Home » » စက္ကူလေယာဉ်ချန်ပီယံ မောင်းထောင်းဒီး ထိုင်းနေထိုင်ခွင့် အယူခံတင်ရ

စက္ကူလေယာဉ်ချန်ပီယံ မောင်းထောင်းဒီး ထိုင်းနေထိုင်ခွင့် အယူခံတင်ရ

Written By မောင်စေတနာ on Saturday, September 4, 2010 | 2:07:00 PM



မြတ်ခိုင်ဦး / ၀၃ စက်တင်ဘာ ၂၀၁၀

မြန်မာနိုင်ငံသား ရှမ်းတိုင်းရင်းသားမိဘများမှ မွေးဖွား၍ ထိုင်းနိုင်ငံတွင် ကြီးပြင်းလာခဲ့သော စက္ကူလေယာဉ်ပြိုင်ပွဲ ချန်ပီယံ ထိုင်းကျောင်းသား စိုင်းမောင်းထောင်းဒီး၏ ယခုလက်ရှိ ကိုင်ဆောင်ထားသော (၁၀) နှစ် နေထိုင်ခွင့်လက်မှတ်အား ယာယီ ဆိုင်းငံ့ထားလိုက်ကြောင်း သိရသည်။

ယင်းသို့ နေထိုင်ခွင့်လက်မှတ်အား ယာယီဆိုင်းငံ့ထားပြီး တလအတွင်း ပြန်လည်၍ အယူခံတင်ရမည်ဖြစ်ကြောင်း ယမန်နေ့ထုတ် ထိုင်းသတင်း မသီချွန်တွင် ဖော်ပြသည်။

မိဘနှစ်ဦး ကိုင်ဆောင်ထားသော (၀၀) ဖြင့် စသည့် ရွှေ့ပြောင်းအလုပ်သမား သက်သေခံလက်မှတ်နှင့်ဆက်စပ်၍ စိုင်းမောင်းထောင်းဒီးသည်လည်း (၀၀) ဖြင့်စတင်သော သက်သေခံလက်မှတ်ကို လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်က ပြုလုပ်ထားရှိခဲ့သည်။ ထို့နောက် ယခုလက်ရှိ စိုင်းမောင်းထောင်းဒီး ကိုင်ဆောင်ထားသည့် (၁၀) နှစ် ယာယီနေထိုင်ခွင့်လက်မှတ် အမှတ် (၀၅၀၀၁-၈၉၀၀၀-၉၄၁) အား ၂၀၀၅ ခုနှစ်တွင် ကျောင်းသားကျောင်းသူ ကလေးငယ်များအား ပြုလုပ်ခွင့်ပေးသည့်အချိန်တွင် ထပ်မံပြုလုပ်ခဲ့သည်။



သို့အတွက် သက်သေခံလက်မှတ် (၂) ခု ကိုင်ဆောင်ထားသလိုဖြစ်နေ၍ ယခုကိုင်ဆောင်ထားသော (၁၀) နှစ် ယာယီနေထိုင်ခွင့်ဟု ခေါ်ဆိုသည့် သက်သေခံလက်မှတ်ကို ယာယီဆိုင်းငံ့ခံရမည် ဖြစ်သည့်အတွက် ကလေး၏ ပညာရေး၊ ကျန်းမာရေး အကျိုးခံစားခွင့်ကို မပျောက်ပျက်စေခြင်းအလို့ငှာ ရက်ပေါင်း (၃၀) အတွင်း လာရောက်အယူခံလွှာ တင်သွင်းရမည်ဖြစ်ကြောင်း ချင်းမိုင်ခရိုင်၊ ဆူသစ်မြို့နယ် မှတ်ပုံတင်ဌာနမှ အကြောင်းကြားထားကြောင်း ထိုင်းနိုင်ငံ တမ္မာဆတ်တက္ကသိုလ် ဥပဒေရေးရာဌာနမှ ပါမောက္ခ ဒေါက်တာ ပန်တစ်က အတည်ပြုပြောကြားခြင်းဖြစ်သည်။

အကယ်၍ စိုင်းမောင်းထောင်းဒီး၏ မိဘနှစ်ဦးသည် ယခုထိုင်းနှင့် မြန်မာအစိုးရတို့မှ ပြုလုပ်နေသော နိုင်ငံသားစိစစ်မှု အစီအစဉ်အရ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်၍ အောင်မြင်မည်၊ မအောင်မြင်မည်ကိုလည်း အတိအကျမသိနိုင်သေး၍ မောင်းထောင်းဒီး၏ အနာဂတ် မထိခိုက်စေရေးအတွက် ရည်ရွယ်ကြောင်းလည်း စာတွင် ပါရှိသည်။

ပြိးခဲ့သည့်လ (၁၈) ရက်တွင် ကျင်းပသော ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ်ကျော် နေထိုင်လာသူများအား အမြဲတမ်းနေထိုင်ခွင့် ပေးအပ်သွားရန် သဘောတူထားကြောင်း သိရှိရသည်။ ထိုသူများမှ မွေးဖွားလာသည့် ကလေးသူငယ်များအား နိုင်ငံသား ဖြစ်ခွင့်ရရှိမည်ဟု သတင်းများတွင် ဖော်ပြသည်။

အသက် (၁၃) နှစ်အရွယ်ရှိ စိုင်းမောင်းထောင်းဒီး (ခ) နော်မော်၏ ဖခင်ဖြစ်သူ ဦးစိုင်းညွန့်က “ပြီးခဲ့တဲ့ အပတ်ကတည်းက အယူခံတင်ထားတယ်။ အခု (၃-၄) ရက်အတွင်း အကျိုးအကြောင်း သိရမယ်။ ဘာစဉ်းစားသလဲဆိုတော့ အဲဒါ ဘန်ကောက်က ကူညီသူ ဆရာဆရာမတွေပဲ သိမယ်၊ ကျန်တဲ့သူမသိနိုင်ဘူး။ ဒီက ထိုင်းကဘတ်ပဲ လိုချင်တာပေါ့။ အလုပ်သမားကတ်ဆို အဆင်မပြေဘူးလေ။ ပြီးတော့ သားက ဒီမှာမွေးတာဆိုတော့ ဒီကဘတ်ပဲ လိုချင်တာပေါ့။ ဒီမှာလည်း နေသားကျနေပြီဆိုတော့” ဟု ပြောကြားသည်။

ထိုင်းနိုင်ငံ၌ မွေးဖွားကြီးပြင်းပြီး ရှမ်းပြည်တောင်ပိုင်း နမ့်ဇန်ဇာတိ ရှမ်းအမျိုးသား မိဘများ၏ ရင်သွေးဖြစ်သော စိုင်းမောင်းထောင်းဒီးသည် ဂျပန်နိုင်ငံ အိုရိကာမိ စက္ကူခေါက်လေယာဉ်ပစ်ပြိုင်ပွဲ၌ ဆု (၂) ခု ဆွတ်ခူးရရှိခဲ့သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာ (၁၈ မှ ၂၀) ရက်အထိ ကျင်းပသော ပြိုင်ပွဲတွင် အုပ်စုချန်ပီယံနှင့် တဦးချင်း ပြိုင်ပွဲအတွက် တတိယဆုတို့ကို ထိုင်းနိုင်ငံကိုယ်စား ဆွတ်ခူးပေးခဲ့ခြင်းဖြစ်သည်။

http://www.khitpyaingnews.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။