Home » » ထိုင်း လေယာဉ်ခ ဈေးတက်မည်။

ထိုင်း လေယာဉ်ခ ဈေးတက်မည်။

Written By မောင်စေတနာ on Tuesday, March 15, 2011 | 6:39:00 PM

ကမ္ဘာ့လောင်စာဆီဈေး မြင့်တက်မှုကြောင့် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ပြေးဆွဲနေသည့် Thai Airways International လေကြောင်းလိုင်း၏ အပြည်ပြည်ဆိုင်ရာ ခရီးစဉ် လေယာဉ် လက်မှတ်နှုန်းထားများ တိုးမြှင့်မည်ဟု သိရသည်။

a346tha400ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း ဆာကူရာတာဝါရှိ Thai Airways (ရုံးခွဲ) တာဝန်ရှိသူတဦးက ပြည်ပ ခရီးစဉ် လေယာဉ်လက်မှတ် ဈေးနှုန်းများတိုးမြှင့်မည်မှာ မှန်ကန်ကြောင်းနှင့် တိုးမြှင့်သတ်မှတ်မည့် တန်ဖိုးကိုမူ မသိရသေးကြောင်း ပြောသည်။

“ရန်ကုန်-ဘန်ကောက်-ရန်ကုန် (၃ လ အသွားအပြန်) ခရီးစဉ်ကို အရင်က ၂၈၅ FEC သတ်မှတ် ထားပါတယ်။ အခု ဘယ်လောက် ထပ်တိုးမယ် ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် လေယာဉ်ဆီဈေး ပြန်ကျသွားရင် လေယာဉ်လက်မှတ်တန်ဖိုး မူလအတိုင်း ပြန်ချပေးပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။



လေယာဉ် လက်မှတ်နှုန်းထားများကို လာမည့် မတ် ၁၈ ရက်နေ့ စတင် တိုးမြှင့်ရန် ညွှန်ကြားချက်များ ရန်ကုန်အခြေစိုက် Thai Airways လေကြောင်းလိုင်း လက်မှတ် အရောင်းဌာနများသို့ ပေးပို့ထားသည်ဟု ရန်ကုန်မြို့Sun Far Travels & Tours Co, Ltd မှ တာဝန်ရှိသူ တဦးကလည်း ပြောဆိုသည်။

၎င်းက “လေယာဉ်ဆီဈေး မြင့်တက်နေလို့ အခုလို နိုင်ငံတကာခရီးစဉ် လေယာဉ်လက်မှတ်နှုန်းထားတွေ တိုးမြှင့်ရခြင်း ဖြစ်ပါတယ်။ ဘယ်ရွေ့ဘယ်မျှ တိုးမြှင့်မယ် ဆိုတာတော့ ညွှန်ကြားချက် အတိအကျ ရောက်မလာသေးပါဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ - ဇန်န၀ါရီ ကန့်သတ်ကာလ High Season ခေါ် ခရီးသွားလုပ်ငန်း မြင့်တက်လေ့ရှိသော ပွင့်လင်းရာသီ အတွင်းကလည်း Silk Air နှင့် MAI နိုင်ငံတကာ လေကြောင်းလိုင်းများ လေယာဉ် လက်မှတ်နှုန်းထား တိုးမြှင့်မှုများ ပြုလုပ်ခဲ့ သည်။

“ရန်ကုန်-စင်ကာပူ-ရန်ကုန် Silk Air လေယာဉ်လက်မှတ် တန်ဖိုးကို ဒီဇင်ဘာ ၂၃ ကနေ ဇန်န၀ါရီ ၅ ရက် သတ်မှတ်ကာလအတွင်း အရင်ထက် FEC ၂၀ မြင့်တက်သွားတယ်။ ဘန်ကောက်-ရန်ကုန်-ဘန်ကောက် MAI လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ကနေ ဇန်န၀ါရီ ၅ ရက်အတွင်း FEC ၃၀ ဈေးမြင့်ခဲ့တယ်။ MAI ရန်ကုန်-စင်ကာပူ-ဘန်ကောက်လိုင်း ဆိုရင် ဒီဇင်ဘာ ၂၃ ကနေ ဇန်န၀ါရီ ၅ ရက်အတွင်း FEC ၂၀ ဈေးမြင့်ခဲ့တယ်”ဟု ရန်ကုန်မြို့ Advance Palace ခရီးသွား လုပ်ငန်းက ဆိုသည်။

သို့သော် အထက်ပါ ကန့်သတ်ရက်များအတွင်း၌သာ လေယာဉ်လက်မှတ် နှုန်းထားများ တိုးမြှင့်ခြင်းဖြစ်ပြီး ၎င်း၏နောက်ပိုင်း ကာလများ၌ ပုံမှန်နှုန်းထားအတိုင်း ဖြစ်ကြောင်း၊ လေယာဉ်ဆီဈေးနှုန်း တိုးမြှင့်လာခြင်းကြောင့် Silk Air လေကြောင်းလိုင်းသည် ဒီဇင်ဘာ ၁ ရက်မှစ၍ ယခင်သတ်မှတ်နှုန်းထားထက် ၃ FEC တိုးမြှင့်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) အနေဖြင့် ရန်ကုန်-ဘန်ကောက်၊ ရန်ကုန်-စင်ကာပူ၊ ရန်ကုန်-ကွာလာ လမ်ပူ၊ ရန်ကုန်-ဗုဒ္ဓဂယာ ခရီးစဉ်များအပြင် ဘန်ကောက်-စင်ကာပူ-ဘန်ကောက် ခရီးစဉ်များကိုလည်း ပြေးဆွဲလျက်ရှိသည်။

ထို့အပြင် ပြည်ပခရီးစဉ်တိုးချဲ့မှုများအဖြစ် ရန်ကုန်-ကမ္ဘောဒီးယား(တိုက်ရိုက်) လေကြောင်းလိုင်းကို ဖေဖော်ဝါရီ ၂၃ ရက်၊ ရန်ကုန် - တရုတ်နိုင်ငံ(ကွမ်ကျိုး) လေကြောင်းလိုင်းကို မတ် ၃ ရက်နေ့များမှ စတင်ပြေးဆွဲပေးလျက်ရှိသည်ဟု MAI တာဝန်ရှိသူက ဆို သည်။

MAI တာဝန်ရှိသူကပင် “ပြည်တွင်း ခရီးစဉ် ၂၅ ခုကို လေယာဉ် ၉ စီးနဲ့ ပြေးဆွဲပေးလျက်ရှိပါတယ်။ လေယာဉ်လက်မှတ်နှုန်းထား
တွေကတော့ အနည်းငယ် မြင့်တက်ခဲ့ပါတယ်။ ခရီးစဉ်အလိုက် ၁၆ FEC တိုးမြှင့်ခဲ့ရပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ လေယာဉ်ဆီဈေး မြင့်တက်နေချိန် MAI အနေဖြင့် ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်တန်ဖိုး ထပ်မံတိုးမြှင့်ရန် လတ်တလော အစီအစဉ် မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။

ပုဂ္ဂလိက လေကြောင်းလိုင်းများဖြစ်ကြသော အဲ ပုဂံ၊ အဲ မန္တလေး၊ Asia Wing တို့အနေဖြင့်လည်း ယနေ့အထိ အပြည်ပြည်ဆိုင်ရာ ခရီးစဉ် လေယာဉ်လက်မှတ်နှုန်းထားများ တိုးမြှင့်ခြင်း မပြုသေးကြောင်း သိရသည်။

Source by : http://www.bur.irrawaddy.org/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။