Home » » ကာလတို သင်တန်းများတက်ပြီး ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများ အဆင်မပြေမှုများနှင့် ပိုမိုကြုံတွေ့

ကာလတို သင်တန်းများတက်ပြီး ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများ အဆင်မပြေမှုများနှင့် ပိုမိုကြုံတွေ့

Written By မောင်စေတနာ on Thursday, December 2, 2010 | 7:35:00 AM

ကာလတို သင်တန်းများတက်ကာ ပြည်ပသို့ထွက်ခွာသွားသူများ ယခုအချိန်တွင် ရောက်ရှိသောနိုင်ငံများမှ ပြန်လာရသည့်အပြင် အချို့မှာအလုပ်ရရှိသော်လည်း လုပ်ငန်း မကျွမ်းကျင်မှုများကြောင့် အဆင်မပြေမှုများ ရှိနေကြောင်း ပြည်ပနိုင်ငံများရောက် မြန်မာလူငယ်များနှင့် မကြာသေးမီက ပြန်လည် ရောက်ရှိလာသူများ ထံမှ စုံစမ်းသိရှိရပါသည်။

ယခုအခါ အလုပ်အကိုင်ဖြင့် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသောသူများထဲတွင် အချို့သောသူများသည် နိုင်ငံခြားထွက်ရန်ကာလတို အချိန်ပိုင်းသင်တန်းများတက်ကာ ထွက်ခွာခဲ့ခြင်းများကြောင့် လုပ်ငန်း မကျွမ်းကျင်ခြင်းများ အဓိက ကြုံခဲ့ကြရသည်ဟု သိရသည်။

"အရင်က စင်ကာပူကို Auto CAD နဲ့ အလုပ်ရတဲ့သူတွေရှိလို့ အလျင်အမြန် Auto CAD တက်ပြီး အလုပ်လျှောက်တယ်။ အင်ဂျင်နီယာ ဘာသာရပ်နဲ့ မဆိုင်တဲ့သူတွေကလည်း Auto CAD နဲ့ အလုပ်ရတယ်ဆိုတိုင်း သွားခဲ့ကြတဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်။ အဲဒီတော့ ဟိုမှာအလုပ်ပေးနိုင်တာထက် ပိုပြီးလျှောက်မိလို့ အလုပ်မရဘဲ ပြန်လာရတဲ့သူတွေရှိခဲ့တယ်။



အခုဆို နိုင်ငံတိုင်းက အမှန်တကယ် အရည်အချင်း ရှိတဲ့သူတွေကိုသာ စိစစ်ခေါ်ယူနေတာကြောင့် ကာလတိုတွေနဲ့ သွားတဲ့သူတွေတိုင်း အဆင်ပြေနိုင်မှာ မဟုတ်ကြပါဘူး"ဟု စင်ကာပူ ပညာရေးနှင့် အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူက ရှင်းပြခဲ့သည်။

အများအားဖြင့် စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့သာ ကာလတိုသင်တန်းများ တက်ရောက်ပြီး ထွက်ခွာကြသူများ ရှိကြကြောင်း သိရှိရပါသည်။

၂၀၀၆ ခုနှစ်က ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ ဖွင့်လှစ်သော ကာလတိုနိုင်ငံခြားသွား အမြန်သင်တန်း တက်ရောက်၍ ပြည်ပထွက်ခွာခဲ့သူ မြန်မာအမျိုးသားတစ်ဦး က"မလေးရှားကို ကျွန်တော့်သူငယ် ချင်းက အဆင်ပြေတယ်ဆိုလို့ ခေါ်တာနဲ့ထွက်ဖို့ အေဂျင့်ဆီ လာခဲ့တယ်။ အေဂျင့်က သူ့ဆီမှာ ဂဟေဆော်တို့၊ လက်သမားသင်တန်းတို့ တက်ပြီးထွက်ရင် အဆင်ပြေတယ်ဆိုပြီး တက်ခိုင်းခဲ့တယ်။ ကျွန်တော် အရင်က လယ်ပဲ လုပ်ဖူးတာ။ ဒါတွေနဲ့မရင်းနှီးဘူး။ ဒါနဲ့တစ်လလောက်ပဲ လက်ပူတိုက်သင်ပြီး ဟိုရောက်တော့ မလုပ်တတ်တာနဲ့ အလုပ်ရှင်က မြက်ရိတ်ခိုင်းတယ်"ဟု ပြောပြခဲ့သည်။

ယခုအခါ ပြည်ပနိုင်ငံအသီးသီးရှိ ၎င်းနိုင်ငံသားများပင်လျှင် အလုပ်လက်မဲ့ပြဿနာများနှင့် ရင်ဆိုင်နေကြရမှုကြောင့် သက်ဆိုင်ရာနိုင်ငံ အသီးသီးမှ လူဝင်မှုကြီးကြပ်ရေးမူ ၀ါဒများကိုတင်းကြပ်ကာ နိုင်ငံခြားသားဝင်ရောက်မှုကို ကန့်သတ်မှုများ ထားလာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရပ်ခြား အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ရေး မူဝါဒများ လေ့လာထားသူက ဆိုခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့ရှိ အချို့သော အေဂျင့်များသည် ၀န်ဆောင်ခ သီးသန့်သာ ပေးဆောင်ရမည်ဟု ဆိုပြီး လုပ်သားခေါ်ယူကာ အင်တာဗျူးနှင့် သင်တန်းတက်ရောက်ရန် အခမဲ့ရက်တို ပို့ချမှုများ ပြုလုပ်ပေး၍ ပြည်ပထွက်ခွာရန် လုပ်ဆောင်ပေးမှုများ ရှိနေသည်ကိုလည်း သိရှိရပါသည်။

Share this article :

1 comments:

မိုးယံ said...

စီပုံးက ဘယ်ရောက်သွားပြန်တုန်း

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။