Home » » ကမ္ဘာ့ ကလေးများနေ့ ချင်းမိုင်တွင် ကျင်းပ

ကမ္ဘာ့ ကလေးများနေ့ ချင်းမိုင်တွင် ကျင်းပ

Written By မောင်စေတနာ on Sunday, November 21, 2010 | 4:57:00 PM



“ကြွေလွင့်ပန်းကလေးများ” ပြဇာတ် သရုပ်ဆောင်နေကြသည့် ကလေးများ (ဓာတ်ပုံ- ဧရာဝတီ)

စိုင်းဇွမ်ဆိုင်း
Saturday, 20 November 2010 18:20

ကလေးများကို မိသားစုနှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လုံခြုံမှု အပြည့်အဝပေးရန် လိုအပ်သည်ဟု နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးများနေ့ (Universal Children’s Day) အထိမ်းအမှတ်

်အခမ်းအနားတွင် ကလေး အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ရှိ အနုပညာခန်းမတွင် “သံဆူးကြိုးများနောက် မှ ပျံသန်းခြင်း”ဟု အမည်ပေးထားသည့် အထိမ်းအမှတ်ပွဲတခုကို နိုဝင်ဘာလ ၁၉ နှင့် ၂၀ ရက်တို့တွင် ကျင်းပကြသည်။

၎င်းအထိမ်းအမှတ်ပွဲကို ကလေး ကူးသန်းရောင်းဝယ်မှု တားဆီးရေး လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများဖြစ်သော United ACT, Anti- Trafficking Coordination Unit Northern Thailand (TRAFCORD), လူ့အခွင့်အရေး ပညာပေး ရေးဌာန(မြန်မာနိုင်ငံ) (HREIB) တို့မှ ဦးဆောင် စီစဉ်ခဲ့ခြင်းဖြစ်သည်။

HREIB မှ ဒါရိုက်တာဖြစ်သူ ကိုအောင်မျိုးမင်းက ကလေးများ၏ မိဘများအနေဖြင့် ကလေးများအပေါ် ဂရုစိုက်မှု အပြည့် အဝ မပေးနိုင်ပါက ကလေးများ၏ ဘဝရှေ့ရေးအခြေအနေ ဆိုးဝါးသွားနိုင်ကြောင်း၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း လုံလောက်သည့် စောင့်ရှောက်မှုမျိုးမပေးနိုင်ပါက ကလေးများအပေါ်တွင် များစွာ ထိခိုက်စေနိုင်ကြောင်း ပြောဆိုသည်။



“ကျနော်တို့နိုင်ငံက ကလေးတွေအတွက် တာဝန်အရှိဆုံးကတော့ အစိုးရ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်၊ နိုင်ငံတကာအသိုင်းအ ဝိုင်း ကြားမှာ ကလေးတွေရဲ့ အခွင့်အရေးကို လေးစားပါ့မယ်ဆိုပြီးတော့မှ ကလေးအခွင့်အရေးစာချုပ်မှာ လက်မှတ်ထိုး ခဲ့တယ်၊ ဒါပေမယ့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိလို့ မြန်မာနိုင်ငံမှာ ကလေးကူးသန်းရောင်းဝယ်မှုတွေ ဖြစ်နေ သလို ကလေးသေဆုံးမှုကလည်း တနှစ်ထက်တနှစ် မြင့်တက်နေပါတယ်”ဟု ကိုအောင်မျိုးမင်းက ပြောသည်။

ကမ္ဘာ့ကလေးများနေ့အဖြစ် ကျင်းပသည့် အခမ်းအနားတွင် အဓိကအစီအစဉ်တရပ်အဖြစ် “ကြွေလွင့်ပန်းကလေးများ”ဟု အမည်ပေးထားသည့် ပြဇာတ်တပုဒ်ကို မဲဆောက်မြို့ရှိ ဆာသူးလေ၊ SAW စသည့်ကျောင်းများတွင် ပညာသင်ကြားနေ သည့် မြန်မာရွှေ့ပြောင်းကလေးများက တင်ဆက်ခဲ့ကြသည်။

ယင်းပြဇာတ်တွင် ကလေးငယ်များ ကူးသန်းရောင်းဝယ်ခံရပြီးနောက် ဘဝပျက်ကြရပုံ၊ အမျိုးသမီးငယ်များကိုလည်း လိင်ဖျော်ဖြေရေး ရုံသို့ ရောင်းလိုက်သဖြင့် ဘဝပျက်ကြရပုံ၊ မိသားစုနှင့် တကွဲတပြားဖြစ်ပြီး အသက်ဆုံးရှူံးကြသည်အထိ ဆိုးဝါးပုံ တို့ကို ပီပီပြင်ပြင် သရုပ်ဆောင် ခဲ့ကြသည်။

“ကိုယ် ကိုယ်တိုင်က ကလေးတယောက် ဖြစ်နေပေမယ့်လည်း တခြားကလေးတွေ လူကုန်ကူးမှု မခံရအောင် ပညာပေးတဲ့ သဘောမျိုး လုပ်ဆောင်နေရတယ်ဆိုတော့ အရမ်း ကျေနပ်ပါတယ်”ဟု ပါဝင်ဖျော်ဖြေခဲ့သည့် မောင်ထက်ဝေယံကျော် က ဆိုသည်။


ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသူများ (ဓာတ်ပုံ- ဧရာဝတီ)

ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းကလေးများကို လိမ်လည်၍ ငါးဖမ်းလုပ်ငန်းများ၊ အသက်အရွယ် ငယ်ရွယ်သူများကို သူတောင်းစားအဖြစ် ခိုင်းစေ၍ စီးပွားရှာနေမှုများသည် အဖြစ်အများဆုံးဖြစ်သည်ဟု TRAFCORD အဖွဲ့မှ မစ္စ ဒွမ်ဝန်ဆာ က ဧရာဝတီသို့ပြောသည်။

“အသက်မပြည့်သေးတဲ့ ကလေးတွေကို လိင်ဖျော်ဖြေရေး ရုံတွေမှာ ရောင်းစားနေတာက ပြီးခဲ့တဲ့ သုံးလလောက်ကတည်း စပြီး အဖြစ်များလာတယ်၊ အဓိကကတော့ ထိုင်း-မလေးရှားနယ်စပ်မှာ အဖြစ်များနေတယ်”ဟု မစ္စ ဒွမ်ဝန်ဆာ က ဆိုသည်။

ကလေးကူးသန်းရောင်းဝယ်ရေးကို တိုက်ဖျက်ရန်အတွက် ကလေးအခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများ၊ ထိုင်း ရဲ တပ်ဖွဲ့၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ အခြားအာဏာပိုင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း သိရှိရသည်။

ကမ္ဘာ့ကလေးများနေ့ကို ၁၉၅၄ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေ ညီလာခံမှ သတ်မှတ်ပေးခဲ့သည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။