photo; http://imivacations.com/
နိုင်ငံတကာရှိ သင်္ဘောလိုင်းများမှ မြန်မာသင်္ဘောသား ခေါ်ယူမှု ပုံမှန်ရှိနေသော်လည်း မျက်နှာသစ် သင်္ဘောသားများအား ခေါ်ယူမှုမရှိ သလောက် နည်းပါးသေးကြောင်း သင်္ဘောကုမ္ပဏီအချို့၏ ပြောကြားချက်အရ သိရှိရသည်။
နိုင်ငံတကာ၌ စီးပွားရေးကောင်းနေစဉ် အခါက မြန်မာနိုင်ငံမှ သင်္ဘောသားခေါ်ယူမှု အများအပြားရှိခဲ့သော်လည်း သင်္ဘောသားဦးရေ နည်းပါးခဲ့ပြီး စီးပွားရေးကျဆင်းချိန်တွင် မြန်မာ သင်္ဘောသားများကို ခေါ်ယူမှု နည်းပါးလာကာ သင်္ဘောလိုင်း တက်ချင်သော သင်္ဘောသားဦးရေ များပြားလာကြောင်း သိရှိရပါသည်။
"နိုင်ငံတကာ သင်္ဘောလိုင်းတွေက မြန်မာသင်္ဘောသား ခေါ်ယူတာနည်းလာတယ်။ ဘာကြောင့်လဲဆိုရင် စီးပွားရေး ကျဆင်းနေချိန်မှာ သင်္ဘောကုမ္ပဏီတွေက လစာငွေ လျှော့ချလိုက်တယ်။ မြန်မာသင်္ဘော သားတွေက လစာကောင်းမှ လိုက်ကြတယ်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့မလေးရှား၊ ဗီယက်နမ်စတဲ့နိုင်ငံက သင်္ဘောသားတွေက လစာမကောင်းလည်း အများစုက လိုက်ကြတယ်။ စီးပွားရေး ကျဆင်းလာတဲ့အတွက် သင်္ဘောပိုင်ရှင်တွေက လစာနည်းနည်းပဲ ပေးရတဲ့နိုင်ငံက လူတွေကိုပဲ အသုံးပြုကြတော့တယ်"ဟု Leader Marine Oversea ကုမ္ပဏီမှ ဦးဌေးအောင်က ပြောပြခဲ့ပါသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၌ သင်္ဘောသားဦးရေ အရေအတွက်မှာ ခုနှစ်သောင်းကျော် ရှိနေသော်လည်း အနားယူ သင်္ဘောသားဦးရေ နှစ်သောင်းနီးပါး ခန့်ရှိနေပြီး ကျန်သည့်သင်္ဘောသားဦးရေ နှစ်သောင်းကျော်သည် နိုင်ငံတကာရှိ သင်္ဘောလိုင်းများတွင် တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။
ကျန်ရှိနေသည့် သင်္ဘောသား ဦးရေ သုံးသောင်းခန့်မှာ သင်္ဘောတက်ရောက်ခြင် မရှိဘဲအနားယူမှုများ ရှိနေကြောင်းလည်း သင်္ဘောသား အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
"နိုင်ငံတကာက သင်္ဘောလိုင်း တွေကလည်း နိုင်ငံပေါင်းစုံက သင်္ဘောသားတွေကို မျှပြီးခေါ်ယူကြတယ်။ အခုလတ်တလော အချိန်မှာဆိုရင် သင်္ဘောကုမ္ပဏီတချို့ ကလည်း သင်္ဘောသားကို စိစစ်ရွေးချယ်လာတယ်။ အရည်အချင်းပြည့်ဝတဲ့ သင်္ဘောသားတွေကိုပဲ ရွေးချယ်လာတယ်။ နိုင်ငံတကာက သင်္ဘောကုမ္ပဏီတွေကလည်း သူတို့နိုင်ငံသားကိုပဲ ဦးစားပေး ရွေးချယ်လာကြတယ်။ ဒါကြောင့် မြန်မာသင်္ဘောသားတွေအနေနဲ့ အရည်အချင်း ပြည့်ဖို့အပြင် အင်္ဂလိပ်စာပါကျွမ်းကျင်ဖို့ လိုအပ်ပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
"လက်ရှိအချိန်မှာ မြန်မာ သင်္ဘောသားခေါ်ယူတာ ပုံမှန်အတိုင်း ရှိနေပါတယ်။ လူဟောင်းတွေကို ဦးစားပေးခေါ်ယူကြတယ်။ အခြေခံ အင်္ဂလိပ်စာစာမေးပွဲတွေ ဖြေဆိုတဲ့ ဦးရေ ၃၀ မှာ အနည်းဆုံး လေးယောက်၊ အများဆုံး ခြောက်ယောက်လောက်ပဲ အောင်မြင်ကြတယ်။ မျက်နှာသစ် သင်္ဘောသားတွေအနေနဲ့ အင်္ဂလိပ်စာ အားနည်းတာရှိတဲ့ အတွက် ပိုကြိုးစားဖို့လိုအပ်တယ်။ မိမိကိုကိုယ် ယုံကြည်မှုနဲ့ ဇွဲရှိရမယ်။ စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း အထူး လိုအပ်တယ်။ အဲဒီအချက်တွေ ပြည့်စုံမှ အလွယ်တကူ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီစာမေးပွဲတွေ ဖြေဆိုအောင်မြင်ဖို့ အတွက်လည်း ပိုက်ဆံပေးရင် အောင်မယ်ဆိုတဲ့ ကြားပွဲစားတွေကို မယုံသင့်ပါဘူး။ ကိုယ်တိုင်ကြိုးစားမှ အောင်မြင်မှာပါ"ဟု မြန်မာသင်္ဘောသား ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (Myan-Sea) အတွင်းရေးမှူး ဦးကျော်မြင့်ဦးက ရှင်းပြခဲ့သည်။ မျက်နှာသစ် သင်္ဘောသားများ အနေဖြင့် အခြေခံကျွမ်းကျင်မှု စာမေးပွဲ (Basic English Skill Test) ကို ၀င်ရောက်ဖြေဆိုသည့်ဦးရေ ၁၆၀၀၀ ကျော်ရှိကြောင်း သိရပြီး စာမေးပွဲ အောင်မြင်သူဦးရေမှာ နှစ်ထောင်ကျော်သာ ရှိကြောင်း သိရသည်။

0 comments:
Post a Comment