Home » » စင်ကာပူရှိ နေအိမ်မီတာခများ မြင့်တက်သွား ...

စင်ကာပူရှိ နေအိမ်မီတာခများ မြင့်တက်သွား ...

Written By မောင်စေတနာ on Thursday, April 21, 2011 | 6:08:00 PM



စင်ကာပူရှိနေအိမ်မီတာခဈေးများ လပိုင်းအတွင်းမြင့်တက်သွားခြင်းသည် စင်ကာပူရှိ မြန်မာအလုပ်သမားများ၏ နေထိုင်မှုစရိတ်အပေါ် ရိုက်ခတ်မှု ရှိလာမည်ဖြစ်ကြောင်း စင်ကာပူရောက်မြန်မာများက ဆိုပါသည်။

ဧပြီလ ၁ရက်နေ့မှ စတင်၍ လက်ရှိကောက်ခံသည့်နှုန်းထက် ၆ဒသမ ၁ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်း ဖြစ်ကြောင်း စင်ကာပူရှိ လျှပ်စစ်ဌာနက ကြေညာခဲ့သည်ဟု စင်ကာပူနေ့စဉ်ထုတ် သတင်းစာမျးတွင် ဖော်ပြချက်များအရ သိရသည်။

ကမ္ဘာ့ရေနံစိမ်းဈေး အပြောင်းအလဲများကြောင့် ယခုကဲ့သို့ မီတာခများ တိုးမြှင့်လိုက် ခြင်းမှာ စင်ကာပူ နိုင်ငံသားများ အတွက် သိသာမှု မရှိနိုင်သော်လည်း စင်ကာပူရှိ တိုက်ခန်းများ၌ ဌားရမ်းနေထိုင်ရသည့် မြန်မာများအတွက်တွင်မူ များစွာသက်ရောက်မှု ရှိကြောင်း စင်ကာပူရှိ သင်္ဘောလိုင်းတစ်ခု၌ လုပ်ကိုင်နေသည့် Accountant မသူသူက ပြောပြခဲ့ပါသည်။

ထို့ပြင် အဲယားကွန်းအခန်းများတွင် နေထိုင်သူများမှာမူ မီတာခပိုမိုပေးဆောင်ရပြီး စင်ကာပူနိုင်ငံသား အိမ်ရှင်သို့ တစ်လလျှင် မီတာခ ပေးဆောင်ရသည်မှာ လူတစ်ဦး လျှင် စင်ကာပူဒေါ်လာ ၅၀ ကျော် ဖြစ်သည်ဟု သိရသည်။

“နှစ်ယောက်ခန်း သုံးခန်းမှာ လူခြောက်ယောက်နေတယ်ဆို တစ်ဦးကို ဒေါ်လာ ၅၀ လောက် ကျတယ်။ အခုဈေးတက်တယ်ဆိုတော့ အိမ်ရှင်တွေက တိုးကောက်ဦးမှာပဲ။ နေထိုင်စရိတ်က အရမ်းကို ဈေးကြီးတယ်” ဟု စင်ကာပူရှိ Woodlands Circle Road တွင် နေထိုင်သူ ဦးကိုကို က ဆိုပါသည်။

မကြာသေးမီက ပြောင်းလဲလိုက်သည့် စင်ကာပူရှိ S Pass နှင့် EP ကိုင်ဆောင်ထား သော နိုင်ငံခြားသား အလုပ်သမားများ၏ အခြေခံလစာများ တိုးမြှင့်မည့် နောက်ပိုင်း တွင် ယခုကဲ့သို့ ထုတ်ပြန်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း နှင့် ယခုကဲ့သို့ တိုးမြှင့်လိုက်ခြင်းမှာ ဧပြီမှ ဇွန်လ အထိ အကျုံးဝင်ကြောင်း သိရှိရ ပါသည်။ ထို့ပြင် နောက်လာမည့် လများအတွင်း ကမ္ဘာ့ရေနံဈေး အတက်အကျပေါ်မူတည်ကာ ဈေးနှုန်း အပြောင်းအလဲများ ရှိလာနိုင်မည်ဖြစ်ကြောင်း စင်ကာပူနေ့စဉ်ထုတ် သတင်းစာမျက်နှာ များတွင် ဖော်ပြထားပါသည်။

“စင်ကာပူမှာ မီတာခကတော့ လပိုင်းအတွင်း အတက်အကျအမြဲလိုဖြစ်တယ်။ စင်ကာပူနိုင်ငံသားတွေရဲ့ တိုက်ခန်းတွေမှာ ဌားနေရတဲ့ မြန်မာတွေအတွက်တော့ ဈေးတိုးပြီးရင် ကျလေ့သိပ်မရှိတော့ မီတာခအခုလို တက်လိုက်တာဟာ ကောင်းတဲ့ သတင်းမဟုတ်ပါဘူး” ဟု စင်ကာပူတွင် မာစတာတက်နေသည့် မြန်မာလူငယ် တစ်ဦးက ပြောပါသည်။

စင်ကာပူအစိုးရမှ ၎င်းနိုင်ငံသား အိမ်ထောင်စုများအတွက် ထောက်ပံ့ကြေးငွေ U-Save အရ မီတာခနှုန်းထားများ မြင့်တက်ခြင်းမှာ သက်ရောက်နိုင်မည် မဟုတ်သော်လည်း အခန်းဌားနေထိုင်ကြသည့် နိုင်ငံခြားသားများနှင့် အမြဲတမ်းနေထိုင်ခွင့်ရသည့် မြန်မာ များအပေါ်တွင်မူ များစွာသက်ရောက်မူရှိလာနိုင်ကြောင်း စင်ကာပူ၌ ၂၀၀၅ခုနစ်မှ စတင် ရောက်ရှိနေသူ မြန်မာလူငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။

Source by :Weekly Eleven
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။