Home » , » ထိုင်းနိုင်ငံ တောင်ပိုင်း၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား မဲပေးရေး လှုံ့ဆော်စည်းရုံးပွဲပြုလုပ်

ထိုင်းနိုင်ငံ တောင်ပိုင်း၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား မဲပေးရေး လှုံ့ဆော်စည်းရုံးပွဲပြုလုပ်

Written By မောင်စေတနာ on Friday, January 27, 2012 | 1:47:00 PM



ဧပြီလ(၁)ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆာင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ၊ ကြားဖြတ် ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံမဲ ပေးကြရန်နှင့် လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး အခြေအနေ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင် စားသောက်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများအား သိရှိနိုင်ရန်၊ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင်၍ (၂၄၊၀၁၊၂၀၁၂)ရက်နေ့၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်တွင် ပြုလုပ်ခဲ့သည်။

လှုံ့ဆော်၊ စည်းရုံးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ရည်ရွယ်ချက်ကို ဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က အခုလို ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံ အတွင်းမှာ လာရောက် အလုပ်လုပ်ကိုင် စားသောက်နေကြတဲ့ ကျနော်တို့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေကို သိရှိနားဖို့နဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံမဲ ပေးကြဖို့၊ လှုံ့ဆော် စည်းရုံး ပေးတာ ဖြစ်ပါတယ်။

အလုပ်သမားတွေ အနေနဲ့က အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းက သတင်း အချက်အလက်တွေကို သိသင့်သလောက် မသိကြဘူး။ အဲဒါကြောင့် ကျနော်တို့က သူတို့ရှိတဲ့ နေရာတွေမှာသွားပြီး ရှင်းလင်းပွဲတွေ လုပ်ပေးတာ ဖြစ်ပါတယ်”

ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသည့် လူငယ့်သိပ္ပံကျောင်းတွင် တက်ရောက်နေသော စည်းရုံးရေးမှူး တစ်ဦးဖြစ်သူ ကျောင်းသူ မလဲ့လဲ့ထွေးက အလုပ်သမားများအား စည်းရုံးပြောကြားရာတွင် “ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမတို့ရဲ့ သား၊ သမီး၊ မြေး၊ မြစ်တွေရဲ့ အနာဂတ် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို မြင်ချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲထည့်ကြပါ"ဟု ပြောကြားခဲ့သည်။

ဦးထူးချစ်က ဆက်လက်ပြီး “ကျနော်တို့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီဝင်တွေ မဟုတ်သလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ညွှန်ကြားလို့ လုပ်တာလည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ အခုလို နိုင်ငံရေး အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ မဲပေးသင့်တယ်လို့ ယုံကြည်လို့ လိုက်လံ စည်းရုံးပေးနေတာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

စည်းရုံးရေးမှူး တစ်ဦးဖြစ်သူ ကျောင်းသား မောင်ထူးနိုင်လင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်း(၂၀)ကျော်အတွင်း ဒီမိုကရေစီ ရရှိအောင် ဆောင်ရွက်ပေးခဲ့မှု ကိုယ်ကျိုးစွန့် အနစ်နာ ခံခဲ့ပုံများအား ပြောကြားခဲ့သည်။



၎င်းမှ ဆက်လက်၍ “မြန်မာပြည်မှာ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို မြင်ချင်ရင်၊ ကျနော်တို့ ညီအကို မောင်နှမတွေ အနေနဲ့ ထိုင်းနိုင်ငံအတွင်းမှာ အခုလို ဆင်းဆင်းရဲရဲ အလုပ် လုပ်စရာမလိုဘဲ၊ ကိုယ့်နိုင်ငံအတွင်းမှာ အေးအေးချမ်းချမ်း ပြန်ပြီး လုပ်ကိုင် စားသောက်ချင်ရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲထည့်ပါ”ဟု ပြောခဲ့သည်။

စည်းရုံးရေး ပွဲသို့ တက်ရောက်လာသည့် ရော်ဘာခြံ အလုပ်သမား ကိုမောင်ကြီးမှ “အခုလို ကျနော်တို့ကို လာရောက် ဟောပြောပေးတာ ဝမ်းသာပါတယ်။ ကျနော်တို့ မသိသေးတာတွေ သိရတာပေါ့။ ကျနော့် အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲ တုန်းကလည်း အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချုပ်ကို မဲထည့်ခဲ့ပါတယ်။ ထိုင်းလူမျိုးတွေကတောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ နိုင်ရင်၊ ကျနော်တို့ နိုင်ငံလည်း ထိုင်းနိုင်ငံထက်တောင် ချမ်းသာနိုင်တယ်လို့ ပြောပါတယ်။ ကျနော့်အနေနဲ့ ကိုယ်တိုင် မဲမထည့်ဖြစ်ရင်တောင်၊ မြန်မာပြည်မှာ ကျန်နေတဲ့ ကျနော့်အမျိုးတွေ၊ သူငယ်ချင်းတွေကို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲထည့်ဖို့ ပြောမှာပါ”ဟု ၎င်း၏ ရပ်တည်ချက်ကို ပြောကြားခဲ့သည်။



အဆိုပါ ဆွေးနွေးပွဲသို့ ရော်ဘာခြံ အလုပ်သမား (၅၀)ခန့် တက်ရောက်ခဲ့ပြီး၊ အလုပ်သမားများ မေးမြန်းခဲ့သည့် မေးခွန်းများကိုလည်း ဖြေကြားခဲ့သည်။ ဖောင်ဒေးရှင်း အနေဖြင့် အလားတူ လှုံ့ဆော် စည်းရုံးပွဲများကို ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င၊ ဖူကတ်၊ စူရပ်ဋ္ဌာနီနှင့် ကဘီခရိုင်များအတွင်း အလုပ်လုပ်ကိုင် စားသောက်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွင်း ပြုလုပ်သွားမည် ဖြစ်ပါသည်။

အဖွဲ့အစည်း၏ လှုပ်ရှားမှုများကို ပုံမှန်ထုတ်လွင့် ပေးနေသည့် FM ရေဒီယို အစီစဉ်မှလည်း ရွေးကောက်ပွဲ စည်းရုံး လှုံ့ဆော်မှုများကို ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်အထိ ပုံမှန်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။