Home » , » ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးရက်ကို ဇွန်လ ၁၄ ရက်နေ့ထိ သတ်မှတ်

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးရက်ကို ဇွန်လ ၁၄ ရက်နေ့ထိ သတ်မှတ်

Written By မောင်စေတနာ on Sunday, February 26, 2012 | 9:00:00 AM



ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားအချို့ ကို ဇန်န၀ါရီလ အတွင်းက တွေ့ရစဉ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့နှင့် ဇွန်လ ၁၄ ရက်နေ့တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးကြမည့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်း အလုပ်သမားများ ၏ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်များ ပြီးပြတ်အောင် ဆောင်ရွက်နိုင်စေရန် အတွက် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်း ကုန်ဆုံးရက်ကို ၂၀၁၂ခုနှစ် ဇွန်လ ၁၄ ရက်နေ့သို့ တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း ယခုလ ၁၃ ရက်နေ့က ထုတ်ပြန် သော ထိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ သိရှိရသည်။

ထိုင်းနိုင်ငံအစိုးရအနေဖြင့် ပြည်ပမှလာရောက် အလုပ်လုပ်ကိုင် လျက်ရှိသော ရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသားစိစစ်မှု လုပ်ငန်း စဉ်နှင့် တရားဝင် အလုပ်လုပ်ကိုင်နိုင် ရေးအတွက် ၂၀၀၉ ခုနှစ်မှစတင်၍ မူဝါဒချမှတ် ဆောင်ရွက်ခဲ့ရာတွင် မူဝါဒအရ လုပ်ငန်းစဉ်များ မပြီးပြတ်မှု ကြောင့် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့သို့ သက်တမ်းတိုးပြင် ဆင်သတ်မှတ်ပေးခဲ့ကြောင်း၊ လုပ်ငန်းစဉ်များ အပြီးအပြတ် ဆောင်ရွက်ရန်အချိန် ကာလ လိုအပ်ချက်အရ ယခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံ တိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များ ကြန့်ကြာနေရခြင်းနှင့် ပတ်သက်၍ စာရေး ဆရာဝင်းနိုင်ထွန်းက “လုပ်ငန်းစဉ် တွေသတ်မှတ်ရက်အတွင်း မပြီးပြတ် ရတဲ့ အကြောင်းရင်းက ဒီလုပ်ငန်းစဉ်တွေကို လိုက်နာဆောင်ရွက်ဖို့ အလုပ်သမားတွေ ကိုယ်တိုင် မသိရှိခြင်း၊

သိရှိနားလည်တဲ့ အလုပ်သမားတွေ အနေနဲ့လည်း ကိုယ်တိုင်လုပ်ကိုင် ဆောင်ရွက်ခွင့်မရှိဘဲ သက်ဆိုင်ရာ အလုပ်ရှင်တွေက လိုက်ပါကူညီ ဆောင်ရွက်ပေးရခြင်းမှာ အားနည်းခြင်း၊ ထိုင်းအလုပ်သမား ၀န်ကြီးဌာနက ခွင့်ပြုထားတဲ့ အကျိုးဆောင်တွေက တစ်ဆင့် ဆောင်ရွက်ရလို့ ကုန်ကျစရိတ် ပိုမိုများပြားခြင်းတို့ကြောင့် ဖြစ်နေတာကိုတွေ့ရတယ်”ဟု ပြောကြားပါသည်။

“အခုနောက်ဆုံး ပြင်ဆင်သတ်မှတ်လိုက်တဲ့ အလုပ်လုပ်ခွင့် သက်တမ်း လေးလ တိုးမြှင့်လိုက်တဲ့ ကာလ အတွင်းမှာပဲ မြန်မာအလုပ်သမားတွေ အတွက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်နဲ့ ယာယီနိုင်ငံကူး လက်မှတ် အချိန်မီရရှိရေး အတွက် ထိုင်းအလုပ်သမား ၀န်ကြီးဌာန အပါအ၀င် အလုပ်သမားတွေ၊ အလုပ်ရှင်တွေနဲ့ အကျိုးဆောင်တွေ လွတ်လွတ်လပ်လပ် ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု စာရေးဆရာ ၀င်းနိုင်ထွန်းက ဆက်လက်ရှင်းပြပါသည်။

နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်များ အချိန်မီ အပြီးအပြတ် ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံအတွင်း နိုင်ငံသားစိစစ်မှုလုပ်ငန်းနှင့် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေး နိုင်ရေးစခန်းငါးခုကို (Bangkok၊ Samut Sakhon၊ Samut Prakan၊ Surat Thani၊ Chiang Mai) မြို့တို့တွင် လာမည့် မတ်လဆန်းအတွင်း ထပ်မံဖွင့်လှစ် ပေးထားရန်နှင့်

ထိုင်း-မြန်မာ နယ်စပ်မြို့များဖြစ်သော တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းနှင့် ရနောင်းတို့ ဆက်လက်ဖွင့်လှစ် ပေးသွားရန် ရှိကြောင်း၊ ယာယီနိုင်ငံကူး လက်မှတ်ကိုလည်း ယခင်(Manual) စနစ်မှ ကွန်ပျူတာစနစ်သို့ ပြောင်းလဲ လုပ်ဆောင်သွားရန် ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း ထပ်မံသိရှိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။