မြေပြိုသည့်နေရာတွင် ရှင်ကျန်ရစ်သူများကို ရှာဖွေကယ်ဆယ်ရန် ကြိုးပမ်းနေသည့် ဆွေမျိုးသားချင်းများနှင့် ကယ်ဆယ်ရေးသမားများ
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ ရွှေတူးဖော်ရေးလုပ်ကိုင်ရာ ဒေသတစ်ခုတွင် ဇန်န၀ါရီလ ၅ ရက်နေ့က မြေပြိုမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူဦးရေမှာ ၂၈ ဦးအထိရှိလာခဲ့ပြီး ၃၅ ဦး ပျောက်ဆုံးနေသေးသောကြောင့် သေဆုံးသူအရေအတွက်မှာ မြင့်တက်လာနိုင်သည်ဟု သိရသည်။
စာရင်းပျောက်နေသော ၃၅ ဦး ဆိုသည်မှာလည်း သက်ဆိုင်သူတို့၏ ဆွေမျိုးများထံမှ ရရှိထားသော စာရင်းသာဖြစ်ပြီး ထို့ထက်လည်း ပိုများနိုင်သည်ဟု သိရသည်။
မင်ဒါနာအိုကျွန်း၊ ပန်တူကန်မြို့အနီးရှိ ဝေးလံခေါင်ဖျားသော တောင်ကြောတစ်လျှောက်ရှိ ရွှေတူးဖော်သည့် မိသားစု ၁၀၀ ခန့်ရှိရာ အရပ်တွင် မြေပြိုမှုဖြစ်ခဲ့ခြင်းဖြစ် သည်။
မင်ဒါနာအို အရှေ့တောင်ပိုင်း ကမ်းရိုးတန်းသို့ မုန်တိုင်းငယ်တစ်ခု ၀င်ရောက်တိုက်ခတ်ခဲ့အပြီးတွင် မြေ ပြိုမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပန်တူကန်မြို့တော်ဝန် ဆယ်လ်ဆိုဆာရီနက်စ်က မိုးသည်းထန်စွာ ရွာသွန်းအပြီးဖြစ်ပေါ်ခဲ့သော မြေပြိုမှုကြောင့် တူးဖော်ရေးဥမင်ငယ်များ နှင့် သစ်လုံးအိမ်ငယ်များ နစ်မြုပ်သွားခဲ့ရာ မည်မျှပြန်ရှာတွေ့မည်ဆိုသည်ကိုပင် သိနိုင်စရာမရှိကြောင်း ပြောကြားခဲ့သည်။
''(ဘယ်လောက်ပျောက်နေသလဲဆိုတာ) ကျွန်တော်တို့ အမှန်တကယ်မသိနိုင်ဘူး။ ဒီမှာက လာလိုက်သွားလိုက်ပဲ။ ခေါင်းဆောင်တဲ့သူတွေတောင် ဘယ်သူလာတယ်၊ ဘယ်သူသွားတယ်ဆိုတာ မသိကြဘူး'' ဟု ဆာရီနက်စ်က ပြောကြားခဲ့သည်။
ပန်တူကန်နှင့် အနီးရှိ မွန်ကာယိုမြို့တို့မှာ ရွှေတူးသူများကို ဆွဲဆောင်နိုင်သည့်နေရာဖြစ်ပြီး စည်းမျဉ်း စည်းကမ်းနှင့်အညီ တူးဖော်မှုများ မလုပ်နိုင်သောကြောင့် တောင် စောင်းတစ်လျောက် မြေပြိုမှုများဖြစ်လေ့ရှိသည်။ ပြီးခဲ့သည့်နှစ် ဧပြီလ ၂၂ ရက်နေ့ကလည်း ယခုဖြစ်ပွားသည့် နေရာအနီးတွင်ပင် မြေပြိမှုဖြစ်ပွားခဲ့ဖူးပြီး လူ ၂၂ ဦးသေဆုံးခဲ့သည်။
အာဏာပိုင်များက ပန်တူကန်မှ ရွှေတူး ဖော်သူအားလုံးကို ဖယ်ရှားရန် ညွှန်ကြားခဲ့သော်လည်း မြင့်မားသည့် ရွှေဈေး၏ ဆွဲဆောင်မှုကြောင့် စွန့်ခွာခဲ့ရသူများအပြင် နောက်လူများပါ ထပ်ပေါင်းရောက်ရှိကာ တူးဖော်မြဲ တူး ဖော်နေကြခြင်းဖြစ်သည်။
Ref: AFP
Source by :http://www.news-eleven.com/

0 comments:
Post a Comment