောက်ကွယ်က

အောင်မြင်သော တေးသီချင်းများ၏ နောက်ကွယ်က

Written By မောင်စေတနာ on Sunday, March 18, 2012 | 1:30:00 AM



“မိုင်တစ်ထောင် ခရီးသည် ခြေတစ်လှမ်းမှ စတင်သည်”တဲ့။ ပထမဆုံး ခြေတစ်လှမ်း၏ အရေးပါ အရာရောက်မှုနဲ့ အရေးကြီးပုံကို တင်စားပြောဆိုထားတဲ့ စကားပုံတစ်ခု ဖြစ်ပါတယ်။ လောကကြီးမှာ ကိစ္စကြီးငယ် မှန်သမျှအတွက် ပထမဦးဆုံးခြေလှမ်း အစကတော့ ရှိစမြဲဖြစ်တာမို့ အဲဒီခြေလှမ်းကပဲ အရေးကြီးတဲ့ စတင်ခြင်းလို့လည်း ပြောလို့ရပါတယ်။

ဒီတစ်ပတ်မှာတော့ အဲဒီလို အဓိပ္ပာယ်ရှိတဲ့ တေးသီချင်းတစ်ပုဒ် ရဲ့ နောက်ကွယ်က အကြောင်းအရာ ကို တင်ဆက်ပေးချင်ပါတယ်။ တေးသီချင်းရဲ့ခေါင်းစဉ်ကတော့ “ပထမ ခြေလှမ်း” ဖြစ်ပါတယ်။ “ပထမ ခြေလှမ်း” သီချင်းကို ရေးစပ်သီကုံးထားသူကတော့ တေးရေးမင်းချစ်သူ ဖြစ်ပြီး တေးဆိုကတော့ တင်ဇာမော် ဖြစ်ပါတယ်။

ဒီသီချင်းလေးက တင်ဇာမော် ရဲ့ပထမဆုံးစီးရီး စွဲလမ်းမှုပြဿနာ အခွေမှာ ပါဝင်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ် ဖြစ်ပြီး သီချင်းလေးရဲ့ခေါင်းစဉ်အတိုင်းပဲ တင်ဇာမော်ရဲ့ဂီတခရီး ပထမ ဆုံးခြေတစ်လှမ်းမှာတင် ပရိသတ်ရဲ့ နှလုံးသားဆီ အရောက်သွားနိုင်ခဲ့ပါတယ်။

“၁၉၉၄-၉၅လောက်မှာ တင်ဇာမော်ရဲ့ ပထမဦးဆုံး အခွေထုတ်ဖို့ အတွက် ကိုယ့်ဆီမှာ သီချင်းလာအပ် တယ်။တင်ဇာမော်က ဦးစောနု အဆိုသင်တန်းကျောင်းမှာ ဆုရထားတဲ့သူလို့ သိထားတယ်လေ။ ဒါကြောင့် သူ့မှာ Talent ရှိတာကိုလည်း သိတယ်။ ရေးဖို့အကြောင်းအရာကို စဉ်းစားလိုက်တော့လည်း အချစ်သီချင်းမျိုး မဟုတ်တဲ့ အားမာန်ပါပါ အကြောင်းအရာမျိုးကို ရေးချင်တယ်။ ဒီအခွေက သူ့ရဲ့ပထမဆုံးအခွေလဲ ဖြစ်တော့ ဒီခြေလှမ်းလေးကစပြီး နောက်ခြေလှမ်းတွေ အများကြီးဖြစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီသီချင်းကိုရေးပေး ဖြစ်ခဲ့တာပါ” လို့ သီချင်းနဲ့ ပတ်သက်ပြီး တေးရေးမင်းချစ်သူက ပြောပြခဲ့ပါတယ်။

“ပထမခြေလှမ်း”သီချင်းဟာ အခု ဆယ်စုနှစ် တစ်ခုကျော်ကြာပြီးနောက်အထိ ပရိသတ် ကြိုက်နှစ်သက်ဆဲ တေးသီချင်းတစ်ပုဒ်ဖြစ်နေပုံနဲ့ ပတ်သက်လို့လည်း တေးရေး မင်းချစ်သူက” ဒီသီချင်းက အချစ်သီချင်း သက်သက်လည်း မဟုတ်ဘူး။

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ဒီသီချင်းကို ပြန်ဆိုကြတာတွေလည်း ရှိတယ်။ ပရိသတ်ကလည်း လက်ခံကြတယ်။ နားထောင်လိုက်ရင် စိတ်ဓာတ်ခွန်အားကို ဖြစ်စေတဲ့ သီချင်းတစ်ပုဒ် ဖြစ်တဲ့အတွက် ဘယ်အချိန်မှာမဆို ရိုးမသွားတဲ့ သီချင်းလို့ထင်ပါတယ်” လို့ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လ အတွင်းက မြန်မာနိုင်ငံကို ခေတ္တပြန်လာပြီး အခုအခါ လန်ဒန်မြို့ကို ပြန်လည်ရောက်ရှိနေ ပြီဖြစ်တဲ့ “ပထမခြေလှမ်း”သီချင်း သီဆိုခဲ့သူ တင်ဇာမော်အနေနဲ့လည်း ဒီသီချင်းလေးက သူ့ကိုပရိသတ် အသိအမှတ်ပြု လက်ခံခဲ့တဲ့ ပထမဆုံး စီးရီးထဲမှာပါတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပြီးသူ့ရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ခဲ့တဲ့အတွက် ဒီလိုအဓိပ္ပာယ်မျိုး ရှိနေတဲ့ ဒီသီချင်းအပေါ်မှာ သူ့အနေနဲ့ အရမ်း အလေးအနက် ထားခဲ့တယ်လို့ သိရပါတယ်။

ကဲ-ပရိသတ်ကြီးရေ။ အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားပုံအတိုင်းဆိုရင် ပထမခြေလှမ်း ဆိုတာ ဘယ်လောက်အရေးပါတယ်ဆိုတာ ပေါ်လွင်နေပါတယ်နော်။ အသစ်တစ်ခုကို စလိုက်တာနဲ့၊ အပြောင်းအလဲတစ်ခုကို စလိုက်တာ နဲ့ ပထမဆုံး လှမ်းတဲ့ခြေလှမ်းဆိုတာ ရှိစမြဲပဲလေ။

အခုအချိန်မှာကလည်း မြန်မာနိုင်ငံရဲ့နယ်ပယ်အသီးသီးမှာ ခြေလှမ်းသစ်တွေက စတင်ဖို့ အရှိန်ယူပြီး ပြင်ဆင်နေကြချိန်ဆိုတော့ ပထမဆုံးလှမ်းတဲ့ ခြေလှမ်းများ အားလုံးဟာ အောင်မြင်မှုကို ဦးတည်တဲ့ခြေလှမ်းများ ဖြစ်ပါစေလို့ တောင်းဆုပြုရင်း . . .

Source by :http://www.news-eleven.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။