ကိုလံဘီယာတက္ကသိုလ်မှ မက်ခရိုစီးပွားရေးပညာရှင် ဂျက်ဖရီ ဆခ်ျ (Jaffery Sachs) တစ်ယောက် လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌရာထူးအတွက် ၀င်အရွေးခံဖို့ စတင် စည်းရုံးနေပါတယ်။
ဒေါက်တာ ဆခ်ျ မှာ အားသာချက် နှစ်ခုရှိပါတယ်။ ပထမအချက်က သူက အမေရိကန်နိုင်ငံသား ဖြစ်တာပါ။ ကမ္ဘာ့ဘဏ်ဆိုတာ အမေရိကန်ရဲ့ ဩဇာခံမဟုတ်လား။ ဒုတိယအချက်က သူဟာ ကုလသမဂ္ဂ ထောင်စုနှစ် ဖွံ့ဖြိုးရေးပန်းတိုင်ကို ပုံဖော်တဲ့သူ၊ ထောင်စုနှစ် ကျေးလက်စီမံကိန်းကို တည်ထောင်သူ၊ The End of Poverty လို နာမည်ကြီး စာအုပ်ကို ရေးတဲ့သူ၊ ယခင် ကမ္ဘာ့ဘဏ် ဥက္ကဌတွေထက် ဖွံ့ဖြိုးရေးလုပ်ငန်းကို ပိုမိုနာလည်တဲ့သူ ဖြစ်လို့ပါပဲ။
ဒေါက်တာဆခ်ျ က တက္ကသိုလ်မှာထက် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကွင်းတွေထဲမှာ ပိုအလုပ်လုပ်တဲ့သူဖြစ်ပါတယ်။ အီသီယိုပီးယားမှာ ကလေးတွေက “ဟေး ဂျက်” လို့ အော်ပြီး သူ့နောက်က ပြုံလိုက်တတ်ပါတယ်။
မစ္စတာဆခ်ျ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ၀င်အရွေးခံချင်တဲ့အကြောင်းက သူ့ရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကမ္ဘာဘဏ်က ထိထိရောက်ရောက် အကူညီမပေးတာကြောင့်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကိုကြည့်ရင် ကမ္ဘာ့ဘဏ်ဟာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ပတ်သက်ရင် အရူးအနှမ်းပဲ လို့ သူက ဝေဖန်ပါတယ်။
မစ္စတာဆခ်ျ က ကမ္ဘာ့ဘဏ်ရဲ့ အကန့်အသတ်ရှိတဲ့ ငွေကြးတွေကို ရှုပ်ထွေးတဲ့ ပရောဂျက်တွေမှာ ဖြုန်းတီးနေမယ့်အစား၊ ဆင်းရဲတဲ့နိုင်ငံတွေက အေ့ဒ်စ်နဲ့ ငှက်ဖျားလို လုပ်ငန်းတွေမှာ နည်းပညာပုံစံသစ်တွေနဲ့ ပုံအောထည့်ဖို့ ပြောပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ရာထူးအတွက် သူ့မှာ အားနည်းချက်တွေ ရှိပါတယ်။ သူဦးဆောင်တဲ့ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ကျေးရွာစီမံကိန်းက မအောင်မြင်ပါဘူး။ အာဖရိကတိုက် အတိုင်းအတာနဲ့ကို အောင်မြင်မှု သိပ်မရှိလှပါဘူး။ ၂၀၀၆ မှာ ဆခ်ျ က “၂၀၀၉ ခုနှစ်ကျရင် ထောင်စုနှစ် စံပြကျေးရွာ ၁၀၀၀ အထိ ရှိလာပြီး၊ ဒီထက် ပိုတိုးများလာဖို့ မျှောင်လင့်ထားတယ်” လို့ ပြောခဲ့ပါတယ်။ ကနေ့ အာဖရိကရဲ့ နေရာ ၁၄ ခုမှာ စံပြကျေးရွာ ၈၀ ပဲ ရှိပါတယ်။
အဲဒီ ထောင်စုနှစ် ရွာတွေရဲ့ ဖွံ့ဖြိုးရေး အရှိန်အဟုန်ကလည်း အားရစရာ သိပ်မရှိပါဘူး။ အာဖရိက ကျေးရွာတွေမှာ သူလုပ်တဲ့ အစီမ်းရောင်တော်လှန်ရေး၊ ရာသီဥတု ပြောင်းလဲရေး၊ အင်ဖော်မေးရှင်း နည်းပညာ၊ စွမ်းအင် အစားထိုးအသုံးပြုရေး၊ သီးနှံ နှစ်ဆတိုးထွက်ရေးတို့ဟာ သူပြောသလောက် ခရီးမပေါက်ပါဘူး။
ကမ္ဘာ့ဘဏ်ရာထူးအတွက် မစ္စတာဆခ်ျ ကို အဓိက ထောက်ခံပေးမယ့်သူတွေက အာဖရိက ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ၀ါရှင်တန်က အစိုးရပိုင်းနဲ့ နိုဘယ်ဆုရ စီးပွားရေးပညာရှင်တွေကြားမှာတော့ မစ္စတာဆခ်ျ ဥက္ကဌဖြစ်ဖို့ ထောက်ခံမှု နည်းပါတယ်။
သူတို့အမြင်ကတော့ အာဖရိက အသက်ဆက်နိုင်ဖို့ အနောက်က ဒေါ်လာတွေ၊ ယူရိုတွေ၊ ပေါင်တွေ ပုံအော ပေးထားရတာ။ ကမ္ဘာ့ဘဏ်ရဲ့ အလုပ်ဆိုတာ ဆင်းရဲမွဲတေမှုပပျောက်ရေး ခေါင်းစဉ်နဲ့ အလှူငွေပေးဖို့ သက်သက်မဟုတ်ဘူး ဆိုတာပါ။
တစ်နည်းအားဖြင့် လာမယ့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရွေးကောက်ပွဲက ၀ါရှင်တန် အစိုးရပိုင်းမှ ထောက်ခံမှုပေးထားတဲ့ ဘဏ်စီးပွားရေးပညာရှင်တွေနဲ့ ဖွံ့ဖြိုးရေး စီးပွားရေးပညာရှင်ကြား အားပြိုင်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။
ဝင့်ထန်း
ရည်ညွှန်း။ The Economist & Nytimes
0 comments:
Post a Comment