Home » , , » တက္ကသိုလ်ဝင် စာမေးပွဲကြီး မတ်လ ၁၂ ရက်နေ့တွင် စတင်ဖြေဆို ရတော့မည်

တက္ကသိုလ်ဝင် စာမေးပွဲကြီး မတ်လ ၁၂ ရက်နေ့တွင် စတင်ဖြေဆို ရတော့မည်

Written By မောင်စေတနာ on Thursday, March 1, 2012 | 5:30:00 PM


မူလတန်းမှ စတင်၍ ကျောင်းသူ ကျောင်းသားများ မလွဲမသွေ ကြုံတွေ့ခဲ့ရသည့် စာမေးပွဲများအနက် ဘ၀၏ အဆုံးအဖြတ်ဟု ဆိုကြသည့် တက္ကသိုလ်ဝင် စာမေးပွဲကြီးမှာ မတ်လ ၁၂ ရက် နေ့မှစ၍ ဖြေဆိုရတော့မည် ဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲဆိုသည်က ဘ၀တွင် မိမိ၏ အရည်အသွေးကို စမ်းသပ် မှတ်ကျောက်တင်မှုပေါင်း များစွာ အနက် သေးငယ်ပြီး အရေးပါသည့် မှတ်ကျောက်တင်မှုတစ်ခုလည်း ဖြစ်သည်။ စာမေးပွဲသို့ ၀င်ရောက်ဖြေဆိုကြမည့် ကျောင်းသူကျောင်းသားများမှာ မိမိရည်မှန်းထားသည့် ပန်းတိုင်သို့ ဆက်လက် လျှောက်လှမ်းနိုင် ရန်အတွက် စာမေးပွဲ အောင်မြင်လိုကြသည်။

မိမိ၏ရင်သွေးသည် တက္ကသိုလ်ဝင်တန်းတွင် အမှတ်ကောင်းစွာဖြင့် အောင်မြင်ရေးမှာလည်း မိဘများ၏ တူညီသော မျှော်လင့်ချက်အိပ်မက်လည်း ဖြစ်သည်။ ထို့အတူချမ်းသာသည် ဖြစ်စေ၊ ချို့တဲ့သည်ဖြစ်စေ မိမိ၏သားသမီး စာမေးပွဲဖြေဆိုသည့် အခန်းမှ ထွက်လာသည်ကို ရင်ခုန်နှုန်းတူညီစွာဖြင့် စောင့်မျှော်တတ်ကြ သည်ကတော့ ဓမ္မတာတစ်ခုလည်း ဖြစ်သည်။

အရည်အချင်း ပြည့်ဝတဲ့ လူငယ်တွေကို လိုအပ်ပါတယ်။ မသမာမှု တွေကတော့ လုံးဝမပျောက်နိုင်သေးပါဘူး။ ကြီးကြပ်သူတွေကလည်း သေချာကြပ်မတ် ပေးသင့်ပါတယ်။ ဒီအကျင့်တွေက ပါသွားရင် နိုင်ငံအတွက်လည်း မကောင်းပါဘူး။

စာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့် ဖြေဆိုနိုင်ရန်အတွက် နှစ်စကပင် ကျောင်းသား၊ မိဘနှင့်ဆရာတို့ ကြိုးစားခဲ့ကြရသည်။ ကျောင်းသူ ကျောင်းသားများ အတွက်ကတော့ မိမိ၏တစ်ဦးချင်း အရည်အသွေးကို ထုတ်ဖော်ပြသချိန်သို့ ရောက်ရှိလာပြီဟုလည်း ဆိုနိုင်ပေသည်။

အစိတ်အပိုင်း တစ်ခုဖြစ်သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် မိမိဘ၀ အဆင့်အတန်းကို နိမ့်ကျစေသည့် မသမာသော နည်းလမ်းကိုမသုံးဘဲ ရိုးသားမှုနှင့် ကြိုးစားမှုတို့ကို အဓိကထား ဖြေဆိုကြရန်လည်း လိုအပ်ပေသည်။

“တက္ကသိုလ်ဝင် စာမေးပွဲဆိုတာ နိုင်ငံတော်အဆင့်နဲ့ ကျင်းပတဲ့ တစ်ခုတည်းသော စာမေးပွဲဖြစ်ပါတယ်။ ကိုယ်ရောစိတ်ပါ ကြိုးစားအားထုတ်ပြီးတော့ မသမာမှု ကင်းကင်းရှင်းရှင်း နဲ့ ဖြေဆိုကြဖို့ လိုပါတယ်။ အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေကို လိုအပ်ပါတယ်။ မသမာမှုတွေကတော့ လုံးဝ မပျောက်နိုင်သေးပါဘူး။ ကြီးကြပ်သူတွေကလည်း သေချာကြပ်မတ် ပေးသင့်ပါတယ်။

ဒီအကျင့်တွေက ပါသွားရင် နိုင်ငံအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် အရည်အချင်းစစ်စစ်နဲ့ပဲ စာမေးပွဲကို ဖြေဆိုဖို့ အကြံပေးချင်ပါတယ်”ဟု ပညာရေး ၀န်ကြီးဌာန အခြေခံပညာအမှတ်(၃)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းဝင်းက ပြောပါသည်။

ကျောင်းသားအချို့မှာ တစ်ပွဲတိုး နည်းလမ်းသုံး၍ ဘယ်ကမှန်းမသိသည့် spot များကို လွဲမှားစွာ အားထားနေကြသည်ကို တွေ့ရပြီး ထိုသို့အားကိုး အားထား ပြုလုပ်နေခြင်းမှာ စာမေးပွဲ တွင် အခက်အခဲ ဖြစ်နိုင်သောကြောင့် သင်ရိုးညွှန်းတမ်းများကိုသာ သေချာပိုင်နိုင်စွာ လေ့လာကျက်မှတ်ထားရန် လိုအပ်ကြောင်းလည်း ဆရာဆရာမကြီးများက ဆိုပါသည်။

စာမေးပွဲ ဖြေဆိုရာတွင်လည်း မေးခွန်းကို ဂရုတစိုက်နှင့် တစ်ကြိမ်မက ဖတ်ရန်လိုအပ်ပြီး တိကျမှန်ကန်မှု ရှိအောင် တတ်နိုင်သမျှ အားထုတ်၍ဖြေဆိုကြရန်နှင့် အဖြေလွှာများကို ပြန်လည် စစ်ဆေးပြီးမှသာ စာဖြေခန်းအတွင်းမှ ထွက်ခွာရန်လည်း ဆရာများက သတိပေးပြောကြားခဲ့ပါသည်။

“ကျောင်းသား၊ကျောင်းသူတွေ အနေနဲ့ ကျန်းမာရေးကောင်းမှ ကောင်းမွန်စွာ ဖြေဆိုနိုင်စွမ်းရှိမယ်၊ စာမေးပွဲ အချိန်ဇယားကို တိတိကျကျလိုက်နာ ရမှာဖြစ်ပြီး အိပ်ချိန်၊ စားချိန်မှန်ရမှာ ဖြစ်ပါတယ်၊ စည်းကမ်းရှိစွာ သန့် သန့်ရှင်းရှင်း ရိုးရိုးသားသားနဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ဖြေဆိုကြပါ၊ ခိုးချတဲ့ အပြုအမှုဆိုတာ လုံးဝ မကောင်းပါဘူး။

စာမေးပွဲမဖြေခင် ဆရာပို့ချတဲ့ သင်ခန်းစာတွေကို အဖန်တလဲလဲ ကျက်မှတ်ကြပါ၊ စာမေးပွဲ ဖြေဆိုနေစဉ်မှာ ဖြေဆိုချိန်ပိုရင်လည်း ထပ်ပြီးကြိုးစားဖြေဆိုကြပါ၊ ဒီအချိန် က ကျောင်းသား၊ ကျောင်းသူတွေ အတွက် အရမ်းအရေးကြီးတဲ့ အချိန်ပါ” ဟု ရွှေပင်ရွှေသီးမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးမှ ပြောကြားခဲ့ပါသည်။

ထို့အပြင် လက်ရှိအချိန်တွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အနေအထားမျိုးဖြင့် စာကျက်ခြင်း များကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ စာမေးပွဲစစ်ဆေးမည့် အချိန်၌ နာမကျန်းဖြစ်သော ကျောင်းသား ကျောင်းသူများအတွက် သက်ဆိုင်ရာ ဆေးရုံ ဆေးခန်းများတွင် ဖြေဆိုခွင့်ပြုသွားမည်လည်း ဖြစ်သည်။

လက်ရှိတွင် တစ်ပြည်လုံးရှိ နယ်စာစစ်ဌာနအသီးသီး၌ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ အတွက် စာမေးပွဲဝင်ခွင့် ကတ်ပြားကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိပြီး ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် အတွင်းမှ ကျောင်းသူကျောင်းသားများအတွက် မတ်လ ၁ ရက်နေ့မှစ၍ ထုတ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ဒေါက်တာခင်မောင်ညိုက “ကျောင်းသူကျောင်းသား တွေဟာ စာမေးပွဲနီးလာရင် စိတ်လှုပ်ရှား တတ်ကြတယ်။ အထူးသဖြင့် ၁၀ တန်းစာမေးပွဲကို ပိုပြီးအလေးထားတယ်။ တကယ်တော့ ၁၀ တန်း စာမေးပွဲဆိုတာ ကျောင်းသူကျောင်းသားတွေ ဖြေဆိုနိုင်အောင် မေးတတ်တော့ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး ဖြေနိုင်ရင် အောင်မြင်မှာပါပဲ။

ကျောင်းနေတယ် ဆိုတာက စာမေးပွဲအောင်ဖို့သက်သက် မဟုတ်ဘူး။ ပညာတတ်ပြီး အကျင့်စာရိတ္တ ကောင်းတဲ့သူ ဖြစ်ဖို့ လည်း ရည်ရွယ်တာပါ။ ဒါကြောင့် စာမေးပွဲမှာ မသမာတဲ့ နည်းလမ်းတွေ ကိုသုံးပြီး မိမိဘ၀အဆင့်ကို မနိမ့်ကျ ပါစေနဲ့၊ လူပုံအလယ်မှာ ရဲရင့်ပွဲလယ်တင့်တဲ့ လူငယ်များဖြစ်လာဖို့ ရိုးရိုးသားသား ဖြေဆိုပြီး အောင်မြင်ကြပါစေ”ဟု ဒေါက်တာ ခင်မောင်ညိုက အားပေးစကား ပြောကြားခဲ့ပါသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဆိုသည်မှာ ဘ၀၏ ပထမဆုံး ခြေလှမ်းတစ်လှမ်း အဖြစ် စတင်လျှောက်လှမ်းရန် အတွက် မိမိကိုယ်တိုင် ရွေးချယ်ရမည့် အချိန်လည်းဖြစ်သည်။

မှတ်ကျောက်တင် စမ်းသပ်ခံရမည့် ပွဲဟုလည်း ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ စာမေးပွဲဖြေဆိုရမည်မှာ မိမိတစ်နှစ်ပတ်လုံး သင်ကြားပြီး စာများသာဖြစ်သောကြောင့် မသမာသည့် နည်းလမ်းများကို မသုံးဘဲ ရိုးရိုးသားသား မိမိကိုယ်ကို ယုံကြည်ချက်နှင့် ဖြေဆိုလျှင် အောင်မြင်ရမည်မှာ မလွဲပင်ဖြစ်သည်။

၂၀၁၁-၁၂ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်စာရင်း

နေ့ရက် - ဘာသာ -အချိန်

၁၂-၃-၂၀၁၂ - မြန်မာစာ
နံနက် ၉ နာရီမှ ၁၂ နာရီထိ

၁၃-၃-၂၀၁၂ - အင်္ဂလိပ်စာ
နံနက် ၉ နာရီမှ ၁၂ နာရီထိ

၁၄-၃-၂၀၁၂ - သင်္ချာ
နံနက် ၉ နာရီမှ ၁၂ နာရီထိ

၁၅-၃-၂၀၁၂ - စိတ်ကြိုက်မြန်မာစာ
နံနက် ၉ နာရီမှ ၁၂ နာရီထိ

၁၆-၃-၂၀၁၂ - ဓာတုဗေဒ
နံနက် ၉ နာရီမှ ၁၂ နာရီထိ

၁၉-၃-၂၀၁၂ - ရူပဗေဒ
နံနက် ၉ နာရီမှ ၁၂ နာရီထိ

၂၀-၃-၂၀၁၂ - ဇီဝဗေဒ/သမိုင်း
နံနက် ၉ နာရီမှ ၁၂ နာရီထိ

၂၁-၃-၂၀၁၂ - ပထ၀ီ
နံနက် ၉ နာရီမှ ၁၂ နာရီထိ

၂၂-၃-၂၀၁၂ - ဘောဂဗေဒ
နံနက် ၉ နာရီမှ ၁၂ နာရီထိ


Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။