Home » , » ဂျပန်သတင်းထောက် တဦး၏ မှတ်စုများ - အပိုင်း (၃)

ဂျပန်သတင်းထောက် တဦး၏ မှတ်စုများ - အပိုင်း (၃)

Written By မောင်စေတနာ on Saturday, March 24, 2012 | 12:21:00 PM


ဗေဒင်နဲ့ ကမ္ဘာကျော်တဲ့ မြန်မာပြည်ကို သွားလည်ခွင့်ကြုံရင် ဗေဒင် ဆရာတယောက်ဆီမှာ ဗေဒင် ၀င်မေးကြည့်ဖို့  ကောင်းပါတယ်။၊ ရန်ကုန်က ရွှေတိဂုံ ဘုရားစောင်းတန်းမှာ အိမ်တန်းလေး တွေနဲ့ တူတဲ့ ဗေဒင်ဟောခန်းတွေ ရှိပါတယ်၊ အဲဒီ ဗေဒင်ခန်းတွေ ထဲ မှာ ဗေဒင်ဆရာတွေက ဗေဒင် မေးချင် သူတွေကို စောင့်နေပါတယ်။

အိန္ဒိယအနွယ်ဖွား အမျိုးသမီးကြီးတယောက်ရဲ့ရှေ့မှာ ကျနော် ၀င်ထိုင်လိုက်ပါတယ်၊ ကျနော့်ရဲ့ မွေးနေ့၊ မွေးနှစ်ကို ပြောပြပြီးတဲ့အခါမှာ သူက စက္ကူစာရွက်တရွက်ပေါ်မှာ ဇာတာပုံ တခု ဆွဲ လိုက် ပြီး အနာဂတ်မှာ ကျနော့်အတွက် ကံကောင်းစေမယ့် အလုပ်အကိုင်၊ ကံကောင်းမယ့် အရောင်၊ ကံကောင်းမယ့် အရပ်မျက်နှာတွေကို ဟောပါတော့တယ်။

“ဒီလကုန်တဲ့အထိ အမည်းရောင်တွေ မ၀တ်နဲ့နော်။ ယာဉ်မတော်တဆဖြစ်တတ်တယ်”- သူက လို့ သတိပေးပါတယ်။ “ဒါပေမယ့် မပူပါနဲ့”ဆိုပြီးတော့လည်း ယတြာတွေ ပေးပြန်ပါတယ်၊ ရွှေတိဂုံဘုရားစောင်းတန်းမှာ ၀ယ်ဖို့ စာရင်လုပ်ပေးလိုက်တဲ့ ပစ္စည်းအမယ်တွေကတော့ ထီးတလက်၊ စက္ကူယပ် တောင်က ကိုးခု၊ ရွှေပြား သုံးပြား၊ ပန်းခိုင်တခိုင်၊ တို့ ပါဝင်ပါတယ်။

ဒီပစ္စည်းအမယ်တွေကို ကွယ်လွန်သွားတဲ့ ကျနော့်ဘိုးဘေးတွေရဲ့ အုတ်ဂူရှေ့မှာ ချပြီး ဆုတောင်း မယ် ဆိုရင် အားလုံးကောင်းသွားမယ်လို့ ဗေဒင်ဆရာမက အသေအချာအာမခံလိုက် ပါတယ်။

ဗေဒင်ယတြာနဲ့ပတ်သက်လို့ပြောရရင် မနှစ်ဖေဖော်ဝါရီလတုန်းက နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ထုတ် လွှင့် သွားတဲ့ ထိပ်တန်း စစ်အစိုးရခေါင်းဆောင်တွေရဲ့ ညစာစားပွဲမြင်ကွင်းကတော့ အံ့အားသင့်စရာ မြင်ကွင်းပါ။ အရပ်သားအစိုးရကို အာဏာမလွှဲခင် တလအလိုလောက်မှာ၊ စစ်အစိုးရရဲ့ နံပါတ် ၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ လက်ရှိ သမတလုပ်နေတဲ့ ဦးသိန်းစိန်၊ ညစာစားပွဲ တက်ရောက်လာတဲ့ တခြားလူတွေအားလုံး မြန်မာ့ရိုးရာ လုံခြည်တွေ ၀တ်ထားကြတဲ့ မြင်ကွင်းပါ၊ ဒါသက်သက် အပျော်လုပ်ကြတာတော့ မဟုတ်ပါဘူး။

“သေချာတာပေါ့ဗျာ၊ အဲဒါယတြာ ချေတာပေါ့” လို့ မြန်မာပြည်က
သတင်းထောက်တယောက်က ပြန်ပြောပြပါတယ်။
အမျိုးသမီးဦးဆောင်တဲ့ အစိုးရအဖွဲ့က တိုင်းပြည်အာဏာကို မကြာခင်မှာ ယူလိမ့်မယ်လို့ ဗေဒင်ဆရာတွေက ဟောတာကြောင့်လို့ ဆိုကြပါတယ်၊ အမျိုးသမီး ဦးဆောင်တယ် ဆိုတာ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းတာပါပဲ။

ဒီလိုနဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ ကိုယ်တိုင် ထမီနဲ့ တူတဲ့ လုံခြည်တွေကို ၀တ်ပြဖို့ဖြစ်လာပြီး၊ “ကျွန်တော်တို့ အားလုံး မိန်းမတွေ ပါရှင်” လို့  လူလုံးပြရတဲ့ အဖြစ်မျိုးပါ။ အဓိပ္ပါယ် ကတော့ အမျိုးသမီးဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့ထားပြီးပါပြီဆိုတဲ့ အဓိပ္ပါယ်ပေါ့လေ။

တကမ္ဘာလုံးရဲ့ အမြင်မှာတော့ မြန်မာပြည်က စစ်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီလှုပ်ရှားမှုအပေါ် နှိပ်ကွပ်တယ်၊ အနောက်ကမ္ဘာကိုလည်း အာခံတဲ့ ခေါင်းမာဂိုဏ်းသားတွေပေါ့။ အမြဲတမ်း စစ်ဝတ်စုံတွေနဲ့ အခန့်သား တွေ့ရလေ့ရှိတဲ့ စစ်အစိုးရခေါင်းဆောင်တွေ လုံခြည်ဝတ်ပြီး ထွက်လာ တဲ့ အခါကျတော့လည်း တကယ့်ကို ရုပ်တည်နဲ့ အမှန်အကန် ထွက်ခဲ့ကြတာပါ။ ဒါကို ကြည့်ခြင်း အားဖြင့် သူတို့ရဲ့ အတွင်းစိတ်သဏ္ဍာန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်တောင် ကြောက်လန့် နေသလဲ ဆိုတာကို ထွက်ပြီး ၀န်ခံသလိုဖြစ် သွားပါတယ်။

မြန်မာပြည်မှာ ခရီးထွက်မယ်ဆိုရင်လည်း စစ်အစိုးရခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အကြောက်ကြီးကြောက်နေတယ်ဆိုတာကို သတိထားမိမှာပါပဲ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓာတ်ပုံပိုစတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရေးထားတဲ့ စာအုပ်တွေကို ဘယ်မှာမှ တွေ့ရမှာ မဟုတ်ပါဘူး။

နိုင်ငံပိုင် မီဒီယာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မစ္စက်အဲရစ် လို့ ခေါ်ပါ တယ်။ ကွယ်လွန်သွားတဲ့ ခင်ပွန်းသည် အင်္ဂလိပ်လူမျိုး မိုက်ကယ် အဲရစ်နာမည်ကို စွဲပြီးခေါ်တာပဲ၊ တခါတလေကျတော့ အဆိပ်ပြင်းတဲ့ မြွေဟောက်မ စသဖြင့် ခေါ်ပါတယ်။

မြန်မာပြည်မှာ အသံလွှင့်လုပ်ငန်းလုပ်သူတွေကို အိုင်ယာလန်က ရော့ခ် တီးဝိုင်း ယူတူးအဖွဲ့ရဲ့ သီချင်းတွေ မလွှင့်ဖို့ တားမြစ်ထားပါတယ်၊ ယူတီးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်းကို ချီးကျူးပြိး သီချင်းဖွဲ့ဆိုခဲ့တာကို လက်တုံ့ပြန်လိုက်တဲ့ သဘောပါပဲ။ လူတွေပြောကြတဲ့ နောက်အကြောင်းတခုကတော့ အင်္ဂလိပ်စာလုံး U2 ကို ပြောင်းပြန်ကြည့်မယ် ဆိုရင် SU လို့ အသံထွက်လို့ပါတဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်အသံထွက်ပဲ မဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်သမျှ အပြတ်ရှင်းချင်တဲ့နေရာမှာ နောက်ဆုံး ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့အဖေ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင် အစိုးရက အဆက်ဖြတ်ချင်နေတာပါ၊ မြန်မာပြည်လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားတွေရဲ့ ခွဲထွက် ရေးနဲ့ လွတ်လပ်ရေးတောင်းဆိုမှုတွေ ပေါ်ပေါက်လာတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ အမျိုးသားညီညွတ်ရေးရဲ့ သင်္ကေတပါပဲ။

နောက်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဟာ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဖြစ်လာပြီး စစ်အစိုးရကို ထိပ်တိုက်တွေ့လာပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့တပ်မတော်ရဲ့ ဖခင်၊ တပ်မတော်ရဲ့ သင်္ကေတဖြစ်ခဲ့သလို၊ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ သင်္ကေတ၊ စစ်တပ်ကို ဆန့်ကျင်တဲ့ စိတ်တွေ တဖွားဖွားပေါ်လာစေတဲ့ သင်္ကေတဖြစ်လာမှာကို စစ်အစိုးရက ထိတ်လန့်ပုံပါပဲ။ ဒါကြောင့် ငွေစက္ကူပေါ်က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေနေရာမှာ တခြားအရုပ်တွေနဲ့ အစားထိုး လိုက်ပါတယ်။

“ စာသင်ခန်းထဲမှာ သမိုင်းသင်တဲ့အခါ ဆရာတွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ စွမ်းဆောင်မှုတွေ အကြောင်း အသားပေးပြောတာမျိုးမရှိတော့ဘူး” လို့ ဆိုဖီယာတက္ကသိုလ် Sophia University က ပါမောက္ခ ကီ နီမိုတို Kei Nemoto က ပြောပါတယ်။

ရန်ကုန်မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကိုလည်း ရောက်ခဲ့ပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနေခဲ့ဖူးတဲ့ အင်္ဂလိပ်အိမ်ပုံစံနဲ့ အိမ်ကြီးထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ငယ်ငယ်က နေခဲ့ဖူးပါတယ်။ အခု တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာကြည့်ခန်း၊ အိပ်ခန်းတွေကို နဂိုအတိုင်း ထိန်းသိမ်းထား ပါတယ်၊ ဒါပေမယ့် အဲဒီဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ ဂျူလိုင် ၁၉ အာဇာနည် နေ့လို နေ့မျိုးကလွဲရင် ကျန်တဲ့ရက်တွေမှာ ပိတ်ထားပါတယ်။

“ပြည်သူတွေရဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ချစ်ခင်မြတ်နိုးတဲ့စိတ်က ဒေါ်အောင်ဆန်းစုကြည်ဆီကို ထုံကူးသွားမှာကို အစိုးရက စိုးရိမ်နေတာ”လို့ သံတမန်တဦးက ပြောပါတယ်။

အစိုးရက ဘယ်လိုပဲ ဖျောက်ဖျက်ဖို့ ကြိုးစားကြိုးစား နိုင်ငံရဲ့ ဖခင်ကို ဖျောက်ဖျက်လို့ မရပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပတ္တိစာအုပ်တွေကို စာအုပ်ဆိုင်တွေမှာ ရောင်းချပါတယ်။ ၂၀၁၁ ခုနှစ်မှာ အစိုးရက ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဖို့ ဖိတ်ကြားပြီးကတည်းက စာအုပ်တွေလည်း ရောင်းကောင်းတယ်နေတယ်လို့ စာအုပ်ဆိုင်ပိုင်ရှင်က ပြောပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်း ဂူဗိမာန်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဆုတောင်းနေတဲ့ မြင်ကွင်း ကတော့ ၉ နှစ်အတွင်းမှာ ပထမဆုံးပါပဲ။

ရန်ကုန်က လမ်းဘေးစာအုပ်ဆိုင်တဆိုင်က ဆိုင်ပိုင်ရှင်က နေ့တိုင်း ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်တွေ အုပ်ရေ ၁၀၀ လောက် ရောင်းရတယ်လို့ ပြောပါတယ်။ ကျနော်က စကားပြန်ကတဆင့် အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ရေးထားတဲ့ စာအုပ်တွေကို တင်ရောင်းရင် ရော ဘယ့်နှယ်နေမလဲလို့ မေးလိုက်ပါတယ်။

စကားပြန်က ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ နေရာမှာ “အဘွားကြီး” ဆိုတဲ့စကားဝှက်ကို သုံးပြီး ပြန်မေးပေးပါတယ်။ ရဲထောက်လှမ်းရေးတွေ၊ သတင်း ပေး တွေကြားသွားမျာ စိုးရိမ်ရလို့၊ လူရှေ့သူရှေ့မှာ အခုလိုပဲ စကားဝှက်သုံးတာက ပြည်သူ တွေ ကြား မှာ အသားကျနေပါပြီ။

စာအုပ်ဆိုင်ပိုင်ရှင်က - “ချက်ချင်း ရောင်းအားတက်သွားမှာပေါ့” လို့ ပြန်ဖြေပါတယ်။ အနားက နောက်ထပ်စာအုပ်ဆိုင်ပိုင်ရှင်ကလည်း “ဘာပြောကောင်းမလဲ။ လူတွေဝယ် လွန်းအားကြီးလို့ ပုံနှိပ်စက်တောင် နိုင်မှာ မဟုတ်ဘူး” လို့ ၀င်ဖြေလိုက်တယ်။ ပြီးတော့ သူတို့ နှစ်ယောက် တဟားဟား ပွဲကျနေပါရော။၊ အနားက လူတွေတောင် ကွက်ကြည့် ကွက်ကြည့် လှမ်းကြည့်ကြ တဲ့ အထိပါပဲ။

စာအုပ်ရောင်းသမားနှစ်ယောက်ကတော့ အစိုးရကို သရော်တော်တော် ဝေဖန် လိုက်ရ လို့ ကျေနပ်သွားမယ်ပုံပါပဲ၊ မြို့ထဲမှာ အခြေအနေတွေကို ကြည့်ရ တာလည်း အရင် လောက် တင်းမာ မနေတော့သလိုမျိုးတော့ ရှိပါတယ်။

ဇူလိုင်လမှာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမတတို့ တွေ့ဆုံစကားပြောလို့၊ ကြီးနှစ်ကြီး တွေ့ဆုံတဲ့ အဆင့်ကို တက်လှမ်းနိုင်ခဲ့သလို၊ နိုင်ငံပိုင် မီဒီယာတွေကလည်း အောင်ဆန်း စုကြည်ရဲ့ နာမည်ကိုလည်း အရင်လို ဒေါ်စုကြည် လို့ မသုံးတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်လို့ အပြည့်အစုံ ခေါ်ဝေါ် သုံးစွဲလာပါတယ်။

“နောက်တခါ ကျနော်ပြန်လာရင် ဒေါ်အောင်ဆန်း စုကြည် စာအုပ်တွေ ခင်ဗျားတို့ ဆိုင်ပေါ်ကို ရောက်နေမှာ သေချာပါတယ်ဗျာ၊” လို့ စာအုပ်ဆိုင် ပိုင်ရှင်နှစ်ယောက်ကို ကျနော်က ပြောခဲ့ ပါတယ်၊ ဒီတခါတော့ ကျနော်ကိုယ်တိုင်က ဗေဒင်ဆရာ လိုလို၊ ဘာလိုလိုပေါ့။

ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ - အပိုင်း (၁) - နေပြည်တော်သို့တခေါက်


ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ - အပိုင်း (၂) - မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ကံကောင်းစေသော နံပါတ် ၉

ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ- အပိုင်း (၄) ဗုဒ္ဓဘာသာ၊ ခြင်္သေ့နှင့် ဆင်ဖြူတော် ပုံပြင်များ


ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ - အပိုင်း (၅) မြန်မာပြည်က ရွှေနှင့် မူးယစ်ဆေးတို့၏ ၀ိရောဓိ

Source by :Written by နေသွင်
http://www.maukkha.org
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။