Home » » ထိုင်းရေဘေးကြုံ မြန်မာများ အကူညီ လိုအပ်နေ

ထိုင်းရေဘေးကြုံ မြန်မာများ အကူညီ လိုအပ်နေ

Written By မောင်စေတနာ on Thursday, October 20, 2011 | 1:30:00 PM



ထိုင်းနိုင်ငံ၏ ရေကြီးမှု အန္တရာယ်ကို ရင်ဆိုင်နေရသည့် အထဲတွင် ပါဝင်နေသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၊ စားဝတ်နေရေးနှင့် သွားလာရေး အဆက်အသွယ် ပြတ်တောက်နေ သဖြင့် အကူအညီ များ လိုအပ်နေကြောင်း စုံစမ်း သိရှိရသည်။

ရေကြီးမှုကြောင့် အောက်တိုဘာလ ၆ ရက်နေ့က စက်ရုံ လည်ပတ်မှု ရပ်ဆိုင်းလိုက်သော ထိုင်းနိုင်ငံ တောင်ပိုင်း အယုဒ္ဓယမြို့ရှိ Beyonics technology - CD စက်ရုံဝန်ထမ်း မြန်မာအလုပ်သမား ၁၅၀ ကျော်မှာ အလုပ်လက်မဲ့ဖြစ်ကာ၊ ရေမြင့်တက်မှုကြောင့် အထပ်မြင့် တိုက်ခန်းတွင် သီတင်း နှစ်ပတ်ခန့် ခိုလှုံနေရပြီး စားဝတ်နေရေး အကူအညီများ လိုအပ်နေကြောင်း အလုပ်သမားများက ပြောသည်။

“ခြောက်ရက်နေ့ ကတည်းက စက်ရုံ ပိတ်ထားတာ။ ခု ငှားနေတဲ့ တိုက်ခန်းမှာနေတယ်။ အောက်လည်း ဆင်းလို့မရ ဘူး။ ရေက လေး- ငါး ပေ လောက် ရှိတယ်။ အောက်ဆင်း လို့လည်း မရ။ ဘယ်မှသွားလို့ မရဘူး။ ကူညီပါဦးဗျာ။”ဟု စက်ရုံအလုပ်သမား ကိုတိုးကြီး က မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောသည်။

နိုင်ငံအတွင်းရှိ ခရိုင်ပေါင်း ၇၀ ကျော်အနက်မှ နိုင်ငံ၏ အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများရှိ ခရိုင် ၅၀ ကျော် ရေလွမ်းမိုးမှု ကြုံတွေ့နေရကြောင်း ထိုင်းသတင်းဌာနများက ထုတ်ပြန် ထားသည်။ အဆိုးဆုံး ရင်ဆိုင်နေရသည့် ပသုန်ဌာနီ၊ အယုဒ္ဓယနှင့် နော့ခွန်စဝမ်တို့ရှိ စက်ရုံ၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ ဈေးများနှင့် ရာဘာခြံလုပ်ငန်းများကို ရေကြီးမှုကြောင့် ရပ်ဆိုင်းထားရကြောင်း သိရသည်။

အလုပ်သမားဦးရေ ၃၀၀ ကျော်ဖြင့် လည်ပတ်နေသည့် Beyonics technology -CD စက်ရုံတွင် မြန်မာအလုပ်သမား ၁၅၀ ကျော် အပါအဝင် ထိုင်းနှင့် ကမ္ဘောဒီယား အလုပ်သမားများမှာလည်း အလုပ်လက်မဲ့ ဖြစ်သွားကြသည်။

တရက်လျှင် လုပ်အားခ ဘတ် ၂၀၀ ခန့် ရှိနေသည့် စက်ရုံ အလုပ်သမားများက ပိုင်ရှင်ထံ အလုပ်ပျက်ခများ တောင်း ဆို ထားကြသော်လည်း အကြောင်းပြန်ကြားလာခြင်း မရှိသေးဟု အလုပ်သမားများ ထံမှသိရသည်။

ရေလွှမ်းမိုးမှုကြောင့် သွားလာရေး အဆက်အသွယ် ပြတ်တောက်နေသည့် Beyonics technology - CD စက်ရုံ ဝန်ထမ်း မြန်မာ အလုပ်သမားများကို ထိုင်းနိုင်ငံ၏ Channel 7 ရုပ်သံသတင်းဌာနက ၃ ရက်စာအဖြစ် ဆန်၊ ဆီ၊
ဆား၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ဆေးနှင့် အဝတ်အထည်များ လာရောက် ပေးသွားခဲ့ကြောင်း အလုပ်သမားများ က ပြောသည်။

အယုဒ္ဓယ မြို့မှ မြန်မာ အလုပ်သမားများကို ကူညီရန်အတွက် ဘန်ကောက် မြို့ ဖာစီကျလိန် မြို့နယ်ရှိ ဝပ်တလုံး ဘုန်းကြီးကျောင်းမှ စာသင် မြန်မာသံဃာတော်များ သယ်ဆောင်လာသည့် ဆန်၊ ခေါက်ဆွဲခြောက်၊ အဝတ်အထည်နှင့် ဆေးဝါးများ တင်ဆောင်လာသည့် ရိက္ခာတင်ကားမှာလည်း ရေတက်လာသဖြင့် လမ်းတဝက်၌ပင် ရပ်တန့်နေကြောင်း ဦးဆောင် ဆရာတော်တပါး ဖြစ်သည့် ဦးတေဇ က မိန့်သည်။

“ဦးဇင်းတို့ ပစ္စည်းတွေ သယ်လာတဲ့ကားက ရေတက်လာတယ် ဆိုပြီး ဆက်မလိုက်တော့ဘူး ပြောနေလို့။ ဦးဇင်းတို့ လည်း လမ်းခုလတ်မှာပဲ။ ကားထပ်ငှားဖို့ ပြင်နေတယ်။ ရေက တော်တော်လေး ကြီးနေတယ်လေ။ ဟိုမှာကလည်းမြန်မာပြည်သားတွေ တော်တော်လေး ဒုက္ခကြုံနေတော့ ဦးဇင်းတို့ အနေနဲ့ ရောက်အောင် သွားပို့နိုင်ဖို့ နည်းလမ်း ရှာနေတယ်” ဟု ဦးဇင်း တေဇ က မဇ္ဈိမကို မိန့်သည်။

အလားတူ ချုံဘူရီမြို့တွင်လည်း ၁၈ ရက်နေ့မှစ၍ ရေတက်နိုင်ဖွယ်ရှိကြောင်း အာဏာပိုင်များက ကြေညာထားသဖြင့် မြို့ပေါ်ရှိ ဂုံနီအိတ် စက်ရုံတွင် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ၃၀၀ ကျော်မှာလည်း ရေဘေး ကြုံတွေ့မည် ကို စိုးရိမ်နေကြကြောင်း ယင်းစက်ရုံ အလုပ်သမားများက ပြောသည်။

“ကျမတို့တွေကတော့ ကြောက်နေတာပေါ့။ ရေတက်ရင် ဘယ်မှာ သွားနေရမှန်း မသိဘူးလေ။ သူဌေးကတော့ အလုပ် ဆက်လုပ်ဖို့ ပြောတယ်။ အလုပ်လုပ်လို့ မရအောင် ရေမြုတ်မှ စက်ရုံရပ်မယ်တဲ့။ ဒီကြားထဲမှာ အလုပ် မဆင်းတဲ့ လူကို အလုပ်အာမခံ မပေးတော့ဘူးပြောတယ်။ ခုတော့ စက်ရုံထဲ ရေမဝင်အောင် အကာတွေတော့ လုပ်ထားတယ်”ဟု စက်ရုံ ဝန်ထမ်း မပုတု က မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ၂၅ ရက်နေ့က ထိုင်းနိုင်ငံအတွင်း တိုက်ခတ်ခဲ့သည့် အပူပိုင်း မုန်တိုင်း “နော့ခ်တန်း” ဝင်ရောက် တိုက်ခတ် ခဲ့ပြီးနောက် စံချိန်တင် မိုးရွာသွန်းမှုများဖြစ်ကာ ထိုင်းနိုင်ငံ၏နေရာ တဝက်ကျော် ရေကြီး ရေလျှံမှုဖြင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ယင်းရေကြီးမှုကြောင့် အောက်တိုဘာ လလယ်ပိုင်းထိ လူဦးရေ ၃၀၀ ကျော်သေဆုံးကာ ခရိုင်ပေါင်း ၆၀ ရှိ လူဦးရေ ၈၂ သိန်း ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရသလို စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ဆုံးရှုံးရကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

Source by : ချင်းမိုင် (မဇ္ဈိမ)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။