Home » » ရိုးရာ ယဉ်ကျေးမှု ဆိုင်ရာ ဆွေးနွေး ဖလှယ်ပွဲပြုလုပ်

ရိုးရာ ယဉ်ကျေးမှု ဆိုင်ရာ ဆွေးနွေး ဖလှယ်ပွဲပြုလုပ်

Written By မောင်စေတနာ on Sunday, August 28, 2011 | 11:49:00 AM



ထိုင်း၊ မြန်မာနှင့် ထိုင်းမော်ဂန် (စလုံ)လူမျိုး ကလေးငယ်များ၏ ရိုးရာ ယဉ်ကျေးမှု ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲ တခုကို ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင်ရှိ ခေါင်လတ် Andarburi Resort ၌ ယခုလ (၂၀)နှင့် (၂၁)ရက်နေ့များက ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)နှင့် Plan Thailand အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ထိုင်း၊ မြန်မာနှင့် ထိုင်းမော်ဂန် (စလုံ)လူမျိုး ကျောင်းသား၊ ကျောင်းသူ (၄၅)ဦး တက်ရောက် ခဲ့ကြသည်။

ဆွေးနွေးပွဲကို စီစဉ်ခဲ့သူ ထိုင်းဝန်ထမ်း တဦးက “အခုလို ကျင်းပတာကတော့ ထိုင်းလူမျိုး၊ စလုံ လူမျိုးတွေနဲ့ ရွှေ့ပြောင်း မြန်မာ လူမျိုးတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို ကလေးတွေ သိရှိပြီး ထိုင်း၊ မြန်မာ၊ စလုံကလေးတွေ လူမျိုးရေး မခွဲခြားပဲ တစ်ဦးနဲ့ တစ်ဦး ရင်းရင်းနှီးနှီးနဲ့ ချစ်ချစ်ခင်ခင် ဖြစ်လာစေရန်အတွက် ရည်ရွယ်ပါတယ်။ ကလေးတွေကနေ စပြီး ရင်းရင်းနှီးနှီး ဖြစ်လာတဲ့ အခါကျတော့ လူကြီးတွေလည်း နားလည်လာကြမယ်လို့ မျှော်လင့်တယ်ပေါ့လေ။ ကျနော်တို့က ရေရှည် ချစ်ကြည် ရင်းနှီးမှုကို မျှော်ကိုးပြီး ပြုလုပ်ပေးတာပါ” ဟု ပြောပြသည်။

တက်ရောက်လာသည့် ကလေးများက ရိုးရာ ယဉ်ကျေးမှု အကြောင်းများကို ပန်းချီဆွဲပြီး ပြန်လည် ရှင်းလင်း ပြောပြခြင်း၊ မြန်မာ၊ ထိုင်း၊ မော်ဂန် (စလုံ)လူမျိုး တစ်မျိုးခြင်းစီ၏ အမြင်များကို ဆွေးနွေး ဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

“ထိုင်းလူမျိုးတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေ၊ စလုံလူမျိုးတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို ပန်းချီဆွဲပြီး သူတို့တွေ ရှင်းပြတဲ့အတွက် သူတို့အကြောင်းကို သိခဲ့ရတယ်။ နောက်သမီးတို့ဆီမှာရှိတဲ့ မြန်မာရိုးရာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အကြောင်း တွေကိုလည်း ပန်းချီဆွဲပြီး ပြန်ရှင်းပြခဲ့တယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် လူငယ့်သိပံ္ပ ကျောင်းသူ မယဉ်ယဉ်မော်က ပြောပြသည်။



လူငယ့်သိပံ္ပကျောင်းမှ ကျောင်းသား မောင်ထူးနိုင်လင်းကလည်း “ကျနော်တို့ရဲ့ ရိုးရာ ယဉ်ကျေးမှုကို ပုံဆွဲပြီး ရှင်းပြရတဲ့အခါ ကျနော်အရမ်း ဂုဏ်ယူမိတယ်။ ကျနော်ဆွဲပြီး ရှင်းပြတဲ့ပုံက နှစ်ပုံရှိတယ်။ တစ်ပုံက ကျနော်တို့ နိုင်ငံတော်အလံ၊ အရင်တုန်းက အလံပေါ့။ အဲဒါကို ဆွဲပြီး အဲဒီအလံရဲ့ အဓိပ္ပါယ်ကို ရှင်းပြခဲ့တယ်။ နောက် တစ်ပုံက သီတင်းကျွတ် မီးထွန်းပွဲတော် အကြောင်းကို ကျနော်ပုံဆွဲပြီး ရှင်းပြခဲ့တယ်။ ကျနော် အရမ်း ဂုဏ်ယူမိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ ရိုးရာ ယဉ်ကျေးမှု အကြောင်းကို ထိုင်းလူမျိုးတွေ၊ စလုံလူမျိုးတွေကို ရှင်းပြခွင့် ရတာကြောင့်ပဲ၊ နောက်သူတို့ရဲ့ နေထိုင်မှု အကျင့်တွေ၊ ယဉ်ကျေးမှုတွေကို သိရတဲ့အခါ ကျနော် အရမ်းကိုအံသြမိတယ်။ ဥပမာ စလုံ လူမျိုးတွေက ကျွန်းတွေကလာတာ ဆိုတာမျိုးကို သိရလို့”ဟု ပြောပြသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် ထိုင်း၊ မြန်မာနှင့် မော်ဂန် (စလုံ)ကလေးငယ်များ ချစ်ခင်ရင်းနှီးမှု ရစေရန်အတွက် ယခုလို ဆွေနွေးဖလှယ်ပွဲများနှင့် ရိုးရာ ယဉ်ကျေးမှု ဖျော်ဖြေပွဲများကို ဆောင်ရွက်ပေးလျှက် ရှိနေပြီး ထိုင်းနိုင်ငံရှိ မော်ဂန် (စလုံ)လူမျိုးများ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကိုလည်း စီမံကိန်း တခုအနေဖြင့် ဆောင်ရွက်ပေးလျှက် ရှိသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။