Home » » မလေးမှ ဒုက္ခသည်များ ပြန်ပို့ခံရမည်ကို စိုးရိမ်

မလေးမှ ဒုက္ခသည်များ ပြန်ပို့ခံရမည်ကို စိုးရိမ်

Written By မောင်စေတနာ on Thursday, August 25, 2011 | 8:11:00 PM



မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၊ အာဏာပိုင်တို့ထံတွင် ယမန်နေ့က လက်ဗွေနှိပ်၊ ဓာတ်ပုံအရိုက်ခံခဲ့သော မြန်မာပြည်သား ဒုက္ခသည်များသည် နေရပ်ရင်းသို့ ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြသည်။

ကွာလာလမ်ပူရှိ ပူထရာဂျာရာ လ၀ကရုံးတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တချို့ကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်ဗွေနှိပ်တယ်၊ ဓာတ်ပုံရိုက်တယ်၊ ပြီးတော့ ကွန်ပျူတာထဲက ထွက်လာတဲ့ စာရွက်တွေထဲမှာ မိမိနိုင်ငံသို့ ပြန်ရန် ဆိုပြီးတော့ ရေးထားတာ တွေ့ရတယ်၊ ကိုယ်ကတော့ မလေးလို သိပ် မတတ်ဘူး၊ သိတဲ့ လူတွေကို မေး ကြည့်တော့ အဲဒီလို ပြောတယ်” ဟု ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသည့် မရွှေဇင်က ဧရာဝတီသို့ ပြောသည်။

ယင်း အကြောင်း အရာနှင့် ပတ်သက်၍ ပူထရာဂျာရာရှိ လ၀က ရုံးသို့ ဆက်သွယ်ခဲ့ရာ အသေးစိတ် ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ ကွာလာလမ်ပူရှိ UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင်လည်း လက်ခံ ဖြေကြားမည့်သူ မရှိပေ။

ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသော မြတ်ကိုကိုက “UNHCR နဲ့ မလေးရှား လ၀က က လုပ်လိုက်တဲ့ အစီအစဉ်ကြောင့် မြန်မာတွေ ဒုက္ခရောက်နေတယ်၊ သူတို့ တခုခုတော့ ရှင်းလင်းချက် ထုတ်သင့်တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မေလက သြစတြေးလျသို့ ခိုလှုံရန် စတင်ရောက်ရှိလာမည့် ဒုက္ခသည် ၈၀၀ ကို ကုလသမဂ္ဂ တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် မလေးရှားသို့ ပို့ဆောင်ရန် သဘောတူခဲ့သည်။

အပြန်အလှန်အနေဖြင့် သြစတေးလျနိုင်ငံသည် လာမည့် ၄ နှစ် အတွင်း မလေးရှား၌ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီးသူ ၄၀၀၀ ကို လက်ခံပေးမည်ဖြစ်သည်။ ယင်းဒုက္ခသည်များ အနက် အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များသည် တတိယနိုင်ငံများသို့ သွားရောက်နေထိုင်ခွင့်ရရန် စောင့်ဆိုင်းနေစဉ်အတွင်း ပြင်ပတွင် အလုပ်လုပ်ပိုင်ခွင့် ရရှိကြသည်။

ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံရသူများသည် UNHCR ၏ အစီအစဉ်ဖြင့် တတိယနိုင်ငံများ ဖြစ်သည့် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ နယူးဇီလန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံတွင် သွားရောက် အခြေချနေထိုင်ခွင့် ရကြသည်။

ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ သဘောတူစာချုပ်တွင် မလေးရှားနိုင်ငံက လက်မှတ် ရေးထိုးထားခြင်း မရှိကြောင်း သိရသည်။

သို့သော်လည်း ၂၀၁၁ မေ အထိ မလေးရှားနိုင်ငံ UNHCR တွင် ဒုက္ခသည် အဖြစ် လျှောက်ထားသူ ၉၄၀၀၀ ခန့် ရှိကြောင်း သိရသည်။

Source by :http://www.irrawaddy.org/
Share this article :

1 comments:

Anonymous said...

ကျွန်တော်လဲ UNHCR မှတ်ပုံတင်ထားသူပါ၊ ကဒ်မရသေးပါ၊ စာရွက်ပဲ ရပါသေးတယ်။
မလေးရှာ လ၀က ရုံးမှာ ၂၆ ရက် သောကြာနေ့က လက်ဗွေ သွားနှိပ်ပါတယ်၊ လက်ဗွေနှိပ်ပြီး မှတ်ပုံတင် စာရွက်တရွက် ပြန်ပေးပါတယ်။
အဲဒီမှာ Tujuan: ဆိုတဲ့နေရာမှာ PULANG KE NEGARA ASAL လို့ ရေးထားပါတယ်၊ နိုင်ငံသားတယောက်ကို မေးကြည့်တော့ " မိမိနေရင်း နိုင်ငံသို့ ပြန်ရန် မဖြစ်နိုင်ပါ "
လို့ ရေးထားတာလို့ ပြောပါတယ်။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။