အာဆင်နယ် ကွင်းလယ်လူ အဲလက်စ်ဆောင်းသည် ကျောင်းသားတစ်ဦးအား ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး ယင်းဖြစ်ရပ် အတွက် ထောင်ဒဏ် ကျခံရဖွယ် ရှိနေကြောင်း သိရသည်။
ပရီးမီးယားလိဂ် ရာသီ ကုန်ဆုံးပြီးနောက် ပြီးခဲ့သည့် ဇွန်လအတွင်းက ကင်မရွန်းနိုင်ငံသို့ အားလပ်ရက် ပြန်ခဲ့ရာ၌ ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကင်မရွန်းနိုင်ငံ၊ ဒူအာလာမြို့ရှိ အရက်ဘားတစ်ခုတွင်
အဲလက်စ်ဆောင်းသည် သူ၏ သက်တော်စောင့်များနှင့်အတူ ယင်းကျောင်းသားအား ထိုးကြိတ်ခဲ့သည်ဟု စွပ်စွဲခံနေရခြင်း ဖြစ်သည်။ ယခုအခါ မူအာဟာဟု အမည်ရသည့် ယင်းကျောင်းသားက ဆောင်းနှင့်အဖွဲ့ကို တရားစွဲဆိုထားပြီး သြဂုတ်လ (၁၈) ရက်နေ့တွင် ယင်းအမှုကို စတင် ကြားနာမည် ဖြစ်ကြောင်း သိရှိရသည်။
အဲလက်စ်ဆောင်းသည် လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းမှု မခံရသေးသော်လည်း ပြစ်မှု ထင်ရှားပါက ထောင်ဒဏ်(၂)နှစ် အထိ ကျခံရနိုင်ကြောင်းလည်း သိရှိရသည်။ မူအာဟာက 'ကျွန်တော် အရက်ဘားကို ကျွန်တော့်ရဲ့ ချစ်သူနဲ့ သွားခဲ့တာပါ။ သူ(မူအာဟာရဲ့ ချစ်သူ) ရေချိုးခန်း ၀င်သွားပြီး (၁၅) မိနစ်ကြာတဲ့ချိန် အထိ ပြန်မလာလို့ ကျွန်တော် စိုးရိမ်ပြီး လိုက်သွားခဲ့ပါတယ်။အဲဒီမှာ အဲလက်စ်ဆောင်းရဲ့ သက်တော်စောင့် (၂) ယောက်က အထဲမှာ အဲလက်စ်ဆောင်း ရှိနေလို့ ကျွန်တော် ၀င်လို့မရဘူးလို့ တားဆီးခဲ့ပါတယ်။ အဲဒီနောက် အဲလက်စ်ဆောင်း ဒေါသတကြီး ထွက်လာပြီး ကျွန်တော့်ကို သူတို့တွေ ထိုးကြိတ်ပါတော့တယ်။ အဲဒီနောက် ကျွန်တော် ဆေးရုံရောက်ခဲ့ပါတယ်'ဟု ပြောကြားခဲ့သည်။
အဲလက်စ်ဆောင်း၏ ရှေ့နေ တစ်ဦးကမူ 'သူ့(အဲလက်စ်ဆောင်း)ကို အော်တိုလက်မှတ် ၀ိုင်းရေးခိုင်းတဲ့ ပရိသတ်တွေထဲမှာ အမျိုးသမီး တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ တရားလို(မူအာဟာ)က စပြီး ပြဿနာရှာလို့အဲလက်စ်ဆောင်းရဲ့ သက်တော်စောင့်တွေက တုံ့ပြန်ခဲ့တာပါ။ သူ့ကို အဲလက်စ်ဆောင်း လုံးဝ ထိခဲ့ခြင်း မရှိပါဘူး'ဟု တုံ့ပြန်ခဲ့သည်။
Source by :http://sports.news-eleven.com/
0 comments:
Post a Comment