![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgET6BFMVWVpIrfKCXiTmMNRwAA7uuu7KFjFTWnTChgQRxsoPlJAsuedJ66Dnc-CTermjLPZCG7LYGhR0Pll1qIeRsEJUYqmVAhhvQyHlVb6SpZezBO6Njs_e6n5z9y5rZkyBNf6RY_2Na_/s400/simcard-300x232.jpg)
တောင်ဒဂုံမြို့နယ် အမှတ် ၇၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လူထုအကြား ငါးထောင်တန်ဖုန်းကတ် ရရှိရေး စာရွက်ဖြန့်ဝေသူ အယောက် ၂၀ ကို ထိန်းသိမ်းထားတယ်လို့ အဲဒီရုံးထဲရောက်နေတဲ့ ကိုထင်ကျော်က ပြောပါတယ်။
“ကျနော်တို့ တောင်ဒဂုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရောက်နေတယ်။ ကျနော်တို့အားလုံး တားခံထားရတယ်။ အခု ကျနော်တို့ ရုံးထဲမှာပိတ်ခံထားရတယ်။ ကျနော်တို့ ခွင့်ပြုချက်မရှိဘဲ လုပ်တယ်ပေါ့ဗျာ။ အဲဒီအတွက် လက်မှတ်ထိုး ခိုင်းထားတယ် ပထမပိုင်းမှာ။”
ကိုထင်ကျော်အပါအဝင် ကုန်ဈေးနှုန်းကျဆင်းရေး အင်အားစုဝင်တွေဟာ ဒီမနက်ပိုင်းက လှိုင်သာယာမီးခွက်ဈေး၊ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးနဲ့ မြောက်ဥက္ကလာမြို့နယ်တွေမှာ ၅၀၀၀ ကျပ်ဖုန်းကတ်ဟာ ပြည်သူတွေ ကုန်ဈေးနှုန်း ကျဆင်းရေးကို အထောက် အကူပြုတဲ့အတွက် သုံးခွင့်ပြုရေး စတာတွေကို ဟောပြောတာ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ခဲ့ပါတယ်။
တောင်ဒဂုံမှာ အဖမ်းခံရတဲ့ ဒေါ်ခင်အေးက “လက်မှတ်ထိုးခိုင်းတာကတော့ ရဲက ထိုးခိုင်းတာပါ၊ တောင်ဒဂုံစခန်းမှူး ဦးဌေးဝင်းက ထိုးခိုင်းတာပါ။ ကျမလည်း စာဖတ်ကြည့်တော့ ဝန်ခံကတိပြုပါသည်။ ဒီစာတွေဝေတဲ့ကိစ္စနဲ့ပတ်သက်လို့ သူတို့ခွင့်ပြုချက်မရှိဘူးပေါ့။
ကုမဏီအသင်းအဖွဲ့ စတာတွေ ခွင့်ပြုချက်ရှိမှသာလျင် ဝေနိုင်တယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် အမ်ဒီစီအက်ဖ်ဆိုတဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအင်အားစုဆိုတဲ့ အဖွဲ့လက်မှတ်ပါတယ်။ ဒါကြောင့် အမ်ဒီစီအက်ဖ် ခေါင်းဆောင် ကိုထင်ကျော်ကို ခေါ်မယ်ဆိုပြီး ခေါ်ရာက ကိုထင်ကျော်ကိုပါ တားမြစ်ခံရတာဖြစ်ပါတယ်။ အထက်လူကြီးကို စောင့်နေလို့ ဆိုပြီး စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီလိုတားမြစ်မှုအပေါ် ကိုထင်ကျော်က “ဒီအခြေခံဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေတယ်ဆိုတာ ကမ္ဘာသိအောင် လုပ်ရမယ်။ သူတို့ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေကို သူတို့မလေးစားဘူး၊ မလိုက်နာဘူး။ အခု ကျနော်တို့ လုပ်ရမယ့်ကိစ္စတွေကို တားဆီးခံနေရတယ်။ သူတို့ရေးဆွဲထားတဲ့ အခန်း (၂) ပုဒ်မ (၃၅၄) နိုင်ငံသားပိုင်ခွင့်ကို ကျနော်တို့ ချိုးဖောက်ခံနေရတယ်။ ကျနော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့လုပ်နေတာ” လို့ ပြောပါတယ်။
Source by :dvb.no

0 comments:
Post a Comment