Home » » လူကုန်ကူးသူ အများစု ဆွေမျိုးနီးစပ်သူများကို ပြောင်းလဲစည်းရုံး

လူကုန်ကူးသူ အများစု ဆွေမျိုးနီးစပ်သူများကို ပြောင်းလဲစည်းရုံး

Written By မောင်စေတနာ on Wednesday, August 11, 2010 | 5:47:00 PM

ပြည်ပ အလုပ်အကိုင်အတွက် နယ်မြို့များရှိ လူငယ်အများစု အေဂျင်စီများနှင့်သာ ဆက်သွယ်ကြသဖြင့် လူကုန်ကူးသူ အများစုမြို့ကြီးများရှိ မျက်နှာသိများ၊ ဆွေမျိုးနီးစပ်သူများကို ပြောင်းလဲစည်းရုံး

ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့ အခြေစိုက် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အများစုမှာ နယ်မြို့ငယ်များသို့ဆင်း၍ ပြည်ပတွင် အလုပ်အကိုင် ရှာဖွေလိုသူများအား ဆက်သွယ်ခေါ်ယူနေချိန်တွင် လူကုန်ကူးသူ အများစုမှာ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကဲ့သို့ မြို့ကြီးများရှိ လူငယ်များကို ပစ်မှတ်ထားကာ စည်းရုံးမှုများ ဆောင်ရွက်လာကြကြောင်း သိရှိရသည်။

ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့ကဲ့သို့ မြို့ကြီးများတွင် နေထိုင်သူ လူငယ်အများစုမှာ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံကဲ့သို့သော နိုင်ငံများရှိ အလုပ်အကိုင် အခြေအနေများကို သိရှိထားပြီး ဖြစ်သဖြင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများမှာ နည်းပါးလျက်ရှိကြောင်း သိရသည်။ ယင်းအတွက် အေဂျင်စီအများစုမှာ မြို့ကြီးများနှင့် မနီးမဝေး မြို့ငယ်များ ဖြစ်သည့် ရန်ကုန်မြို့ အနီးတစ်ဝိုက်ရှိ တိုက်ကြီး၊ မှော်ဘီ၊ တွံတေးကဲ့သို့ မြို့ငယ်များ ပတ်ဝန်းကျင်မှ ကျေးရွာများအထိ ပြည်ပအလုပ်အကိုင်အတွက် ရုံးခွဲများ ဖွင့်လှစ်၍ ဆက် သွယ်ခေါ်ယူမှုများ ရှိလာသည်ဟု သိရသည်။

''ရန်ကုန်၊ မန္တလေး၊ ပုသိမ်လို မြို့ကြီးတွေနဲ့ မနီးမဝေး ကျေးရွာတွေအထိ အေဂျင်စီတွေက တရားဝင် ဆက်သွယ်လာတာတွေ ရှိလာတယ်။ မလေးရှားနဲ့ ထိုင်းမှာက ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ နှစ်ကြီးသမားတွေကို မိခင်နိုင်ငံ ပြန်ပို့ပြီးတော့ လုပ်သားအသစ်တွေ ရာနဲ့ချီပြီးတော့ အသစ်ခေါ်ယူနေတာကြောင့် လုပ်သားအသစ် လိုအပ်ချက်တွေက တကယ်ကို ရှိနေဆဲဖြစ်ပါတယ်။ မြို့ပြထက် ကျေးလက်မှာ ဒီအလုပ်တွေကို စိတ်ဝင်စားသူက ပိုများတယ်။ တစ်ချိန်ကလည်း သူ့တို့နည်း သူတို့ဟန်နဲ့ ပြည်ပကို သွားခဲ့ကြဖူးတာပါပဲ။ အခုတော့ တရားဝင်အေဂျင်စီတွေနဲ့ ချိတ်ဆက်သွားရတာမို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားရတာထက်စာရင် ပိုကောင်းနိုင်ပါတယ်''ဟု ပြည်ပလုပ် သားရေးရာ လေ့လာသူတစ်ဦးက ဆိုပါသည်။



ယင်းကဲ့သို့ နယ်မြို့ငယ်များမှ လူငယ်အများစု ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ တစ်ဆင့် ပြည်ပအလုပ်အကိုင်အတွက် ဆက်သွယ်ဆောင်ရွက်နေချိန်တွင် လူကုန်ကူးသူ အများစုမှာ မြို့ငယ်များမှ လူငယ်များကို လူကုန်ကူးမှုအတွက် စည်းရုံးခေါ်ဆောင်ခြင်းမျိုး မရှိတော့ဘဲ မြို့ကြီးများမှ လူငယ်များထံသို့ ပစ်မှတ်ထားလာကြကြောင်း ဖြစ်စဉ်အချို့အရ သိရသည်။

မျက်နှာစိမ်းတွေ တစ်ဦးချင်း တစ်ယောက်ချင်း ပြည်ပ အလုပ်အကိုင်အတွက် လာစည်းရုံးတာမျိုးတွေတော့ လက်မခံတော့တဲ့ အနေအထားမျိုး ဖြစ်လာတဲ့အတွက် မြို့ကြီးတွေပေါ်က မျက်နှာသိတွေ၊ တစ်ရပ်ကွက်ထဲ နေသူတွေ၊ ဆွေမျိုးသားချင်းတွေကို ပစ်မှတ်ထား စည်းရုံးလာတယ်လို့ ဖြစ်စဉ်တွေအရ သိရပါတယ်။

ယင်းသို့ လူကုန်ကူးသူများက စည်းရုံးကြရာတွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများရှိ မြို့ပြင်မြို့နယ်များနေ အမျိုးသမီးငယ်များအား တစ်ဖက်နိုင်ငံတွင် အိမ်ရာထူထောင်ရန်အတွက် လာရောက် ကမ်းလှမ်းသူအဖြစ် လည်းကောင်း၊ နယ်စပ်မြို့ရှိ အလှပြင်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်အကူအဖြစ် အလုပ်လုပ်ရမည်ဟု စည်းရုံးခေါ်ဆောင်လေ့ရှိကြောင်း ဖြစ်စဉ်များအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် မူဆယ်မြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အထူးအဖွဲ့က ဖော်ထုတ်ခဲ့သည့် လူကုန်ကူးမှု ဖြစ်စဉ်တစ်ခုတွင် လူကုန်ကူးသူ အမျိုးသမီးသည် တစ်ဖက်နိုင်ငံသားနှင့် အိမ်ထောင်ကျလျက်ရှိပြီး ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးက တစ်ဖက်နိုင်ငံသားများနှင့် လက်ထပ်လိုပါက ဆက်သွယ်ပေးသည့်(အောင်သွယ်ပွဲစား) ဖြစ်ကြောင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ တစ်ရပ်ကွက်တည်း နေထိုင်သည့် အမျိုးသမီးငယ် သုံးဦးအား စည်းရုံးခေါ်ဆောင်လာစဉ် သက်ဆိုင်ရာမှ ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖြစ်စဉ်မျိုးကို လူကုန်ကူးခံခဲ့ရသည့် နစ်နာသူတစ်ဦးက လာရောက် သတင်းပေးတိုင်ကြားသဖြင့် ဇူလိုင်လ အတွင်းကပင် လူကုန်ကူးသူ နှစ်ဦးအား ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် သက်ဆိုင်ရာမှ ထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း သိရသည်။

''မြို့ကြီးတွေထိ လူကုန်ကူးသူတွေ ခြေကုပ်ယူလာတာဟာ တစ်ဦးချင်း မျက်နှာသိတွေကိုသာ စည်းရုံးတဲ့နည်းကို ပြောင်းလဲကျင့်သုံးလာတဲ့ သဘောလို့ ပြောရမှာပါ။ အရင်တုန်းကတော့ နယ်မြို့တွေကို ဆင်းပြီးတော့ အုပ်စုလိုက် စည်းရုံးခေါ် ဆောင်သွားကြတယ်။ အခုအချိန်မှာတော့ နယ်မြို့တွေမှာလည်း လူကုန်ကူးမှု တားဆီးရေးကို ဆောင်ရွက်နေကြတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေ များလာသလို ပြည်ပအလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့ တစ်ဦး ချင်း တစ်ယောက်ချင်းက လာပြောပြီး စည်းရုံးတာထက် ဂျာနယ်တွေ စာစောင်တွေထဲမှာ၊ ပြီးတော့ လူပြောသူပြောများတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေနဲ့ သွားတာ ပိုအဆင် ပြေနိုင်တယ်လို့ နယ်မြို့က လူငယ်တွေက သိလာကြတယ်။ အထူးသဖြင့်တော့ မျက်နှာစိမ်းတွေ တစ်ဦးချင်း တစ်ယောက်ချင်း ပြည်ပအလုပ်အကိုင်အတွက် လာစည်းရုံးတာမျိုးတွေတော့ လက်မခံတော့တဲ့ အနေအထားမျိုး ဖြစ်လာတဲ့အတွက် မြို့ကြီးတွေပေါ်က မျက်နှာသိတွေ၊ တစ်ရပ်ကွက်ထဲ နေသူတွေ၊ ဆွေမျိုးသားချင်းတွေကို ပစ်မှတ်ထား စည်းရုံးလာတယ်လို့ ဖြစ်စဉ်တွေအရ သိရပါတယ်''ဟု စာရေးဆရာ သုတေသီ ၀င်းနိုင်ထွန်း က ဆိုပါသည်။

http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။