Home » , , » တက်သစ်စ ဝါသနာရှင် အဆိုတော် သော်ဇင် နှင့် အင်တာဗျူး

တက်သစ်စ ဝါသနာရှင် အဆိုတော် သော်ဇင် နှင့် အင်တာဗျူး

Written By မောင်စေတနာ on Sunday, February 26, 2012 | 10:00:00 PM



မင်္ဂလာပါခင်ဗျာ။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးမှာ တက်သစ်စ လူငယ် အဆိုတော် လေးတွေ အများကြီး ရှိတဲ့ အထဲက အဆိုတော်လေး သော်ဇင် နဲ့ တွေ့ဆုံပြီး သူရဲ့ အနုပညာ အကြောင်းလေး တွေကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး = သီချင်းတွေကို ဘယ်တုန်းက စတင်သီဆိုဖြစ်တာလဲ ?

ဟုတ် .... ကျွန်တော်သီချင်း စဆိုဖြစ်တာက 2010 မှပါ။ အနုပညာလောက ထဲကို ကျွန်တော်က တေးရေး တစ်ယောက် အနေနဲ့ပဲ စတင် ၀င်ရောက်ခဲ့တာပါ။


မေး = ငယ်ငယ်ကတည်း ကရော သီချင်းဆိုရတာ ဝါသနာပါလား ?

ဟုတ် .... ငယ်ငယ်ကတည်းက ကျွန်တော်က သီချင်းဆိုရတာထက် သီချင်းရေးရတာကို ပိုဝါသနာပါခဲ့တာပါ။ အားရင်သီချင်းတွေပဲ ထိုင်ရေးတယ် ပြီးရင် သူငယ်ချင်းတွေကိုပြတယ်။ သူငယ်ချင်း တွေကလဲ ဆိုပေးတယ် ဒီလိုနဲ့ အားလုံးက ကျွန်တော့်ကို အသံကြိုက်တယ်ဆိုပြီး စဆိုခိုင်းဖို့မြှောက်ကြတာနဲ့ ပဲ ဆိုဖြစ်သွားတာပါ ။

မေး = သီချင်းတွေ ရေးဆိုတော့ ဘယ်လို သီချင်းတွေကို ဦးစားပေး ရေးဖြစ်လဲ ?

ဖြေ = ကျွန်တော့်မှာ ကန့်သတ် ထားတယ်လို့ မရှိပါဘူး အားလုံးကို ရေးဖြစ်ပါတယ်။ တချို့ကတော့ လိုင်းကြောင်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော်က ပရိသတ်ကို လိုင်းတစ်ခုတည်း ချမပြချင်ပါဘူး ရိုးသွားမှာစိုးလို့ပါ။ R & B ; POP ; ROCK ; Classical အထိရေးပါတယ်။ အဓိကကတော့ Rap နဲ့ပတ်သက်တဲ့ သီချင်းတွေရယ် R & B လေးတွေကိုဦးစားပေး ရေးဖြစ်ပါတယ်။



မေး = ယခု လုပ်နေတဲ့ အနုပညာ အပိုင်းနဲ့ ပက်သက်ပြီးတော့ မိဘတွေ ကရော သဘောတူရဲ့လား ?

မိဘဆိုတာကတော့ သားသမီးကို ကောင်းစားစေချင်တဲ့ စိတ်တစ်ခုတည်းကို ကြည့်တတ်တဲ့ အတွက် အစပိုင်းမှာတော့ နည်းနည်း အတားအဆီး လေးတော့ ရှိတာပေါ့နော် ဒါပေမယ့်နောက်ပိုင်းမှာ ကျွန်တော့်ဘက်က အရူးအမူး မဟုတ်တောင် အနည်းအကျဉ်း ရူးသွပ်နေလို့ ခွင့်ပြုပေး ရပါတယ်။ (မိဘတွေဆိုတာ သားသမီးနဲ့ ပတ်သက်လာရင် အမြဲ အရှုံးပေးတတ်သူမလား)


မေး = ညီလေး သီချင်းစဆိုတော့ ဘယ်သီချင်းကို စတင် သီဆိုဖြစ်လဲ ?

ကျွန်တော် စဆိုဖြစ်ခဲ့တဲ့သီချင်းလေးက ကျွန်တော့်ဘ၀ အစစ်အမှန်လေးကို ရေးထားတဲ့ ရင်ဖွင့်ခြင်း ဆိုတဲ့ Rap သီချင်းလေးပါ ခံစားချက် အစစ်အမှန်လေးမို့ အရင်ဦးဆုံးဆိုဖြစ်တာပါ။

မေး = ပထမဆုံး သီချင်းစဆိုတဲ့ ရင်ခုန်သံလေးကို ပြောပြပေးပါဦး။

ဘယ်လိုပြောရမလဲ ရင်ခုန်တာပေါ့နော် ... ကျွန်တော် သီချင်းစဆိုတုန်းက စတူဒီယိုမှာ နာမည်ကြီး အဆိုတော်တွေလဲ ရောက်နေကြတာပေါ့နော်။ သူတို့ ကကိုယ့်ကို ဘယ်လို ဝေဖန်ကြမလဲ ၊ ဒီချာတိတ်က အချဉ်လေးပါကွာ ဆိုပြီးတော့များ စိတ်ထဲကနေပဲ ပြောနေကြမလားဆိုပြီး စိုးရိမ်မိပါတယ်။

ဒါပေမယ့် တကယ်တမ်း လက်တွေ့ မှာတော့ သူတို့ ကအားပေးပါတယ်။ အနုပညာသမား အချင်းချင်း ဒီလိုမျိုး လက်တွဲခေါ်ယူကြတာဟာ မွန်မြတ်ခြင်းတစ်ခုပဲလို့ ကျွန်တော် မှတ်ယူခဲ့မိပါတယ်။ သူတို့ ဆီက ညီလေး သီချင်းဆိုတာ မဆိုးပါဘူး ကောင်းပါတယ်လို့ ကြားရတော့ အတိုင်း မသိလဲ ၀မ်းသာမိပါတယ်။



မေး = ညီလေး ရေးတဲ့ သီချင်း အရေအတွက် ဘယ်လောက် ရှိနေပြီလဲ ?

ခုထွက်မယ့် ကျွန်တော့်ရဲ့ တကိုယ်တော် အခွေထဲက သီချင်းတွေနဲ့ ဆိုရင် အားလုံးပေါင်း ၂၅ ပုဒ်ရှိပါပြီ။

မေး = ပထမဆုံး စီးရီး နာမည်လေးနဲ့ ပါဝင်တဲ့ သီချင်း နာမည်လေးကိုလည်း ပြောပြပေးပါဦး ?

ဖြေ = ကျွန်တော်ပထမဆုံး စီးရီးလေးက Mix Tape လေးအနေနဲ့ နယ်မှာပဲ Promotion လုပ်ပြီး ထုတ်ထားတဲ့ အခွေလေးပါ။ Serie Title လေးက အချစ်ဝင်္ကဘာ လို့ ပေးထားပြီးတော့ သီချင်းက ၇ ပုဒ်ပါဝင်ပါတယ်။

မေး = အချစ်ဝင်္ကဘာ စီးရီးထဲ ပါဝင်တဲ့ သီချင်း နာမည်လေးတွေကို သိချင်ပါတယ်။

သီချင်းနာမည် လေးကတော့ (၁) အချစ်ဝင်္ကဘာ (၂) ကြိုးစားဆဲ (၃) လွမ်းလို့  (၄) မိအိုးကွဲ (၅) ငါ့ဘက်ကိုကြည့် (၆) ငါ့ဘက်ကိုကြည့် (New Version) feat : Ayout Lay (၇) ရင်ဖွင့်ခြင်း တို့ ဖြစ်ပါတယ်။


မေး = အခု ဒုတိယ စီးရီး အတွက် ကြိုးစားနေတယ် ဆိုတော့ စီးရီး နာမည်ရော ဘယ်လိုပေးထားတာလဲ ? ဘယ်တော့လောက် ထွက်ဖြစ်မလဲ ?

ကျွန်တော့်ရဲ့ ဒုတိယစီးရီး အတွက်ကိုတော့ ပထမစီးရီးနဲ့ မတူဘဲ ကြိုးစားအားထုတ်မှု လုပ်ထားပါတယ်။ နာမည်ကတော့ ခုလောလော ဆယ်တော့ "မင်းတစ်ယောက်ကိုပဲ" လို့ပေးထားပါတယ်။ ခုအားလုံးကို Mixing ဆွဲနေပါတယ်။ နည်းနည်း တော့ကြာပါဦးမယ် ကျွန်တော် အတတ်နိုင်ဆုံး အမြန်ထွက်ဖြစ် အောင်ကြိုးစားနေပါတယ်။

မေး = ညီလေးရဲ့ သီချင်း တော်တော်များကို အွန်လိုင်းပေါ်မှာ တွေ့ရသေး တယ်နော်... အွန်လိုင်းပေါ် တင်ပေးဖြစ်လား ?

ဟုတ် ..... သီချင်း တွေကတော့ ကျွန်တော် ကိုယ်တိုင်ပဲ တင်ဖြစ်တာများပါတယ်။ တချို့ ပရိသတ်တွေကလဲ တင်ပေးတာတွေ့ ရတော့ ၀မ်းသာမိပါတယ် ။

မေး = ညီလေးဆိုတဲ့ သီချင်းတွေထဲမှာ ပရိသတ်က သော်ဇင် ဆိုတဲ့ နာမည်လေးကို သိသွားစေတဲ့ သီချင်းလေးက ဘာသီချင်းလေး ဖြစ်နိုင်မလဲ ?

ဖြေ = ကျွန်တော့်ကို တွဲတွဲ သိတာကတော့ အချစ်ဝင်္ကဘာ ကပါ တကယ်တမ်း ကျွန်တော့် အခွေမှာကြိုက်တဲ့ သီချင်းက အရင်တုန်းက ကိုအရုပ်လေး ဆိုထားတဲ့ လွမ်းလို့ သီချင်းလေးပါ။ ဒီသီချင်းလေးရယ် အချစ်ဝင်္ကဘာရယ် နှစ်ပုဒ်ပေါင်းပြီး ကျွန်တော် နေရာရလာတာပါ။

မေး = တက်သစ်စ အဆိုတော် တစ်ယောက် အနေနဲ့ နေရာတစ်ခု (အသိမှတ်ပြု) ရအောင် ညီလေး အနေနဲ့ ဘယ်လိုကြိုးစားခဲ့ရတာလဲ ?

ကျွန်တော့်မှာ တစ်ခုခုကို လုပ်ချင်ပြီဆိုရင် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ Target လေးတစ်ခုကို ငယ်ငယ်ကတည်းက ကျင့်သုံးခဲ့ပါတယ်။

ခုအနုပညာနယ်ပယ် ထဲကို ရောက်ရှိခဲ့တော့လဲ ဒီလိုပါပဲ ကိုယ့်သီချင်းတွေကို ပရိသတ်က လက်ခံနိုင်ဖို့ရယ် ကိုယ့်ဆီ ကိုယ့်ပရိသတ်ဆီက ဘယ်လို ထင်မြင်ချက်တွေ ရောက်ရှိလာမလဲ ဆိုတာရယ်ကို ကျွန်တော်က ပရိသတ်နေရာက နေ၀င်ပြီးတော့ လေ့လာတယ် သင်ယူတယ် ကြိုးစားခဲ့ပါတယ်။

မေး = အနုပညာနဲ့ ပက်သက်ပြီး ဘယ်လိုနားလည်ထားတာလဲ ?

အနုပညာဆိုတာ လူတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့ အောင် ပြုလုပ်ပေးတဲ့ အရာပါပဲ။ ကျွန်တော်တို့ အနုပညာ သမားတွေဆိုတာ ပရိသတ် အပေါ်ကို မှီခိုပြီး နေကြရတဲ့အတွက် အနုပညာရယ် အနုပညာသမားရယ် ပရိသတ်ရယ် ဆိုတာက လုံးဝကို ကင်းကွာလို့ မရတဲ့အရာပါပဲ ။


မေး = ညီလေးရဲ့ စီးရီး အနုပညာ လုပ်ဆောင်ချက်တွေလည်း ပြောပြပေးပါဦး ?

ကျွန်တော် သီချင်းတွေ အများကြီး ရေးဖြစ်ပါတယ် သူငယ်ချင်းတွေ အတွက်လဲ ရေးပေးဖြစ်ပါတယ်။ ခုကျွန်တော့်ရဲ့ တစ်ကိုယ်တော် အတွက် ကြိုးစားပြီးရေး နေရပါတယ် ။ တီးတာရော Mixing ဆွဲတာက အစပေါ့ စိတ်တိုင်းကျအောင် လုပ်နေပါတယ်။

မေး = အခုဆို တက်သစ်စ လူငယ်အဆိုတော်တွေ အများကြီး ထွက်ရှိလျှက်နေပြီပါတယ်။ ဒါနဲ့ပက်သက်ပြီး ညီလေးရဲ့ အမြင်လေး ပြောပြပေးလို့ ရမလား ?

ဟုတ် .... အနုပညာနဲ့ ပတ်သက်ပြီး လူငယ်တွေ အားလုံး ၀ါသနာပါပြီး ကိုယ်ယုံကြည်ရာ လမ်းကို လျှောက်လှမ်းကြတာကို ကျွန်တော်က နွေးထွေးစွာကြိုဆိုပါတယ်။ ကျွန်တော်တို့ တွေက စီနီယာတွေကို အတုယူပြီး ဂျူနီယာကို လက်တွဲခေါ်ရမယ့် အခြေအနေမှာဖြစ်နေလို့ပါ ဒီတော့ ကျွန်တော်လဲ လူငယ် တစ်ယောက်ဖြစ်တဲ့ အတွက် လူငယ် အဆိုတော်တွေ ထွက်ရှိလာတာကို ၀မ်းသာမိပါတယ်။

မေး = သီချင်းတွေကို ညီလေး တစ်ယောက်တည်း သီဆိုဖြစ်တာလား တစ်ခြား သူငယ်ချင်းတွေ ပါဝင်ဆိုဖြစ်သေးလား ?

ပထမ အခွေတုန်းကတော့ ကျွန်တော် တစ်ယောက်တည်းပဲ ဆိုဖြစ်တာများပါတယ်။ တခါတလေ ကိုအရုပ်လေး ကူညီဆိုပေးတာတော့ ရှိတယ်။ ခုဒုတိယ အခွေကျရင်တော့ နာမည်ကြီး အဆိုတော်တွေတော့ ပါမယ်ဗျ။

မေး = ရှိုးပွဲ အတွေ့အကြုံရော ရနေပြီလား ?

2011 - 5 လပိုင်းတုန်းကတော့ နယ်ရှိုး တစ်ခုတော့ ဆိုဖြစ်ပါတယ်။

မေး = ညီလေးရဲ့ ဘလော့ စာမျက်နှာ လေးကို တွေ့ဖူးပါတယ်။ ဘလော့ရေးတာတွေ ဝါသနာ ပါလား ရေးဖြစ်လား ?

ကျွန်တော်က Blogger တစ်ယောက်ပါပဲ အားတဲ့ အချိန်တွေမှာဆိုရင် သီချင်းရေးရင်ရေး မရေးရင် Blog တွေပဲ ထိုင်ရေးဖြစ်ပါတယ် ။

မေး = ညီလေးရေးတဲ့ ဘလော့လိပ်စာလေး ပေးလို့ရမလား ?

www.ymbg.net ပါ။ ခုတလော ကျွန်တော့် အခွေအတွက် လုံးပန်းနေရလို့ Blog လေးကို Upgrade မလုပ်ဖြစ် သေးပါဘူး ...

မေး = ဘလော့တွေ ဝက်ဆိုက်တွေမှာ ညီလေး သီချင်းတွေကို ထူးထူးခြားခြား တောင်းဆိုထားတဲ့ လူတွေများလား ?

ဟုတ် ... အဖြူရောင်သံစဉ် ရေဒီယိုမှာ ကျွန်တော့် သီချင်းလေးတွေကို တောင်းဆိုကြတာကို သိရတော့ အရမ်း ၀မ်းသာမိပါတယ်။ ဒီထက်မက ပိုကြိုးစားသွားပါမယ်လို့ .... ပြောချင်ပါတယ်။


မေး = ပရိတ်သတ်များထဲက သီချင်း တောင်းဆိုတာတို့ ရှိရင် အဆင်ပြေအောင် ဘယ်လို လုပ်ပေးဖြစ်တာလဲ ?

ဖြေ = တချို့ ပရိသတ်တွေက ကျွန်တော့်ရဲ့ ပထမ အခွေထွက်ပြီးတဲ့နောက် သီချင်းတွေ မတွေ့ တော့တဲ့ အတွက် အသစ်တွေ လုပ်ပေးပါဦးလို့ တောင်းဆိုလာပါတယ်။ အဲ့ဒီလိုမျိုး အချိန်ကျရင်တော့ ကျွန်တော် သီချင်းလေးတွေကို အွန်လိုင်းကနေပဲ ထုတ်ပြဖြစ်ပါတယ်။ ဆက်တိုက်ကြီးဆိုရင် ပရိသတ် လက်မခံမှာကိုစိုးလို့ပါ။

မေး = ညီလေး အချစ်ရေး အကြောင်း ပရိတ်သတ်များက သိချင်နေကြတယ်။ ဘယ်လို ပြန်ပြောပေးရမလဲ ?

အဲ... အချစ်ရေး ။ ရှာနေဆဲပါလို့ ပြောချင်ပါတယ်။ လတ်တလော ကတော့ ကျွန်တော့် သီချင်းတွေနဲ့ ပဲ လုံးပန်းနေရပါတယ်။ သီချင်းတွေကတော့ ကျွန်တော့်ရဲ့ထာဝရချစ်သူပေါ့ဗျာ (ရယ်လျှက်)

မေး = ညီလေးရဲ့ ပရိသတ်တွေများ အတွက် တစ်ခုခု ပြောပေးပါဦး ....

ဖြေ = ဟုတ် ... ပရိသတ်ကြီး အစဉ်ထာဝရ ကျန်းမာပျော်ရွှင်ကြပါစေလို့  ဆုမွန် ကောင်းတောင်းပေး လိုက်ပါတယ်ခင်ဗျာ ။

မေး = ညီလေးကို ဆက်သွယ်နိုင်တဲ့ လိပ်စာလေးကိုလည်း ပြောပြပေးပါဦး ။

thuzayshine@gmail.com ကိုဆက်သွယ် နိုင်ပါတယ် ခင်ဗျာ။



အခုလို အင်တာဗျူးအတွက် အချိန်ပေး ဖြေကြားပေးသော တက်သစ်စ အဆိုတော် ညီလေး သော်ဇင် ကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။ အောင်မြင်သော အနုပညာရှင် အဆိုတော်တစ်ယောက် ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ကျွန်တော်ကလဲ ခုလိုတကူးတက မေးမြန်းပေးတဲ့ ကိုနေဇော်လင်းကို အထူးပဲ ကျေးဇူး တင်ရှိပါတယ်လို့ ပြောပါ ရစေခင်ဗျာ။

အင်တာဗျူးလေးက ဒီလောက်ပါပဲ။ ဝါသနာရှင် အဆိုတော် သော်ဇင်ရဲ့ သီချင်းလေးတွေကို အားပေး နားဆင် လိုက်ကြရအောင်နော်။



နောက်တစ်ပတ် အင်တာဗျူးလေးမှာ ဘယ်သူဖြစ်မလဲ? ဆိုတာ စောင့်မျှော်ရင်း အားပေးကြသော သူငယ်ချင်း မိတ်ဆွေများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ အင်တာဗျုး အစီအစဉ်လေး ဖြစ်မြောက်ဖို့ အတွက် Flash Songs သီချင်းဖြင့် ကူညီပေးသော ညီလေး လင်းလင်း ( China ) အား အထူးကျေးဇူးတင်ရှိပါသည်။




Malaysia News Information & Online Radio Blogger
Share this article :

1 comments:

စိုးစိုး said...

ဖတ်သွားပါတယ်။ သီချင်းလေးတွေက
မဆိုးဘူး ... ကောင်းပါတယ်။
အားပေးမယ် ...

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။