Home » , » နာနတ်သီးစက်ရုံမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ခြိမ်းခြောက်ခံရ

နာနတ်သီးစက်ရုံမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ခြိမ်းခြောက်ခံရ

Written By မောင်စေတနာ on Friday, January 13, 2012 | 11:30:00 PM



ထိုင်းနိုင်ငံ၊ ပကျွတ်ခရိုင်၊ Tipco နာနတ်သီးစက်ရုံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၅၇၀) ကျော်သည် ဒေသခံ ထိုင်းလူမျိုးများနှင့် ထိုင်းလူမျိုး လုပ်ငန်းကြီးကြပ်သူများ၏ ခြိမ်းခြောက် အနိုင်ကျင့်မှုများကြောင့် အလုပ်မှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

(၂၊ ၀၁၊ ၂၀၁၂)ရက်နေ့ ည(၉)နာရီခန့်၌ မိမိတို့၏ အလုပ်သမား တန်းလျားတွင် ထမင်းစားနေသော မြန်မာရွှေ့ပြောင်း အလုပ်သမား(၄)ဦးကို ထိုင်းလူမျိုးများက ဝင်ရောက် ရိုက်နှက်ခဲ့ရာမှ အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မြန်မာ အလုပ်သမားလူငယ်(၄) ယောက် ထမင်းစားနေတာကို ထိုင်းလူမျိုးတွေက ဝင်ရိုက်တာကို မခံနိုင်လို့ အခြား မြန်မာ အလုပ်သမားတွေက ဝင်ရိုက်တာ ထိုင်းလူမျိုး(၃) ယောက် ဒဏ်ရာ ရခဲ့တယ်။ ဒဏ်ရာရတဲ့ ထိုင်းတွေကို ဆေးကုသဖို့ တစ်ယောက်ကို ဘတ်ငွေ(၁၀၀၀၀) ပေးရမယ်ဆိုလို့ အလုပ်သမား ခေါင်းဆောင်တွေက ဝင်ညှိပေးလို့ ကျနော်တို့က နောင်ပြဿနာ မဖြစ်အောင်ဆိုပြီး ပေးလိုက်တယ်။ ဒါပေမယ့် တစ်ချို့ထိုင်း တွေက အဲဒါကို မကျေမနပ်ဘဲ ဝိုင်းရိုက် လိုက်တဲ့ မြန်မာအလုပ်သမား (၁၇)ယောက်ကို စက်ရုံထဲမှာ မထားဘဲ အပြင်မှာ နေခိုင်းရမယ် ဆိုတာနဲ့ ကျနော်တို့ အားလုံး ထွက်လာကြတာပါ”ဟု အလုပ်သမား ခေါင်းဆောင် ကိုမောင်က ပြောသည်။

“ရန်ဖြစ်လို့ ဝိုင်းရိုက်လိုက်တဲ့ မြန်မာ အလုပ်သမားတွေကို အပြင်မှာ နေခိုင်းမယ်ဆိုရင် သူတို့ကို သတ်လိုက်တာနဲ့ အတူတူဘဲ။ အဲဒါကြောင့် ကျနော်တို့က အလုပ်သမားတွေကို စက်ရုံအပြင်မှာ မနေခိုင်းနိုင်ဘူး။ ရန်ဖြစ်တဲ့ နေ့ကလည်း ကားတစ်စီးနဲ့ ထိုင်းတွေဝင်လာပြီး ကျနော်တို့ မြန်မာအလုပ်သမား အခန်းတွေကို သေနတ်တွေနဲ့ ပစ်တယ်”ဟု ၎င်းက ဆက်ပြောသည်။

စက်ရုံ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများမှ ညှိနှိုင်းပေးရာတွင် မြန်မာအလုပ်သမားများ အနေဖြင့် ဒေသခံ လူမိုက်များအား လစဉ်ကြေးပေးပြီး နေထိုင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာ အလုပ်သမားများ အနေဖြင့် ဆိုင်ကယ်မောင်းခွင့် အတွက်လည်း လစဉ်ကြေး ပေးနေရသည့်အပြင် အထက်ဖော်ပြပါ ခြိမ်းခြောက်မှုများကြောင့် အလုပ်မှ ထွက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ပြဿနာနှင့် ပတ်သက်ပြီး ဝင်ရောက် ညှိနှိုင်းပေးနေသူ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “အလုပ်သမားတွေ စက်ရုံ တစ်ရုံလုံးနီးပါး ထွက်သွားတာနဲ့ ပတ်သက်ပြီး အဲဒီကုမ္ပဏီရဲ့ အကြီးတန်း အရာရှိတစ်ဦးနဲ့ နီးစပ်တဲ့ နော်ဝေက မိတ်ဆွေတစ်ယောက်က ကျနော့်ကို အကြောင်း ကြားလာတယ်။ စက်ရုံမှာ ဖြစ်နေတာကို သူတို့ အပေါ်က လူတွေအနေနဲ့ တိတိကျကျ သိချင်တယ် ဆိုတာနဲ့ ကျနော်က အလုပ်သမားတွေကို ဆက်သွယ်ပြီး အခြေအနေမှန်ကို တင်ပြနိုင်ဖို့ ပြင်ဆင်နေတာပါ။ အခုလို ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို နိုင့်ထက်စီးနင်း မတရားလုပ်နေတာ အဲဒီစက်ရုံ တစ်ရုံထဲ မဟုတ်ပါဘူး။ အလားတူ ပြဿနာတွေ ထိုင်းနိုင်ငံမှာ အမြဲတမ်းလို ဖြစ်နေပါတယ်”ဟု ပြောသည်။

အဆိုပါ စက်ရုံမှ အလုပ်ထွက်သွားသူ ဦးရေ မြန်မာအလုပ်သမား (၅၇၀)ကျော်ရှိရာ၊ အမျိုးသမီး (၄၀၀)ကျော် ပါဝင်ပြီး အလုပ်သမား အားလုံးတွင် တရားဝင် အလုပ်သမား လက်မှတ်၊ ယာယီနိုင်ငံကူး လက်မှတ်များ ကိုင်ဆောင်ထားသည်ဟု သိရသည်။

Source by :http://www.ghre.org
Share this article :

1 comments:

Anonymous said...

တော်ပီအဲဒီတံဆိပ်ကိုသပိတ်မှောက်တယ် မသောက်တော့ဘူး အကုန်လုံးကိုပြောရမယ်
အဲစက်ရုံကို မြန်မာတွေကိုအနိုင်ကျင့်တဲ့စက်ရုံ လို့း(

မဒိုးကန်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။