Home » » ပြည်တွင်း အလုပ်အကိုင် ရရှိရေး အတွက် အေဂျင်စီအချို့ အလုပ်ရှာဖွေပေးရာတွင်

ပြည်တွင်း အလုပ်အကိုင် ရရှိရေး အတွက် အေဂျင်စီအချို့ အလုပ်ရှာဖွေပေးရာတွင်

Written By မောင်စေတနာ on Thursday, September 2, 2010 | 2:13:00 PM



ပြည်တွင်း အလုပ်အကိုင် ရရှိရေး အတွက် အေဂျင်စီအချို့ အလုပ်ရှာဖွေပေးရာတွင် လစာငွေ
ကျပ်တစ်သိန်းအောက် ရရှိနိုင်သည့် အလုပ်ကိုသာ ဦးစားပေး ၀န်ဆောင်မှု ပေးနေ

ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ၏ ၀န်ဆောင်မှုဖြင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်လာရောက် လျှောက်ထားသူများအား အေဂျင်စီအချို့မှ ၀န်ဆောင်မှု ပေးရာတွင် လစာငွေပမာဏ များစွာရရှိမည့် အလုပ်အကိုင်များထက် လစာငွေ ကျပ်တစ်သိန်း အောက်သာ ရရှိနိုင်သည့် အလုပ်အကိုင်များကိုသာ အဓိက ဦးစားပေး ၀န်ဆောင်မှု ပေးလျက်ရှိကြောင်း ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအချို့နှင့် အဆိုပါ အေဂျင်စီများတွင် သွားရောက် အလုပ်လျှောက်ထားသူ အချို့ထံမှ စုံစမ်းသိရှိရပါသည်။

အလုပ်အကိုင် ရရှိရေးအတွက် အဆိုပါ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ အလုပ်ရှာဖွေပေးရာတွင် အချို့မှာ CV Form တစ်ခုတည်းသာယူ၍ ၀န်ဆောင်ပေးခြင်းများ ရှိသကဲ့သို့ အချို့ အေဂျင်စီများမှာလည်း အဆိုပါ CV Form အပြင် အင်တာဗျူးကြေးနှင့် အလုပ်အကိုင် ရရှိသွားပါက ပထမဆုံး ရရှိသည့် လစာငွေ၏ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ယူမှုများလည်း ရှိကြောင်း သိရသည်။ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ အလုပ်အကိုင် အခွင့်အလမ်းများ ခေါ်ယူရာ တွင် အလုပ်အမျိုးအစားပေါ် မူတည်၍ လစာငွေ ကျပ် ၂၀၀၀၀ မှကျပ် ၃၀၀၀၀၀ ပမာဏအထိ ရရှိနိုင်သည် အထိ ခေါ်ယူမှုများ ရှိသော်လည်း လက်တွေ့တွင်မူ လစာငွေ ကျပ်တစ်သိန်းအောက်သာ ရရှိနိုင်သည့် အလုပ်အကိုင်ကိုသာ ဦးစားပေး ၀န် ဆောင်မှု များနေကြောင်း သိရသည်။


''အလုပ်အကိုင် အခွင့်အလမ်းအတွက် အလုပ်ရှာဖွေပေးတဲ့ အေဂျင်စီတွေက ဂျာနယ်တွေကနေတစ်ဆင့် လိုအပ်တဲ့ ရာထူးနဲ့ ပေးမယ့် လစာငွေတွေပါ ထည့်ကြော်ငြာထားတာ တွေ့တဲ့အတွက် အလုပ်သွားလျောက် ဖြစ်ခဲ့ပါတယ်။ ရောက်လို့ လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ အချက်အလက်တွေ ဖြည့်စွက်တဲ့အခါ ကျွန်တော်အရင် လုပ်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ပညာအရည်အချင်းကို ဖြည့်စွက်ခိုင်းပြီး အခု လုပ်ချင်တဲ့ အလုပ်ရာထူးနဲ့ မျှော်မှန်းလစာကိုပါ ဖြည့်စွက်ခိုင်းပါတယ်။

အဲဒီတော့ ကျွန်တော်က မီဒီယာက တစ်ဆင့် ကြော်ငြာထားတဲ့ အလုပ်ရာထူးနဲ့ သူတို့ ဖော်ပြထားတဲ့ လစာအတိုင်း ဖြည့်စွက်တော့ အလုပ်အကိုင် ရှာဖွေပေးတဲ့ အေးဂျင့်မှာရှိတဲ့ တာဝန်ရှိသူ တစ်ယောက်က အဲဒီလစာပေးနိုင်တဲ့ အလုပ်တော့ ရနိုင်ဦးမှာ မဟုတ်ဘူး။ ကျပ်ငါးသောင်းဝန်းကျင် ပေးနိုင်တဲ့ အလုပ်တွေကိုပဲ အများဆုံး ၀န်ဆောင်မှု ပေးနိုင်တယ်လို့ပြောပြီး အဲဒီအလုပ်တွေမှာ လျှောက်မလားလို့လဲ မေးတယ်''ဟု နာမည်ရ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တစ်ခုသို့ အလုပ်သွားရောက် လျှောက်ထားခဲ့သူတစ်ဦးက ၎င်း၏အတွေ့အကြုံကို ပြောပါသည်။

ထို့အပြင် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အချို့ကလည်း အလုပ်လာရောက် လျှောက်ထားသူမှ CV Formတွင် ဖြည့်စွက်ထားသည့် ရာထူးအတိုင်း အင်တာဗျူး ခေါ်ယူမှုများ မရှိဘဲ အရေးတကြီး လိုအပ်သည့် လုပ်ငန်းခွင် ၀င်ရောက်လုပ်ကိုင်ရန် အင်တာဗျူး ခေါ်ယူညှိနှိုင်းမှုများလည်း ရှိကြောင်း ကိုယ်တွေ့ကြုံတွေ့ရသူ တစ်ဦးက ဆိုပါသည်။

ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ အလုပ်အကိုင်များ ရှာဖွေပေးနိုင်မှုကို ကြော်ငြာကြရာတွင် အောက်ခြေ၀န်ထမ်းမှ အစ ရာထူးကြီးများအထိ ၀န်ဆောင်မှုပေးနိုင်ကြောင်း ကြော်ငြာလျက်ရှိကြပြီး အချို့ အေဂျင်စီများမှာ အလုပ်ရှင် ဘက်မှ အင်တာဗျူး လာရောက် မစစ်ဆေးခင် အဆိုပါ အေးဂျင့်မှ အလုပ်လာရောက် လျှောက်ထားသူအား စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ကြောင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအချို့မှ သိရှိရပါသည်။

''လာလျှောက်တဲ့ သူတွေကလည်း ပညာအရည်အချင်း မျိုးစုံ၊ လုပ်သက် အတွေ့အကြုံ မျိုးစုံနဲ့ လာလျှောက်ကြတယ်။ အလုပ်ခန့်ဖို့ကျတော့ ၀န်ထမ်းခေါ်ယူမယ့် အလုပ်ရှင်တွေဘက်က စိတ်ကြိုက်တွေ့မှ ရွေးပြီးခေါ်တာ ဖြစ်တဲ့အတွက် ကျွန်မတို့ဘက်က ဘယ်လောက်ပဲ ၀န်ဆောင်မှုပေးနိုင်၊ ပေးနိုင် အလုပ်ရှင်တွေက ကျေနပ်လို့ ၀န်ထမ်းခန့်အပ်မှ လာလျှောက်တဲ့ ၀န်ထမ်း အလုပ်ရနိုင်မှာပါ''ဟု ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။