Home » , , » စင်္ကာပူမှာလုပ် အခွန် သုံးထပ်ဆောင်

စင်္ကာပူမှာလုပ် အခွန် သုံးထပ်ဆောင်

Written By မောင်စေတနာ on Monday, March 12, 2012 | 7:35:00 PM

မြန်မာပြည်သားတို့ စုဝေးကြသည့် စင်္ကာပူ ပင်နီဆူလား ပလာဇာ (ဓာတ်ပုံ - ဧရာဝတီ)

"ကျွန်တော်တို့ ဘက်က ကြည့်ရင်တော့ ကိုယ်လည်း တရားမဝင်တာ ဘာမှ လုပ်တာမဟုတ်ဘူး၊ မြန်မာပြည်က ပြည်တွင်းခွန်ရုံးမှာ တရားဝင်ဆောင်ခဲ့တယ်၊ အခွန်ပြေစာလည်း ကိုယ့်နံမည် နဲ့ ထွက်ထားတယ်။ ဘဏ်မှာလည်း ငွေသွင်းထားတဲ့ ချလန်တွေ အပြည့်အစုံ ပါရင် လက်ခံသင့်တယ် လို့ ထင်ပါတယ်၊ ကွာခြားခွန် လိုချင်ရင်ပေးပါမယ်၊ ဒါပေမယ့် ပြည်တွင်းမှာ ဆောင်ပြီးသား အခွန်ကိုပါ ပြန်ထပ်ဆောင်ရမယ် ဆိုရင် ကျွန်တော်တို့ အခွန် သုံးထပ် ဆောင်ရပါတယ်"

အယ်ဒီတာများ ခင်ဗျား ...

ကျွန်တော်တို့ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာအချို့ ကြုံတွေ့နေရတဲ့ အခက်အခဲ တခုကို တင်ပြရင်း အကူအညီတခုလည်း တောင်းချင်ပါတယ်။ ကိစ္စကတော့ ၂၀၁၁ နှစ်ကုန်အထိ ပေးဆောင်ရမည့် ဝင်ငွေခွန် ကိစ္စပဲ ဖြစ်ပါတယ်။

ဟိုအရင်ကတည်းက စလုံးမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ အခွန်နှစ်ထပ် ပေးစရာ မလိုအောင် ဆောင်ရွက်ပေးဖို့ မြန်မာ နဲ့ စင်္ကာပူအစိုးရ နှစ်ဘက် သဘောတူ လက်မှတ်ထိုးထားတဲ့ စာချုပ်ကို တယောက်နဲ့ တယောက် forward လုပ်ရင်း၊ မလေး ဖိလစ်ပိုင် စတဲ့ သူငယ်ချင်းတွေ စုတ်တသပ်သပ်နဲ့ သနားကြည့်နဲ့ ကြည့်နေတာ ခံယူရင်း နဲ့ ကိုယ်ပေးစရာ ရှိတဲ့ အခွန်ကို ပေးလာခဲ့ကြပါတယ်။

မှတ်မိသလောက်ပြောရရင် အရင်က တလကို ဘယ်လောက်ဆောင်ရမယ် ဆိုတဲ့ နှုန်းထား အသေ သတ်မှတ်ထားတာ မရှိလိုက် ရှိလိုက်ပါပဲ။ ၂၀၀၈ လောက်ကဆို လစဉ် အခွန်နှုန်းထား အနည်းဆုံး ရအောင် ညှိပေးနိုင်တဲ့ ပွဲစားကို အပ်ပြီး လုပ်ခိုင်းကြပါတယ်။

နောက် ၂၀၁၀ လောက်ကျတော့ Spass ဆို တလ ၈၀၊ EP/PR ဆို တလ ၁၂၀ လို့ အသေသတ်မှတ် လိုက်တဲ့အတိုင်းလည်း ဆောင်ခဲ့ ရပါတယ်။

၂၀၁၁ လောက်မှာ မြန်မာပြည်တွင်းကို ပြန်ပြီး အခွန်ဆောင်တာ နှုန်းထားပိုပြီး သက်သာလို့ ကိုယ်တိုင်ပြန်ပြိး ဆောင်တဲ့သူတွေ ရှိသလို၊ မြန်မာပြည်က မိသားစု ကနေ တဆင့် ဆောင်ခိုင်းလိုက်တာတွေ ခေတ်စားလာပါတယ်။

တူတာကတော့ ပြည်တွင်းမှာ ဆောင်ရင် မြန်မာပြည်တွင်းက ပွဲစားရဲ့ အကူအညီနဲ့ အစိုးရ အခွန်ရုံးကို ဆက်သွယ်ပြီး ပေးဆောင်ကြသလို စလုံးမှာ ဆောင်ရင်လည်း စလုံးက အခွန်ပွဲစားကနေ တဆင့် မြန်မာသံရုံးကို ဆက်သွယ်ပြီး ပေးဆောင်ကြရတာပဲ ဖြစ်ပါတယ်။

ကိုယ်တိုင် ခွင့်ယူပြီး သွားဆောင်တာမျိုးလည်း ရှိပါတယ်။ ( ဖိလစ်ပိုင် သံရုံးဆိုရင် ဖိလစ်ပိုင်ာငေိ တွေက တနင်္ဂနွေပဲ အပြင်ထွက်ခွင့် ရလို့ သံရုံးကို စနေပိတ်ပြီး တနင်္ဂနွေ ဖွင့်ပေးပါတယ် )။

မြန်မာပြည်တွင်းမှာ အခွန်ဆောင်လာပြီးရင် စလုံးက မြန်မာသံရုံးမှာလည်း အနည်းဆုံး နောက်ထပ် ၆ လ အခွန်ဆောင်ပေးရပါတယ်။ ဒါဆို ပြည်တွင်းမှာ ဆောင်လာတာကို အသိအမှတ်ပြုပြိး Passport သက်တမ်းတိုးတာမျိုးကိုလည်း ဆက်ဆောင်ရွက်ပေးပါတယ်။ သူဟာသူတော့ အားလုံး အဆင်ပြေနေပါတယ်။

အခု အခွန်တွေ ၂၀၁၁ ဒီဇင်္ဘာ အထိပဲ နောက်ဆုံးဆောင်ရတော့မယ်ဆိုတဲ့ သတင်းထွက်အပြီးမှာ မြန်မာသံရုံးကနေ ပြည်တွင်းမှာ ဆောင်လာတဲ့ အခွန်တွေကို ပြသနာလုပ်လာပါတယ်။ တလ ၈၀ ပေးရမည်လို့ သတ်မှတ်ထားတဲ့ သူက ပြည်တွင်းမှ တလ ၄၀ နဲ့  ဆောင်လာရင် ကွာခြားခွန် တလ ၄၀ ထပ်ပေးရမယ်လို့ ဆိုလာပါတယ်။

တကယ်တမ်းတော့ ပြည်တွင်းမှာ ဆောင်တာ က တလ ၄၀ တည်းနဲ့ ပြီးတာတော့ မဟုတ်ပါဘူး။ ပွဲစားခ ပေးရပါတယ်၊ ပြည်တွင်းမှာ US dollar equivalent နဲ့ တွက်ပြီး US dollar account ရှိတဲ့လူကနေတဆင့် လဲပေးရလို့ တလ ၅၀ လောက် သွားကျပါတယ်။

အဲဒါကို ထားလိုက်ပါ။ နကိုယ်တည်းက ၈၀ ပေးရမှာပဲ၊ ခြားနားခွန်တောင်းတော့လည်း ပေးလိုက်ပါမယ် ဆိုပြန်တော့ ကိုယ်တိုင်ပြန်ဆောင်မှ တရားဝင်တယ်၊ Passport မှာ မြန်မာပြည် ပြန်ထားတဲ့ ရက်စွဲနဲ့ ပြည်တွင်းမှာ အခွန်ဆောင်ထားတဲ့ ရက်စွဲတိုက်မှ လက်ခံမယ်။

ရက်စွဲမတိုက်လို့ ပြည်တွင်းကို မိသားစုကနေ တဆင့် ဆောင်ခိုင်းထားတာမျိုးကို လက်မခံဘူး ၊ ပြည်တွင်းမှာ ဆောင်ထားပြီးသားလတွေ အတွက်ပါ စလုံးမှာ အသစ် ပြန်ဆောင် ရမယ်လို့ ပြောလာပါတယ်။ ဒီလို မဆောင်ရင် Passport renew လုပ်မပေးဘူး၊ ပြည်တွင်းကို ပြန်ပြီး renew လုပ်လို့ ပြောလိုက်ပါတယ်။ အဲဒါတော့  လွန်လာပြီလို့ ထင်ပါတယ်။

ကျွန်တော်တို့ အခွန် ဥပဒေတွေကို နားမလည်ပါဘူး။ ကျွန်တော်တို့ လူပိန်း အမြင်မှာ ဒါ သက်သက် ပညာသုံးပြီး ညစ်တာပဲလို့ မြင်ပါတယ်။ တမင် punish လုပ်တယ်လို့ မြင်ပါတယ်။ အခွန်ဆောင်တာကို ကိုယ်တိုင်ဆောင်မှ တရားဝင် တယ်လို့ ဥပဒေ မှာရှိပါသလား ။ ဘယ်သူကဆောင်ပေးပေး ကိုယ်ပေးစရာ ရှိတဲ့ အခွန်ကို ပေးသွင်း ပြီးသွားရင် ပြီးတာပဲ မဟုတ်ဘူးလား။

ကျွန်တော်တို့ ဘက်က ကြည့်ရင်တော့ ကိုယ်လည်း တရားမဝင်တာ ဘာမှ လုပ်တာမဟုတ်ဘူး၊ မြန်မာပြည်က ပြည်တွင်းခွန်ရုံးမှာ တရားဝင်ဆောင်ခဲ့တယ်၊ အခွန်ပြေစာလည်း ကိုယ့်နံမည် နဲ့ ထွက်ထားတယ်။ ဘဏ်မှာလည်း ငွေသွင်းထားတဲ့ ချလန်တွေ အပြည့်အစုံ ပါရင် လက်ခံသင့်တယ် လို့ ထင်ပါတယ်၊ ကွာခြားခွန် လိုချင်ရင်ပေးပါမယ်၊ ဒါပေမယ့် ပြည်တွင်းမှာ ဆောင်ပြီးသား အခွန်ကိုပါ ပြန်ထပ်ဆောင်ရမယ် ဆိုရင် ကျွန်တော်တို့ အခွန် သုံးထပ် ဆောင်ရပါတယ်၊

အများကြီး နစ်နာပါတယ်၊ ပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေကို ပြည်တွင်းက ကိုယ့်မိသားစု ပညာရေး၊ ကျန်းမာရေးတွေ အတွက် သုံးစရာတွေ အများကြီး ရှိနေပါတယ်။ ဥပဒေ နဲ့ မဆန့်ကျင်ဘူးဆိုရင် ကွာခြားခွန် ပေးပြီး ဆောင်လိုပါတယ်။ ကွာခြားခွန် ပေးစရာမလိုပဲ ပြည်တွင်းက ဆောင်လာပြီးသားအတိုင်း လက်ခံရင်တော့ ကျွန်တော်တို့ အတွက် အကောင်းဆုံးပါပဲ။

သံရုံး ရဲ့ web site မှာ အခွန်ဆောင်ရမယ့် စည်းမျဉ်း စည်းကမ်းတွေကို တင်ပေးထားပါတယ်။
http://www.mesingapore.org.sg/download/mrp_passport_application_handbook.pdf

အဲဒီမှာလည်း ကွာခြားခွန် ပေးရမယ့် အကြောင်း၊ ကိုယ်တိုင်မပြန်ဘဲ တဆင့် ဆောင်ထားရင် အသိအမှတ် မပြုဘူးလို့ ဖေါ်ပြမထားပါဘူး၊ အခွန်လာဆောင်တဲ့သူကိုသာ ဌာနတွင်း ညွှန်ကြားချက် ဆိုပြီး စာတစောင် ထုတ်ပြတယ်လို့ သိရပါတယ်။

အယ်ဒီတာများ အနေနဲ့ စင်္ကာပူရှိ မြန်မာသံရုံး နဲ့ မြန်မာ အလုပ်သမားတွေ ၊ အခွန်ဥပဒေ ပညာရှင်တွေ၊ လုပ်ငန်းလမ်းညွှန်ချပေးတဲ့ အရာရှိကြီးတွေကို ဆက်သွယ် မေးမြန်းစုံစမ်းပြီး ဥပဒေ အရ၊ လူမှုရေးအရ ဘယ်လို ဖြစ်သင့်တယ် ဆိုတာတွေကို ရှင်းလင်း ရေးသားပေးစေလိုပါတယ်။

စင်္ကာပူရောက် မြန်မာအလုပ်သမားတဦး
Source by : http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။