Home » » တေးရေး ရယ်ဂျီနှင့် တွေ့ဆုံခြင်း ....

တေးရေး ရယ်ဂျီနှင့် တွေ့ဆုံခြင်း ....

Written By မောင်စေတနာ on Friday, April 22, 2011 | 1:13:00 PM

e436‘ဓာတ်ပြားဟောင်းကြီး၊ မလာပါနဲ့၊ လက်ခံပေးပါ ‘ စတဲ့ သီချင်းတွေကိုကြားတာနဲ့ ယနေ့ နာမည်ကျော် ရောခ့်စတားတစ်ဦးဖြစ်တဲ့ မျိုးကြီးရဲ့ အအောင်မြင်ဆုံး သီချင်းတွေဆိုတာ သိနေကြမှာပါ။ ဒီသံစဉ်၊ ဒီတေးသွားတွေကို မွေးဖွား သက်ဝင်စေခဲ့သူကတော့ တေးရေး ရယ်ဂျီဆိုသူပဲ ဖြစ်ပါတယ်။ ခရစ်ယာန် ဓမ္မတေးသီချင်းတွေကို ရေးသားရင်း၊ အင်္ဂလိပ်သီချင်းတွေကို သီဆိုရင်းနဲ့ ဂီတလောကအတွင်း တစ်စထက်တစ်စ တိုးဝင်လာသူ ရယ်ဂျီနဲ့အတူ သံစဉ်တေးသွားကြား သူပေးချင်တဲ့ ခံစားချက်တွေက ဒီလိုပါတဲ့ . . .

မေး - ဘယ်လိုအခြေအနေကြောင့် သီချင်းတွေကို ရေးသားဖို့ စိတ်ကူးမိခဲ့ တာလဲ။

ဖြေ - ငယ်ငယ်လေးကတည်းက ဘုရားကျောင်းမှာ ဓမ္မသီချင်းနဲ့ပတ်သက်ပြီး တီးဆိုတာတွေ ရှိခဲ့တယ်။ သီချင်းတွေကို အရမ်းနားထောင်တယ်။ ကြီးလာတဲ့အခါမှာ နားထောင်ရင်း နားထောင်ရင်းနဲ့ ဒီထက်မက နားထောင်ချင်တဲ့ပုံစံလေးတွေ စိတ်မှာ ဖြစ်လာတဲ့ အဲဒီအခါမှာ စိတ်မှာရှိနေတဲ့ သံစဉ်တွေနဲ့အတူ သီချင်းတွေရေး ဖြစ်သွားတာပါ။ပထမတုန်းက ရေးတာက အသင်းတော်အတွင်း ကန့်သတ် ခွေတွေကိုပဲ ရေးဖြစ်တာ။ ၁၉၉၉ လောက်ရောက်မှ တေးရေးသူတစ်ယောက်အနေနဲ့ ရေးဖြစ်ခဲ့တာပါ။

မေး - တချို့တေးရေးတွေအတွက် သီချင်းတွေ ကို လေ့လာကြည့်မယ်ဆိုရင် သူတို့ဘ၀တွေကို ရှာတွေ့နိုင်တယ်လို့ ဆိုကြတယ်။ ကိုရယ်ဂျီ သီချင်းတွေက ဘယ်အရာတွေကို ညွှန်ပြနိုင် မလဲ။

ဖြေ - ကျွန်တော့်သီချင်းတွေက ကျွန်တော့်ဘ၀ထက် ကျွန်တော့် ပတ်ဝန်းကျင်က အဖြစ်အပျက်တွေ အကြောင်းကိုသိရမှာပါ။ ကျွန်တော် က သီချင်းရေးရင် ဇာတ်လမ်းတစ်ပုဒ် လို ရေးချင်တယ်။ စကားပြေရေးရတာ ပိုအားသန်တယ်။ တကယ်လို့သာ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် သီချင်းတွေအားလုံးကို စဉ်လိုက်ရင် အကြောင်းအရာတစ်ခု၊ ဇာတ်အိမ်တစ်ခုကို တင်ပြတာမျိုးတွေ ဖြစ်ချင်တယ်။

မေး - တေးရေးမတိုင်ခင်က သီချင်းတွေ ဆိုခဲ့တဲ့ အစ်ကိုအတွက် အနာဂတ်အစီအစဉ်မှာ တေးရေး၊ တေးဆိုဖို့ ရည်မှန်းထားသေးလား။

ဖြေ - သီချင်းစရေးဖြစ်တာက ကော်ပီပေါ့။ ဇော်ပိုင်အတွက် ရေး ဖြစ်တာ။ အရင်က အချစ်သီချင်း တစ်ခါမှ မရေးဖူးဘူး။ အဲဒီလိုအချိန် ကတည်းက ကိုယ့်ဖာသာကိုယ်ဆိုမယ်ဆိုပြီး ဒီလိုပဲရေးဖြစ်တာပဲ။ ခွေလုပ်ဖို့ဆိုတာက အကြောင်းမတိုက်ဆိုင်တာရော၊ ငွေရေးကြေးရေးရော လိုသေးတဲ့အတွက် အရေးဘက်ပဲ လုပ်နေဖြစ်တာပါ။ တစ်ချိန်ချိန်မှာ ခွေလေး တစ်ခွေလုပ်ဖို့တော့ စဉ်းစားထားတယ်။

မေး-ကိုယ်ကအသစ်အသစ်တွေ နားထောင်ချင် လို့ သီချင်းရေးဖြစ်ရာကနေ ကော်ပီကို စပြီးရေး ဖြစ်တဲ့ အချိန်ခံစားချက်က ... . .

ဖြေ-တကယ်ကြောက်ဖို့ ကောင်းတယ်။ ကိုယ်ကကိုယ်ပိုင်သံစဉ်တွေပဲ ရေးလာတာ။ အခုရေးရမှာက ကော်ပီ၊ ကော်ပီဆိုတာက တကယ့်ကိုကောင်းတဲ့အတွက် အားလုံးလက်ခံတဲ့ အနေအထား ဖြစ်လာတာ၊ ရှေ့မှာလည်း တေးရေးဆရာ ကြီးတစ်ယောက်က ရေးပြီးသားဆိုတော့ ကြိုးစားပြီးရေးခဲ့တာ။ ဒီအခွင့် အရေးမှမယူရင်လည်း လမ်းစကမရှိဘူး ဆိုတော့လေ။

မေး - လက်ရှိ ခေတ်ရေစီးမှာဆိုရင် တေးရေး ဆရာတစ်ဦးအတွက် ဘယ်လိုအရာတွေက အဓိက အရေးပါတယ်လို့ မြင်လဲ။

ဖြေ -ပျော်ဝင်ခံစားလွယ်ရမယ်။ ကိုယ်ချင်းစာတတ်ရမယ်ပေါ့။ ဒါမှလည်း ကိုယ်တင်ပြချင်တဲ့ ခံစားမှုဆီ ရောက်မှာပေါ့။ ကျွန်တော်အနေနဲ့က တူရိယာပိုင်း အားနည်းပါတယ်။ ဒါကြောင့် ကိုယ်ရေးနိုင်တဲ့အပိုင်း၊ ကိုယ်လိုချင်တဲ့အပိုင်းကို ရှင်းရှင်းလင်းလင်း သွားပါတယ်။

မေး - သီချင်းတွေက အချစ်ကိုပဲ အခြေခံပြီး ပုံစံအမျိုးမျိုးတင်ပြတဲ့ အပေါ်မှာ အစ်ကို က သရော်ဟန်နဲ့ တင်ပြတာမျိုးတွေ တွေ့ရပါတယ်။ အစ်ကိုရဲ့ ခံစားချက်လေးကို သိပါရစေ။

ဖြေ - သီချင်းတွေကတော့ အချစ်ကိုပဲ အမျိုးမျိုးမတူအောင် ရေးရတာပေါ့။ အဲဒီအထဲမှာမှ အလွမ်းဘက် သွားတာမျိုး၊ ရယူခြင်းပေးဆပ်ခြင်း ပေါ့။ ကျွန်တော်ကျတော့ ပေါင်း စပ်ချင်တာ။ အဲဒီအတွက်သီချင်း တွေမှာ အတူတူနေချင်တယ်ဆိုတဲ့ အပိုင်းဘက်ကို သွားတယ်။ ကျွန်တော်သီချင်းတိုင်းက အတူနေဖို့ကို ပိုဦးစားပေးတယ်။ အဲဒါကိုရိုးရိုး တင်ပြပုံထက် လှောင်ပြောင်ဟန်၊ခနဲ့ ဟန်နဲ့ကွဲအောင်တင်ပြတဲ့ သဘော ပါ။

မေး - ခုနောက်ပိုင်းမှာ တချို့တေးရေးတွေက အဆိုတော်တစ်ယောက်ရဲ့ပုံစံခွက်အတွင်းဝင် အောင် ဖန်တီးရေးလာတာမျိုးတွေ ရှိကြတယ်။ အစ်ကိုအနေနဲ့ သီချင်းအရောင်းအ၀ယ်ကို ဘယ်လိုပုံစံမျိုးနဲ့ ပြုလုပ်ပါသလဲ။

ဖြေ - ကျွန်တော်ကတော့ သီချင်းတွေကို အပ်မှရယ်မဟုတ်ဘူး။ စိတ်ထဲရှိရင် ချရေးလိုက်တာပေါ့။ လာဝယ်တဲ့အခါ ဆိုရင်တော့ လိုက်တာ ကိုရွေးပြီးပြတာမျိုး ရှိပါတယ်။ တစ်ခု တော့ရှိတာပေါ့။ တစ်ခါတလေ တေးရေးသူက သူလိုချင်တာ၊သူတင် ပြချင်တာချည်း လုပ်ထားရင်လည်း သီဆိုသူဘက်က အဆင်မပြေတာ ရှိတာပေါ့။ အဲဒီအခါမျိုးမှာ ဘယ်လိုပြင်ချင်တယ်လို့ ပြောတာမျိုးတွေရှိတယ်။ အဲဒီအခါမှာ ပိုပြီးကောင်းတာမျိုး တွေရှိနိုင်ပါတယ်။ လုံးဝချည်း ဒီအဆိုတော်ပုံရေးမယ် ဆိုရင်တော့ မလွယ်လောက်ဘူး။


Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။