Home » » ထိုင်းရေဘေးကြောင့် မြန်မာ အလုပ်သမား သောင်းချီပြီး နေရပ်ရင်းသို့ပြန်

ထိုင်းရေဘေးကြောင့် မြန်မာ အလုပ်သမား သောင်းချီပြီး နေရပ်ရင်းသို့ပြန်

Written By မောင်စေတနာ on Tuesday, November 1, 2011 | 1:30:00 AM



Photo : Bangkok post
နှစ်လကျော်ကြာ မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် ဆည်ရေ ဖောက်ချမှုကြောင့် ထိုင်းနိုင်ငံ၊ အယုဒ္ဓမြို့နှင့် အခြားနေရာ အနှံ့အပြားတွင် ရေနစ်မြုပ်နေသဖြင့် မြန်မာအလုပ်သမား သောင်းချီပြီး နေရပ်ရင်းသို့ သွားခဲ့ပြီးဖြစ်သည်။

ပထုံဌာနီမြို့မှ ပြန်လာသည့် ကရင်လူမျိုး အလုပ်သမား မအေးက “ရေကလည်း တစ်ရက်ထက် တစ်ရက် ပိုကြီးလာတယ်။ တိုက်ခေါင်မိုး အပေါ်ထပ်မှာ နေရတယ်။ အလုပ်လည်း ဘယ်တော့ ပြန်လုပ်ရမလဲ မသေချာဘူးလေ။ ထိုင်းနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားတော့ ရွာက အဖေအမေက ပြန်လာဖို့ပြောလို့ ပြန်ကြတာ ဖြစ်တယ်။ အများကြီးပဲ သမီးတို့တွေ ပြန်ကြတာ”ဟု ပြောသည်။

ဘန်ကောက်၊ မဟာချိုင်၊ နွန်ဌဘူရီ၊ ခြုံဘူရီနှင့် ဘွန်ထောင်ဌာနီ အပါအ၀င် အယုဒ္ဓယမြို့အနီး ပတ်ဝန်ကျင်မှ အလုပ်သမားများ နေ့စဉ် မြန်မာပြည် နေရပ်ရင်းသို့ ပြန်နေကြကြောင် မြန်မာပြည်သို့ ပြန်ပို့သည့် အကျိုးဆောင် အုပ်စုများက ပြောသည်။

မဟာချိုင်မြို့မှ အလုပ်သမားရေး ကူညီဆောင်ရွက်သူ တစ်ဦးက “မဟာချိုင်က လ၀က ရုံးက နေ့တိုင်း အလုပ်သမားတွေ ထောင်ချီပြီး ပြန်သွားနေကြတယ်။ ပြန်လည် ပြည်ဝင်ခွင့်ဗီဇာ reentry တုံးထုတာ ပုံမှန်ဈေး ဘတ် (၁၀၀၀)နဲ့ မရတော့ဘူး။ ပွဲစားတွေကို ဘတ် (၁၂၀၀)ပေး နေရတယ်။ တုံးထုလို့ မပြီးလို့ အလုပ်သမား ရာပေါင်းများစွာ လ၀က ရုံးဝင်းထဲမှာ ညအိပ်ပြီး စောင့်နေကြတယ်”ဟု ပြောသည်။

မဟာချိုင် လ၀ကရုံးမှ နေ့စဉ် အလုပ်သမား တစ်ထောင် ထက်မနည်း ပတ်စ်ပို့ တုံးထုပြီး အိမ်ပြန်နေ ကြသည်မှာ (၁၀)ရက်ကျော် ရှိနေပြီးဖြစ်ကြောင်း မဟာချိုင်မှ အလုပ်သမားအရေး ဆောင်ရွက်သူက ရှင်းပြသည်။

ထိုင်းနိုင်ငံ (၁၅)ခရိုင်အတွင်း ရေကြီးမှုကြောင့် စက်ရုံ အလုပ်ရုံပေါင်း တစ်သောင်းကျော် ပိတ်ထားရဆဲ ဖြစ်သဖြင့် အလုပ်သမားပေါင်း တစ်သန်းခန့် အလုပ်ရပ်နားထားရပြီး အမေရိကန်ဒေါ်လာ ဘီလီလျှံချီပြီး နစ်နာ ဆုံးရှုံး နေပြီဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်က ကြေညာခဲ့သည်။

နှစ်ပေါင်း (၅၀)အတွင်း အဆိုးဝါးဆုံး ရေကြီးမှုဖြစ်ပြီး သေဆုံးသူပေါင်း (၃၄၂)ယောက်အထိ ရှိပြီးဖြစ်ကြောင်း ထိုင်းအစိုးရက ယမန်နေ့က ကြေညာခဲ့သည်။

ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများတွင်လည်း သေဆုံးသူပေါင်း (၃၃၆)ယောက်ထက် မနည်း ရှိပြီးဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။