Home » » စင်ကာပူ ဆောက်လုပ်ရေး ကုမ္ပဏီ မြန်မာလုပ်သား ၅၀ဝ ကျော်ခေါ်ယူ

စင်ကာပူ ဆောက်လုပ်ရေး ကုမ္ပဏီ မြန်မာလုပ်သား ၅၀ဝ ကျော်ခေါ်ယူ

Written By မောင်စေတနာ on Thursday, October 27, 2011 | 5:30:00 AM



စင်ကာပူ နိုင်ငံရှိ Teambuild Construction Pte Ltd ကုမ္ပဏီပိုင် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် လုပ်ကိုင်ရန် မြန်မာ လုပ်သား ၅၀ဝကျော်ခေါ် ယူမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် နဝဒေး လမ်းရှိ ပြည်ပ အေဂျင်စီ တစ်ခုထံမှ စုံစမ်း သိရှိရသည်။

စင်ကာပူနိုင်ငံရှိ ယင်းဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လစာအနိမ့်ဆုံး တစ်ရက်လျှင် စင်ကာပူဒေါ်လာ ၂၀ နှင့် အထက်၊ အချိန်ပို ဆင်းပါက အချိန်ပိုကြေး အပါအဝင် တစ်လ စင်ကာပူဒေါ်လာ ၆၀ဝ (မြန်မာငွေလေးသိန်းခန့်)မှ ၁၀ဝ၀ ကြား ရရှိနိုင်ကြောင်း ယင်းအေဂျင်စီမှာ လုပ်သက်ရှစ်နှစ်ရှိ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သံချည်သံကွေး၊ လက်သမား၊ ပိုက်ပြင်ပိုက်ဆက်၊ သစ်သားတံခါး တပ်ဆင်ရေး စတဲ့နေရာတွေမှာ လုပ်ချင်ရင် ရှစ်တန်းအောင်ရမယ်၊ နေစရာစီစဉ်ပေးမယ်” ဟု ၎င်းကဆိုသည်။

ယင်း အေဂျင်စီထံ သွားရောက်စုံစမ်းခဲ့သည့် ဧရာဝတီတိုင်း ဒေသကြီးမှ အသက် ၃၀ ခန့် အမျိုးသား တစ်ဦးက “ဝန်ဆောင်ခနဲ့ လေယာဉ် လက်မှတ်ခ မြန်မာငွေ နှစ်ဆယ့် ငါးသိန်းကျော်ကျော် လောက်ကျမယ်။ သုံးရစ်ခွဲ ပေးလို့ရတယ်။ SEC လက်မှတ်ရှိပြီး သားဆို နည်းနည်း ထပ်ကျမယ်”ဟု ဆိုသည်။

စင်ကာပူနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ သွားရောက်လိုလျှင် အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်း ရှိသူများကိုသာ ခေါ်ယူပြီး သွားရောက်လိုသူများသည် သင်တန်းကာလ နှစ်လတက် ရောက်ရ မည်ဖြစ်ကြောင်း၊ ယင်း သင်တန်းကာလ ပြီးဆုံးပါက စင်ကာပူမှ လာရောက် စစ်ဆေးသော စာတွေ့၊ လက်တွေ့ စာမေးပွဲ Skill Evaluation Certificate (SEC) ရရှိမှသာ လျှင် သွားရောက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်း ခွင်များတွင် သွားရောက်လုပ်ကိုင်လိုသူများကို သင်တန်းပေးနေသော လှိုင်သာယာမြို့နယ်ရှိ SEC သင်တန်းကျောင်း တစ်ခုထံမှ စုံစမ်းသိရှိရသည်။

“စင်ကာပူကို ဆောက်လုပ်ရေးနဲ့ သွားမယ်ဆို SEC ရမှ သွားလို့ရတယ်။ အဲဒီလက်မှတ်ရှိရင် စင်ကာပူ ဆောက် လုပ်ရေး လုပ်ငန်းခွင်တွေမှာ ၁၈နှစ် အထိ လုပ်လို့ရတယ်” ဟု ယင်းသင်တန်းကျောင်းတွင် သင်တန်းပေးနေသော အသက် ၄၅ နှစ်အရွယ် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စင်ကာပူ နိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ရန် ကြိုးစားနေသူ အသက် ၂၀ခန့် ရခိုင်လူမျိုး အမျိုးသား တစ်ဦးက “သင်တန်းနှစ်လပြီးလို့ SEC စာမေးပွဲဖြေလို့ အောင်ခဲ့ရင် နှစ်ပတ်အတွင်း အလုပ်ခေါ် စာကျတယ်လို့ပြောတယ်”ဟု ဆိုသည်။

စင်ကာပူနိုင်ငံသို့ ၂၀ဝ၉ ခုနှစ်က ဆောက်လုပ်ရေး လုပ်ငန်းဖြင့် သွားရောက် လုပ်ကိုင်ဖူးသူ အလုပ်သမား တစ်ဦးက “ဆောက်လုပ်ရေးနဲ့သွားမယ်ဆို လုပ်ငန်းခွင်မှာသုံးတဲ့ အင်္ဂလိပ်စာအသုံးအနှုန်းတွေရယ်၊ စည်းကမ်းပိုင်းတွေကို လေ့လာ သွားရင် အဆင်ပြေမှာပါ” ဟု အကြံပြုပြောကြား သည်။

“အချိန်ပိုဆင်းရ မယ်ဆိုရင် အလုပ်ချိန်က ၁၂ ထိ ဆင်းရဖို့များတယ်။ နေဖို့ စားဖို့ စီစဉ်ပေးရင်တော့ တစ်လကို တစ်ထောင်ရရင် ကိုက်တယ်”ဟု စင်ကာပူ တွင် သွားရောက် အလုပ်လုပ် ကိုင်နေသူ တစ်ဦးက ဆိုသည်။ လက်ရှိ စင်ကာပူ တစ်ဒေါ်လာ ပေါက်ဈေးမှာ မြန်မာကျပ်ငွေ ခြောက်ရာကျော်ဖြစ်ပြီး ဈေးနှုန်း အတက်အကျ ရှိနိုင်သည်။

Source by :The Voice Journal
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။