ခေတ်မီနည်းပညာပစ္စည်းများတွင် အလွန်အကျွံအချိန်ဖြုန်းနေမှုကြောင့် ကလေးသူငယ်များ၏ အဖတ်နှင့် အပြောစွမ်းရည်များ တွင် ထိခိုက်လာနိုင်ဖွယ်ရှိသည်ဟု လွတ်လပ်သော ကျောင်းကောင်စီ၏ အကြီးအကဲ ဖြစ်သူ ဘာနဘီလီယွန်က ဆိုပါသည်။
ယောက်ျားလေးများနှင့် မိန်းကလေးများ အသက် အနည်းဆုံး (၁၅)နှစ် မပြည့်မီမှာ မိဘများအနေနှင့် စမတ်ဖုန်း ၀ယ်မပေးမိအောင် ဆင်ခြင်သင့်ကြောင်းနှင့် ကွန်ပျူတာကိုလည်း တနေ့ လျှင် (၁) နာရီ၊ (၂) နာရီ အထိသာ သုံးစွဲခွင့်ပြုသင့်ကြောင်း သူကဆိုပါသည်။
စာမေးပွဲများတွင် အမှန်ရွေးချယ်ရသောမေးခွန်းများကို များများအသုံးပြုသင့်ကြောင်းနှင့် ထိုမေးခွန်းများသည် သင်ရိုး မာတိကာပါ အချက်အလက်များ များများပါစေပြီး၊ အမှတ်မှားပေးမိခြင်းကိုလည်း အဖြစ်နည်း စေကြောင်း ဟာရိုးကျောင်း၏ ကျောင်းအုပ်ဆရာကြီးဟောင်းဖြစ်သူ မစ္စတာ လီယွန်က ပြောပါသည်။
ကွန်ပျူတာ အသုံးပြုချိန်များခြင်းသည် ယောက်ျားလေးများကို အထူးထိခိုက်စေပြီး၊ ၄င်းတို့ ၏ ရေရှည် ဖွံ့  ဖြိုး တိုးတက်မှုမှာလည်း အဟန့်အတားဖြစ်ကြောင်း တွေ့ ဆုံမေးမြန်းရာ၌ သူကပြောပြပါသည်။
‘ကလေးတွေထဲမှာ အထူးအဖြင့် ယောက်ျားလေးတွေထဲမှာ ကွန်ပျူတာ အစွဲကြီးစွဲနေကြတာ မနည်းမနောပဲ’ ဟု သူကပြောပါသည်။
‘ကလေးတွေ ကွန်ပျူတာကနေပြီး မသင့်မအပ်တာတွေကို လျှောက်ဖွင့်မကြည့်အောင် တားဖို့ဆိုတာကလည်း တော်တော်ခက် ပါတယ်။ အဓိကပြဿနာကတော့ ကွန်ပျူတာနဲ့ အချိန်အကြာကြီး ဖြုန်းနေခြင်းပါဘဲ။ ဒီတော့ အကျိုးဆက်က ကျနော်တို့  လုပ်စေချင်တဲ့အရာ (၂) ခုဖြစ်တဲ့ စာဖတ်ခြင်းနဲ့  စကားစမြည်ပြောဆိုခြင်းတို့ ကို မလုပ်ကြတော့တာပါဘဲ။ ’
ကလေးသူငယ်များ အဖေါ်နှင့်တွဲ၍ ပုံပြင်များကို ဖတ်လာအောင် ကွန်ပျူတာနှင့် ရုပ်မြင်သံကြားအသုံးပြုခြင်း နှင့်ပတ်သက်၍ စည်းကမ်းကလနား သတ်ထားရန် မိဘများအား အကြံပေးသင့်ကြောင်း မစ္စတာ လီယွန်က တိုင်းမဂ္ဂဇင်းအား ပြောပါသည်။
အသက် (၁၂) နှစ်အထိ ကလေးသူငယ်များ အတွက် တနေ့ လျှင် ကွန်ပျူတာ အသုံးပြုချိန်ကို တနာရီ သတ်မှတ်ပေး သင့်ကြောင်း သည့်ထက်ကြီးသော ကလေးများကိုမူ (၂) နာရီ သတ်မှတ်ပေးသင့်ကြောင်း သူက ပြောပါသည်။
Source by :မောင်မောင်သန်း
မောက္ခနိုင်ငံတကာသတင်း

0 comments:
Post a Comment