Home » » ဒီနှစ် သီတင်းကျွတ်မှာ သူတို့ ဘာလုပ်ကြမလဲ

ဒီနှစ် သီတင်းကျွတ်မှာ သူတို့ ဘာလုပ်ကြမလဲ

Written By မောင်စေတနာ on Monday, October 10, 2011 | 10:20:00 PM



မြန်မာတို့၏ ၀ါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။ သီတင်းကျွတ် အချိန်အခါကို မိမိတို့၏ ဓလေ့ထုံးစံအတိုင်း လူကြီးမိဘ ဆရာသမားများကို ကန်တော့ပန်းဆင်ခြင်း၊ မီးထွန်းခြင်းတို့နှင့် ကျော်ဖြတ်ကြစမြဲဖြစ်သလို မင်္ဂလာအစီအစဉ်များ အတွက် စီစဉ်လာကြသူများလည်း ရှိလာကြပြန်သည်။ ယခုနှစ် သီတင်းကျွတ် အချိန်အခါအတွက် အနုပညာရှင်တို့ မည်သည့် အစီအစဉ်များနှင့် ဖြတ်ကျော်မည်ကို မေးမြန်းတင်ပြပေး ဖြစ်ပါသည်။

နေတိုး

သီတင်းကျွတ် ဆိုတာ မြန်မာဓလေ့ ထုံးထမ်းစဉ်လာအရ လူကြီးမိဘတွေ ကန်တော့ကြ၊ မီးထွန်းကြတဲ့ အစဉ်အလာပေါ့။ ဒီနှစ်သီတင်းကျွတ်ကတော့ မောင်နှမလေးယောက်လုံးစုပြီး မိဘကိုကန်တော့ ဖြစ်မယ်။ ကျန်တာကတော့ ထွေထွေထူးထူး မရှိပါဘူး။ ငယ်ငယ်တုန်းက ရခိုင်မှာ ဖြတ်သန်းခဲ့ရတဲ့ သီတင်းကျွတ် အချိန်တွေကတော့ ပျော်စရာ အကောင်းဆုံးပဲပေါ့ဗျာ။ မီးထွန်းကြ၊ သီချင်းတွေဆိုကြနဲ့ ညလုံးပေါက်ကို ပျော်ခဲ့ကြတာလေ။ ၀ါကျွတ်ပြီဆို တာကလည်း ကျွန်တော်နဲ့ကလုံးလုံး ကို မသက်ဆိုင်သေးပါဘူး။ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ဘာအစီအစဉ်မှမရှိသေးပါဘူး။ တခြားအစီအစဉ် ရှိတဲ့သူတွေကိုပဲ အားပေးရမှာပါ။

သက်မွန်မြင့်

သက်မွန် ဒီနှစ်သီတင်းကျွတ် မှာ အိမ်က မိဘနှစ်ပါးနဲ့ဆရာသမားတွေကို ကန်တော့ပါမယ်။ လပြည့်နေ့ ညပြုလုပ်မယ့်ရှိုးပွဲကို သွားကြည့်ဖို့ စိတ်ကူးထားတယ်။ သီတင်းကျွတ် လပြည့်ရဲ့ ခံစားမှုကျတော့ တခြားလပြည့်ညတွေနဲ့ သိပ်မတူဘူး။ မိုးလေ ကင်းလွတ်ပြီး အားလုံးပျော်ရွှင်ကြတဲ့ အချိန်ပေါ့။ သက်မွန်လည်း ဒီနှစ် သီတင်းကျွတ် အချိန်အခါမှာအားလုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ငယ်ငယ်တုန်းကတော့ သက်မွန်တို့ချင်း တောင်တန်းမှာက သီတင်းကျွတ်ပြီဆိုရင် ဗျောက်အိုးတွေ၊ မီးရှူးမီးပန်းတွေလွှတ်ပြီး ဆော့ကြတာ။ အရမ်းပျော်စရာကောင်းပါတယ်။ ဘာအပူအပင်မှ မရှိသေးတဲ့ ကလေးဘ၀တွေတုန်းက သီတင်းကျွတ်တွေလောက်တော့ အခုက ပျော်စရာ မကောင်းတော့ဘူးပေါ့။ ၀ါကျွတ်ပြီဆိုလည်း ဘာအစီအစဉ်မှ မရှိပါဘူး။ အစီအစဉ်ရှိတဲ့ သူတွေတော့မြန်မြန် အကောင်အထည်ဖော် နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

စိုင်းစိုင်းခမ်းလှိုင်

ကျွန်တော် ဒီနှစ်သီတင်းကျွတ်ကို ရန်ကုန်မှာရှိုးဆိုရင်းနဲ့ ဖြတ်သန်းရမှာပါ။ ကျွန်တော့်ပရိသတ်နဲ့ ကျွန်တော်နဲ့ ရန်ကုန်မှာမဆုံဖြစ်တာ နည်းနည်းလေး ကြာနေပြီ။ သီတင်းကျွတ် အချိန်အခါမှာ ဆုံတွေ့ခွင့်ရမှာဖြစ်တဲ့အတွက်အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေပါတယ်။ သီတင်းကျွတ် ခံစားမှုဆိုရင် ငယ်ငယ်ကတော့ အရမ်းပျော်တာဗျ။ မိုးမရွာတော့ဘူး၊ အဲဒီအချိန်ဆို တောင်ကြီးမှာ ပွဲလမ်းသဘင်တွေ အရမ်းများတဲ့အချိန် ဆိုတော့ ပျော်စရာ ကောင်းပါတယ်။ အားလုံးရဲ့စိတ်ကိုက ရွှင်လန်းပြီးတော့ ပျော်ကြတာလေ။ ဒီနှစ်သီတင်းကျွတ်ကိုလည်း ကျွန်တော်ချစ်တဲ့ ပရိသတ် အားလုံး ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

မိုးယုစံ

မိုးယု ဒီနှစ်သီတင်းကျွတ်က အလန်းဇယား ဇာတ်ကားရိုက်ကူးဖို့ ထိုင်းနိုင်ငံဖူးခက်ကို ရောက်နေမှာ။ ကမ်းခြေမှာတော့ သီတင်းကျွတ်ကို တစ်ခါမှ မဖြတ်သန်းဘူးသေးတော့ အသစ်အဆန်းတော့ ဖြစ်တာပေါ့လေ။ သီတင်းကျွတ် လပြည့်နေ့ကြရင် မေမေက အတူပါလာမှာဆိုတော့ ကန်တော့မယ်။ ပြီးရင် သူငယ်ချင်းတွေနဲ့ အတူတူ မီးရှူးမီးပန်းတွေ လွှတ်မယ်လို့ စိတ်ကူးထားတယ်။ ငယ်ငယ်တုန်းက သီတင်းကျွတ် အမှတ်တရဆိုရင် ရေကျော် သီတင်းကျွတ်က အရမ်းစည်တာလေ။ အဲဒီမှာ မေမေတို့နဲ့ လျှောက်လည်ရတာကိုတော့ မှတ်မိတယ်။ အရမ်းလည်း ပျော်စရာကောင်းတယ်။ အခုသီတင်းကျွတ် အချိန်အခါ မှာ မိုးယုချစ်တဲ့ ပရိသတ်တွေ အားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

ဝတ်မှုံရွှေရည်

ကစ်ကစ် ဒီနှစ်သီတင်းကျွတ်က ထိုင်းနိုင်ငံဖူးခက်မှာ ရောက်နေမှာ။ ကစ်ကစ်က ငယ်ငယ်ကတည်းက သီတင်းကျွတ်ဆိုခြံထဲမှာ မီးရှူးမီးပန်းတွေလွှတ်၊ မီးထွန်းနဲ့ အရမ်းဆော့တာ။ အခုဒီနှစ်ကတော့ ကားရိုက်ဖို့ တခြားနေရာရောက်နေတာဆိုတော့ အနုပညာမောင်နှမတွေနဲ့ပဲ ဖြတ်သန်းရမှာပါ။ ရန်ကုန် ကသီတင်းကျွတ်ကို လွမ်းနေမိမယ် ထင်တယ်။ ဒီနှစ်သီတင်းကျွတ်မှာ ကစ်ကစ်ကို ချစ်တဲ့ပရိသတ်တွေ အားလုံးပျော်ရွှင်ကြပါစေ လို့ ဆုတောင်း ပေးချင်ပါတယ်။

အောင်ရဲလင်း

ကျွန်တော် ဒီနှစ်သီတင်းကျွတ် က ထိုင်းမှာဇာတ်ကား သွားရိုက်မှာပါ။ ကားရိုက်ရှိနေတယ်ဆိုတော့ ဘာမှ ထွေထွေထူးထူး လုပ်ဖြစ်မယ်မထင်ဘူး။ မေမေ့ကို ကန်တော့မယ်။ လပြည့် ညမှာ အတူရိုက်နေတဲ့ သူငယ်ချင်းတွေ နဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းဖြစ်ပါမယ်။ အရင်နှစ်တွေကတော့ ရန်ကုန်မှာ ရှိနေတယ်ဆိုရင် ရှိုးပွဲသွားကြည့် ဖြစ်တာများတယ်။ အမှတ်ရစရာ သီတင်းကျွတ်ကတော့ ငယ်ငယ်က အရမ်းလန့်တတ်တဲ့ အပျိုကြီးတွေ ရှေ့ကျမှ ဗျောက်အိုးဖောက်ရတာပေါ့။ သူတို့ အိမ်ကိုလာတိုင်တော့လည်း အရိုက်ခံ ရတာမျိုးတွေရှိတယ်။

နန်းသူဇာ

ဒီနှစ် သီတင်းကျွတ်က ဟစ်ဟော့ပ်ရှိုးပွဲ သွားကြည့်ဖို့စီစဉ်ထားတယ်။ ရှိုးပွဲပြီးရင် လပြည့်ညမှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်။ မီးပုံးပျံလွှတ်မယ်။ မေမေတို့ကိုလည်း ကန်တော့ဖို့ စီစဉ်ထားတယ်။ သီတင်းကျွတ် အမှတ်တရကတော့ နန်းသူဇာ ငယ်ငယ်ကတည်းက သီတင်းကျွတ်ဆိုရင် ကန်ပေါင်ကို အမြဲသွားဖြစ်တာ။ အဲဒီညဆိုရင် မီးပုံးပျံလာလွှတ်တဲ့သူတွေနဲ့ ကန်ပေါင်မှာ အရမ်း စည်တာလေ။

စံရတီမိုးမြင့်

သဲသဲ ဒီနှစ်သီတင်းကျွတ်က ဟစ်ဟော့ပ်ရှိုးပွဲ သွားကြည့်ဖို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားတယ်။ အဲဒီရက်တွေမှာကားရိုက်လက်ခံထားတော့လပြည့်နေ့ ညဘက် တကယ်လို့ ကားရိုက်ရှိမယ်ဆိုရင် ခွင့်ယူပြီး သွားကြည့်ဖို့ စိတ်ကူးထားပါတယ်။ သဲသဲအမှတ်တရရှိတဲ့ သီတင်းကျွတ်က ငယ်ငယ်က မီးရှူးမီးပန်းဆော့ရင်း နဲ့ပျော်ရတာပါပဲ။ မီးရှူးမီးပန်းတွေ လွှတ်ရင် နည်းနည်းကြောက်ပေမယ့် ပျော်တယ်။ သီတင်းကျွတ်ဆိုရင် ပျော်ပွဲရွှင်ပွဲတွေနဲ့ဆိုတော့ ပျော်စရာကောင်းပါတယ်။ အားလုံး ပျော်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

မိုးမိုး

ကျွန်တော် ဒီနှစ်သီတင်းကျွတ်က မျှော်စင်ကျွန်းမှာ ရှိုးဆိုဖို့ရှိပါတယ်။ သီတင်းကျွတ်ဆိုရင် ကျွန်တော်တို့ မြန်မာ ဗုဒ္ဓဘာသာတွေရဲ့ ထုံးစံအတိုင်း လူကြီးမိဘဆရာသမားတွေ ကန်တော့တာကတော့ နှစ်စဉ်လုပ်နေကျပဲပေါ့။ အမှတ်တရ သီတင်းကျွတ်ကတော့ မုံရွာမှာ သီတင်းကျွတ်ဆိုရင် ဆုတောင်းပြည့် ဘုရားကြီးရဲ့ဘုရားပွဲဈေး ကျင်းပတာပေါ့။ ဒါကြောင့် သီတင်းကျွတ်ဆိုရင်ရက်တွေ အများကြီးပွဲဈေး လုပ်ရတာလို့ နားလည်ထားပြီး ရန်ကုန်ရောက်တော့မှ ထင်ထားသလို မဟုတ်တာကို သိရတာ။ အဲဒါ ကတော့ အမှတ်တရပေါ့။ သီတင်းကျွတ် အချိန်အခါမှာ ပရိသတ်အားလုံး ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။

ကျော်ကျော်ဗို

ကျွန်တော် ဒီနှစ်သီတင်းကျွတ်မှာ မိဘဆရာသမားတွေ ကန်တော့မယ်။ အမှတ်ရစရာ သီတင်းကျွတ်ကတော့ ငယ်ငယ်က သီတင်းကျွတ်ဆိုရင် ဇာတ်ပွဲတွေရှိတာ များတယ်။ ပွဲတွေထဲမှာပဲ ဘကြီးတို့၊ ဦးလေးတို့ရဲ့ပွဲတွေကြည့်ရင်း၊ ပွဲဈေးတန်းလျှောက်ရင်းဖြတ်သန်းရတာ။ အဲဒီအချိန်တွေကိုပြန်ပြီး သတိရမိတယ်။ မြန်မာပြည်သူပြည်သား အားလုံး စိတ္တသုခ၊ ကာယသုခနှစ်ဖြာသော အကျိုးနဲ့ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။

ကျော်ထွဋ်ဆွေ

ကျွန်တော် သီတင်းကျွတ်မှာ ဟစ်ဟော့ပ်ရှိုးမှာဆိုဖို့ ရှိပါတယ်။ သီတင်းကျွတ်ပြီးတာနဲ့ ကျွန်တော့်ရဲ့တစ်ကိုယ်တော်အခွေ ‘ရပ်ကွက်ထဲက အရူး’ ထွက်ပါမယ်။ အဲဒီအတွက် ကျွန်တော် လိုအပ်တာလေးတွေ ပြင်ဆင်နေပါတယ်။ သီတင်းကျွတ်ဆိုရင်တော့ ပျော်တာပါပဲ။ ငယ်ငယ်တုန်းကတော့ ကျောင်းပိတ်ပြီ၊ ဆော့လို့ရပြီဆိုပြီးပျော်တာ။ အခုကတော့လည်း ရှိုးဆိုမယ်၊ ဘော်ဒါတွေ နဲ့ကဲမယ်ဆိုပြီး ပျော်တာပေါ့။ ပျော်တာကတော့ အတူတူပါပဲ။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။