Home » » မလေးရှား လူ့အခွင့်အရေး ရှေ့နေအမှုအား ရုပ်သိမ်းပေးရန် ထိုင်းတွင် ဆန္ဒပြ

မလေးရှား လူ့အခွင့်အရေး ရှေ့နေအမှုအား ရုပ်သိမ်းပေးရန် ထိုင်းတွင် ဆန္ဒပြ

Written By မောင်စေတနာ on Saturday, August 27, 2011 | 10:12:00 AM



မလေးရှား နိုင်ငံရှိ အလုပ်သမား အခွင့်အရေး လှုပ်ရှားနေသည့် ရှေ့နေ တဦးအား ဂျပန် ကုမ္ပဏီတခုက အသရေ ဖျက်မှုဖြင့် တရားစွဲဆို ထားခြင်းကို ရုပ်သိမ်းပေးရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဂျပန်သံရုံးရှေ့တွင် အလုပ်သမား အခွင့်အရေး လှုပ်ရှား ဆောင်ရွက် နေသည့် ထိုင်း၊ မြန်မာ အဖွဲ့များက ယမန်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြသည်။

မလေးရှား နိုင်ငံသား လူ့အခွင့်အရေး လှုပ်ရှားနေသည့် ရှေ့နေ Mr. Charles Hector Fernandez က မလေးရှား နိုင်ငံရှိ Asahi Kosei ဂျပန် ကုမ္ပဏီတွင် အလုပ်လုပ်သည့် မြန်မာအလုပ်သမား (၃၁)ဦးအား အချိန်ပို အလုပ်လုပ်ခိုင်း နေသော်လည်း ၎င်းတို့ ရသင့် ရထိုက်သည့် လုပ်အားခကိုမူ အပြည့်အ၀ မပေးကြောင်း ၎င်းကိုယ်ပိုင် အင်တာနက် ဘလော့ဂ် စာမျက်နှာ၌ ၂၀၁၁ နှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့က ရေးသား ဖော်ပြခဲ့သည်။

ထိုရေးသားချက်သည် ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ဆိုပြီး ကုမ္ပဏီက အသရေ ဖျက်မှုဖြင့် ၎င်းရှေ့နေအား လျော်ကြေးငွေ အမေရိကန် ဒေါ်လာ (၃) ဒဿမ (၃)သန်း ပေးဆောင်စေရန် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ လာမည့် သြဂုတ်လ (၂၄)ရက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် တရားရုံးတွင် ၎င်းအမှုကို ကြားနာ စစ်ဆေးမည် ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ယမန်နေ့ နံနက် (၁၀)နာရီကျော်တွင် ထိုင်းအလုပ်သမား အဖွဲ့များနှင့် မြန်မာ အလုပ်သမား အဖွဲ့များမှ လူအင်အား (၂၀)ခန့်က ထိုင်းနိုင်ငံ ဂျပန်သံရုံးရှေ့၌ ယခုကဲ့သို့ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသားများ အဖွဲ့(BAT) မှ ကိုနေလင်းအောင်က ပြောပြသည်။

“ရှေ့နေအပေါ် တရားစွဲဆိုပြီး ဒေါ်လာ သန်းချီ တောင်းဆိုထားတဲ့ အမှုကို ရုပ်သိမ်းပေးဖို့ ရေးထားတဲ့ ပိုစတာတွေ ကိုင်ပြီးတော့ ကြွေးကြော် ကြတယ်။ ဂျပန် အစိုးရ အနေနဲ့ (ဒီတရားစွဲဆိုမှု အပေါ်) လျစ်လျူ မရှုဖို့ ရေးထားတဲ့ စာတစ်စောင်ကို သံရုံးကို ပေးခဲ့တယ်။ တာဝန်ရှိသူ တစ်ယောက် ထွက်လာပြီးတော့ ယူတယ်’’ဟု ၄င်းက ပြောသည်။

ထိုင်းနိုင်ငံရှိ အလုပ်သမား လှုပ်ရှားမှု ကွန်ရက် (Action Network for Migrant -ANM) အဖွဲ့မှ ဦးထူးချစ်ကလည်း “ဒီလို တရားစွဲဆို ထားမှုကို လုံးဝ ရပ်တန့် ရုပ်သိမ်းဖို့ အတွက် ကျနော်တို့ အားလုံး စုပေါင်း တောင်းဆိုကြတာ ဖြစ်ပါတယ်”ဟု ပြောသည်။

တချိန်တည်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဂျပန် ကောင်စစ်ဝန် ရုံးသို့လည်း ချင်းမိုင် အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသည့် မက်ဖောင်ဒေးရှင်းမှ ဦးဆောင်ကာ အဆိုပါ အမှုအား ရုပ်သိမ်းပေးရန် ဂျပန်အစိုးရ အနေဖြင့် ကုမ္ပဏီအား တိုက်တွန်း သင့်ကြောင်း ရေးသားထားသည့် စာတစ်စောင်ကို ပေးပို့ခဲ့သည်ဟု သိရသည်။

Source by :http://www.ghre.org/mm/news/632-2011-08-18-10-03-09/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။