Home » » အကယ်ဒမီခင်စိုးပိုင်ယာဉ်မတော်တဆမှုကြောင့် ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံတွင် ကုသမှု ခံယူလျက်ရှိ

အကယ်ဒမီခင်စိုးပိုင်ယာဉ်မတော်တဆမှုကြောင့် ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံတွင် ကုသမှု ခံယူလျက်ရှိ

Written By မောင်စေတနာ on Friday, November 26, 2010 | 2:25:00 PM

အကယ်ဒမီ ခင်စိုးပိုင်သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန် မြို့ တောင်ဥက္ကလာပ သစ္စာလမ်းမပေါ်၌ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်မြို့ မျက်စိအထူး ကုဆေးရုံတွင် ဆေးကုသမှုတက် ရောက်ခံယူလျက်ရှိသည်ဟု သတင်းရရှိသည်။ သရုပ်ဆောင်ခင်စိုးပိုင်၏ ညာဘက်မျက်လုံး ဒဏ်ရာမှာပြင်းထန်သဖြင့် သုံးနာရီကြာ ခွဲစိတ်ကုသခဲ့ရ ပြီး မျက်စိအစားထိုးကုသမှု ပြုလုပ်နိုင်ရန် ပြင်ဆင်သွားမည်ဟု ခင်စိုးပိုင်၏သားဖြစ်သူက ပြောပြခဲ့သည်။

"အဲဒီနေ့ ည ၈ နာရီခွဲလောက်မှာ ကြေးအိုးဝယ်မယ်ဆိုပြီးတော့ အမေတစ်ယောက်တည်း ဂျစ်ကားလေး မောင်းပြီး ထွက်သွားတာ။ ယာဉ်တိုက်မှုဖြစ်မယ့်နေရာမှာ အမေ ကကွေ့ကြောကို မှားယူမိတာလို့ပြော ပါတယ်။ ဖြစ်ပြီးပြီးချင်းမှာ ဘေးပတ်ဝန်းကျင်က သင်္ဃန်းကျွန်းဆေးရုံကို ပို့ပေးခဲ့ပါတယ်။


သွေးထွက်အရမ်းလွန်နေတဲ့အခါကျတော့ ရန်ကုန်ဆေး ရုံကြီးကို လွှဲပေးခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ နဖူးဒဏ်ရာကို ချုပ်ရတယ်။ နှုတ်ခမ်းက ခုနစ်ချက်ချုပ်ရတယ်။ လက်ကောက်ဝတ်အဆစ် ပြုတ်ထွက်သွားတယ်။ ဒါကြောင့် လက်ကို ကျောက်ပတ်တီးကိုင်ရတယ်။ အဲဒါတွေပြီးတော့မှ မျက်စိဆေးရုံကို လွှဲပြောင်းပေးလိုက်တာ ပါ"ဟု ခင်စိုးပိုင်၏ သားငယ်ဖြစ်သူ ဒေါ်လာက ပြောပြခဲ့သည်။


"ကျွန်မကို ပရိသတ်တွေ စိတ်ပူပေးကြတဲ့အတွက် အရမ်းကျေးဇူး တင်ပါတယ်။ ကျွန်မသက်သာနေပါပြီ။ ပရိသတ်ပေးတဲ့မေတ္တာကြောင့် ကျွန်မ သက်သာပါတယ်။ မျက်စိအလင်း ပြန်ရပါစေလို့လည်း ဆုတောင်းပေးစေချင်ပါတယ်။ ဒဏ်ရာတွေ အားလုံးပျောက်ကင်းသွားခဲ့ရင်တော့ ချစ်တဲ့အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရချင်ပါတယ်" ဟု ခင်စိုးပိုင်က ပြောပြခဲ့သည်။

သရုပ်ဆောင် ခင်စိုးပိုင်သည် အနုပညာလောကအတွင်း အမူအရာ ပီပြင်ပိုင်နိုင်သည့် သရုပ်ဆောင်တစ်ဦးအဖြစ် ထင်ရှားသူတစ်ဦးဖြစ်ပြီး ၁၉၈၅ ခုနှစ်တွင် 'ပန်းသီတဲ့ကြိုး' ရုပ်ရှင်ဇာတ်ကား၌ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့အကယ်ဒမီဆုကို ဆွတ်ခူးရရှိထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။