Home » » မဲဆောက်တွင် အဖမ်းအဆီးကြမ်း အလုပ်သမား ထောင်နှင့်ချီ ဖမ်းဆီးခံရ

မဲဆောက်တွင် အဖမ်းအဆီးကြမ်း အလုပ်သမား ထောင်နှင့်ချီ ဖမ်းဆီးခံရ

Written By မောင်စေတနာ on Sunday, September 5, 2010 | 2:14:00 PM


မြန်မာ အလုပ်သမားများ အဖမ်းအဆီး ခံရမည်ကို စိုးရိမ်၍ ဤကဲ့သို့ ရှောင်တိမ်းနေကြရ (ဓာတ်ပုံ - ဧရာဝတီ)

ဘစောတင်
Saturday, September 04, 2010

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင် လုပ်ကိုင်နေသော အလုပ်သမားများကို အာဏာပိုင်များက ယမန်နေ့မှ စတင်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည့် အတွက် မြန်မာအလုပ်သမား ထောင်နှင့်ချီ ဖမ်းဆီးခံရပြီး ထောင်နှင့်ချီ၍ ရှောင်တိမ်း ပုန်းအောင်းနေ ကြရကြောင်း သတင်း ရရှိသည်။

ယမန်နေ့က မဲဆောက် မြို့ပြင်ရှိ စက်ရုံများကို စတင်ဝင်ဖမ်းရာ အလုပ်သမားများက ကြိုတင်ထွက်ပြေးတိမ်းရှောင်၍ နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် တောထဲတောင်ထဲတွင် ပုန်းအောင်းနေခဲ့ကြရသည်ဟု ရောင်ခြည်ဦး အလုပ်သမား အဖွဲ့တာဝန်ခံ ကိုမိုးဆွေက ပြောပြသည်။

ယင်းသို့ ပုန်းအောင်းနေစဉ် ဖာဒေးရွာ ဘုန်းကြီးကျောင်းအတွင်းမှ အလုပ်သမား ငါးရာ ကျော် အဖမ်းခံခဲ့ရပြီး ကျောင်း ထိုင် ဘုန်းကြီးကိုပါ ထိုင်း အာဏာပိုင်များက တရားရုံးသို့ ဆင့်ခေါ်ထားကြောင်း သိရသည်။


“ဖမ်းတာကတော့ တအားကို ဖမ်းနေတယ်။ စာရင်းအတိအကျ ကျနော်တို့ မပြောနိုင်သေးဘူး။ ထောင်နဲ့ချီပြီး အဖမ်းခံ ထားရတာကိုတော့ ပြောနိုင်ပါတယ်။ အခုလို ဖမ်းတာဟာ ဇွန်လ ၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်က ဖမ်းဆီးဖို့ လက် မှတ် ထိုး ထုတ်ပြန်ထားတဲ့ အစီအစဉ်ကြောင့်ဖြစ်မှာပါ။ သူက အောက်တိုဘာလ မတိုင်မီမှာ ဖမ်းပြီး ပြန်ပို့မယ်ဆိုပြီး အမိန့် ထုတ်ထားတာ ရှိတယ်”ဟု ကိုမိုးဆွေက ပြောသည်။

ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက် ၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် လက်မှတ်ထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

မဲဆောက်တွင် ယခုတကြိမ် ဖမ်းဆီးခြင်းမှာ အလွန်ဆိုးရွားကြောင်း တိမ်းရှောင်နေရသူ မြန်မာ အလုပ်သမား ကိုကျော်သူ က ပြောသည်။

“အခုဖမ်းတာက ရဲရော တော်မော(လ၀က)ရော နယ်ခြားစောင့်ရဲနဲ့ စစ်သားတွေပါ ပါတယ်။ ဒီ ဘုန်းကြီးကျောင်းထဲကို အလုပ်သမားတွေ ၀င်နေတယ်ဆိုရင် အဲဒီကျောင်းကို ၀ိုင်းလိုက်ကြတာပဲ။ တွေ့ တဲ့လူကို ဆွဲတာပဲ။ ၂၀၀၈ တုန်းက မြန်မာပြည်ကို နာဂစ် ၀င်သလို အခု မဲဆောက်မှာ အဖိဆစ် နာဂစ်မွှေတယ်လို့ ပြောရမလိုဘဲ”ဟု ၎င်းက ဆိုသည်။

မဲဆောက်မြို့နယ် မြစ်ကမ်းနဖူးရှိ စက်ရုံများမှ အလုပ်သမားများမှာ စက်တင်ဘာလ ၂ ရက်နေ့ကပင် မြန်မာနိုင်ငံ မြ၀တီ မြို့ဘက်ကမ်းသို့ ကူးကာ တိမ်းရှောင်နေကြကြောင်း သိရသည်။

“မနေ့က ညနေ ၃ နာရီလောက်မှာ စက်ရုံ အလုပ်ရုံ အသီးသီးက အလုပ်ရှင်တွေက အလုပ်သမားတွေကို ၃ ရက် လောက် ရှောင်နေဖို့ ပြောတယ်။ ဒါကြောင့် မနေ့ညနေကတည်းက မြ၀တီဘက်ကမ်းကို ကူးနေကြတာတွေ ရှိတယ်။ ကျနော်တို့ သိရသလောက် မြ၀တီဘက်ကို ကူးသွားတာ သုံးထောင်ကျော် လေးထောင်လောက် ရှိတယ်”ဟု မြန်မာ အလုပ်သမား ကွန်ယက်(Burmese Workers’ Network) မှ တာဝန်ခံ ကိုစိုးက ပြောသည်။

မြ၀တီဘက်ကမ်းရှိ ဘုန်းကြီးကျောင်းများတွင် မဲဆောက်မှ ထွက်ပြေး တိမ်းရှောင်လာကြသော အလုပ်သမားများဖြင့် ပြည့်နေကြောင်းလည်း သိရသည်။

မဲဆောက်ရှိ ဘုန်းကျောင်းတကျောင်းတွင် ပုန်းအောင်းနေကြသည့် အလုပ်သမားများကို ကိုယ်တိုင်တွေ့မြင်ခဲ့ရ၍ စိတ် မကောင်း ဖြစ်ရသည်ဟု သီးလေးသီးအငြိမ့်အဖွဲ့ မှလူရွှင်တော် ပန်းသီးက ပြောဆိုသည်။

“မနေ့က ကျနော်တို့ ကျောင်းကြီးထဲကို ဗီဒီယို ရိုက်စရာရှိလို့ ၀င်သွားတာဗျာ ပုန်းနေကြတဲ့ အလုပ်သမားတွေ မနည်း ဘူးဗျ။ အနည်းဆုံး တရာ နှစ်ရာ လောက်ရှိမယ်။ ရဲက ကျောင်းဝင်းကို ၀ိုင်းထားတာတွေ့ တော့ အလုပ်သမားတွေ အတွက် တော်တော် စိတ်မကောင်းဖြစ်ရတယ်။ အခုဟာက မဲဆောက်မှာ ခလုပ်တိုက်မိရင် ရဲ။ ပြောင်ပြောင်မြင်ရင် ရဲပဲဗျို့”ဟု ဆိုသည်။

အလားတူ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေစဉ် ရဲက ၀ိုင်းမိ၍ ယမန်နေ့က အလုပ်သမား လေးဆယ်ကျော် ဖမ်းဆီး ခံထားရကြောင်း၊ တိမ်းရှောင်နေရသူများထဲတွင် အမျိုးသမီး အများစုပါဝင်၍ စိုးရိမ်ဖွယ်ရာအခြေအနေရှိကြောင်း ယင်း အလုပ်သမားများကို အကူအညီပေးနေသော အဝေးရောက် ဧရာဝတီ လူမှုရေး အသင်း ဥက္ကဌ ကိုသောင်းလှိုင်က ပြော သည်။

“ဖာထစ်ဆိုတဲ့ နေရာမှာ ၄၂ ယောက် အဖမ်းခံသွားရတယ်လို့ အခုပဲသတင်းရပါတယ်။ ကျနော်တို့က အဲသလို ပြေးနေ တဲ့ သူတွေကို လိုက်လံကူညီစောင့်ရှောက်ဖို့  ကြိုးစားနေတာပါ။ ပြေးနေတဲ့သူတွေထဲမှာ မိန်းကလေး ၇၅ ရာခိုင်နှုန်း လောက်ရှိတယ်။ ပြီးတော့ အခုက တုပ်ကွေးကလည်း အရမ်းဖြစ်နေကြတယ်။ မိုးကလည်း ရွာနေတယ်ဆိုတော့ ကျန်းမာရေး အတွက်လည်း စိုးရိမ်ရတယ်။ နောက်ပြီး ပုလိပ်ရန်ကတဘက် မိုးချုပ်လာရင် လမ်းသရဲ ရန်ကလည်း ကြောက်ရသေးတယ်”ဟု ၎င်းက ပြောဆိုသည်။

ယနေ့မှစ၍ စက်တင်ဘာလ ၅ ရက်နေ့အထိ အလုပ်သမား လက်မှတ်မရှိသူများဖြင့် လည်ပတ်နေသော အလုပ်ရုံများ ပိတ်ထားရသည်ဟုလည်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိမည်ဟု အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းထားကြပြီး ယင်းတို့အနက် အလုပ်သမား ၁ သန်း ၃ သိန်းခန့်သာ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် လျှောက်ထားကြောင်း သိရသည်။

http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။