Home » » အမှုလွှဲပြောင်းမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ထိုင်းတောင်ပိုင်း တွင် ပြုလုပ်

အမှုလွှဲပြောင်းမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ထိုင်းတောင်ပိုင်း တွင် ပြုလုပ်

Written By မောင်စေတနာ on Sunday, October 23, 2011 | 10:20:00 AM



အောက်တိုဘာ (၉) ရက်နေ့က အမှုလွှဲပြောင်းမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင်၊ ခီးခပ်ကျေးရွာရှိ Khao Lak Orchid Resort တွင် နှစ်ရက်ကြာ ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း၊ ဆူရတ်ဌာနီနှင့် ဖန်ငခရိုင်အတွင်းရှိ လူမှုအခြေပြု အဖွဲ့အစည်းများ၊ အန်ဂျီအိုများ၊ မြန်မာရွှေ့ပြောင်း အလုပ်သမား အသင်းအဖွဲ့၊ သာရေးနာရေး အဖွဲ့နှင့် စာကြည့်တိုက် အသင်းအဖွဲ့များမှ ကိုယ်စားလှယ် (၃၅)ဦး တက်ရောက်ခဲ့သည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ထိုင်းတောင်ပိုင်း၌ ဥပဒေ အထောက်အကူပြု လုပ်ဆောင်လျက်ရှိသော SNF Foundationမှ ရှေ့နေ၊ ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)အဖွဲ့၊ ချင်းမိုင် အခြေစိုက် MAP ဖောင်ဒေးရှင်းမှ ရှေ့နေနှင့် တာဝန်ရှိသူများက အဓိကဖြေကြား ဆွေးနွေး ပေးခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ရနောင်း ပရဟိတ လူငယ်အင်အားစု အဖွဲ့မှ ကိုဟိန်းထက်အောင်က “အလုပ်ရုံ ဆွေးနွေးပွဲတွေက တဆင့် ထိုင်းတောင်ပိုင်းမှာရှိတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ မြန်မာ့ လူထုအခြေပြု အသင်းအဖွဲ့တွေကို ပိုသိလာတယ်။ အမှုတွေ၊ ပြဿနာတွေကို စနစ်တကျနဲ့ ဘယ်လို ဆက်သွယ် လုပ်ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို သိရှိလာတဲ့အပြင် အခု ရွှေ့ပြောင်း အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဝေမျှခွင့်၊ သိရှိခွင့် ရခဲ့ပါတယ်”ဟု ပြောပြ သွားသည်။

FEDမှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက “အဓိက ရည်ရွယ်တာက ထိုင်းတောင်ပိုင်းမှာ နေထိုင်ကြတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ အနေနဲ့ မတရားခံရတာပဲ ဖြစ်ဖြစ်၊ အမှုဖြစ်လာတာပဲ ဖြစ်ဖြစ် ကြုံတွေ့ရပြီဆို ဘယ်လို ဆက်သွယ် လုပ်ဆောင်ရမယ်။

နောက်ပြီး ကိုယ်က ကူညီမယ်ဆို ဘယ်လို စနစ်တကျ ကူညီရမလဲ ဆိုတာတွေ ဆွေးနွေးကြပါတယ်။ ဒီဆွေးနွေးပွဲကို ရနောင်း၊ စူရတ်ဌာနီနဲ့ ဖန်ငပြည်နယ်အတွင်းရှိ မြန်မာလူထု အသင်းအဖွဲ့တွေ တက်ရောက် လာခဲ့တဲ့အတွက် နယ်မြေ အသီးသီးက အခက်အခဲတွေ ဆွေးနွေးဖလှယ်ခွင့် ရခဲ့တယ်။ သူတို့တွေ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တစ်နေရာနဲ့ တစ်နေရာကို ချိတ်ဆက် ပေးနိုင်ခဲ့တယ်”ဟု ပြောပါသည်။

အမှုလွှဲပြောင်းမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို MAP ဖောင်ဒေးရှင်းနှင့် FEDတို့မှ တာဝန်ယူ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒုတိယ အကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်သည်။ ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ရနောင်းတွင် ကျင်းပသွားခဲ့ကြောင်း သိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။