Home » » အွန်လိုင်းချက်တင် ယဉ်ကျေးမှု ခေတ်စားလာ သည်နှင့်အမျှနောက်ဆက်တွဲလူကုန်ကူးမှု အသွင်ဆောင်လာမှုများ

အွန်လိုင်းချက်တင် ယဉ်ကျေးမှု ခေတ်စားလာ သည်နှင့်အမျှနောက်ဆက်တွဲလူကုန်ကူးမှု အသွင်ဆောင်လာမှုများ

Written By မောင်စေတနာ on Wednesday, August 18, 2010 | 8:24:00 PM



အွန်လိုင်းချက်တင် ယဉ်ကျေးမှု ခေတ်စားလာသည် နှင့်အမျှ နောက်ဆက်တွဲ လူကုန်ကူးမှု အသွင်ဆောင်လာမှုများ အပေါ် သတိပြုကြရန် အွန်လိုင်းမှတစ်ဆင့် နီးစပ်ရာအချင်းချင်းမေးလ်ဖြင့် ဆက်သွယ် သတိပေးမှုများ ပြုလုပ်လာ

အွန်လိုင်းချက်တင် ယဉ်ကျေးမှုများ ခေတ်စားလာပြီး ယင်းနှင့် ဆက်စပ်၍ နောက်ဆက်တွဲ လူကုန်ကူးမှု အန္တရာယ်များကိုပါ သတိပြုကြရန် အွန်လိုင်းမှတစ်ဆင့် နီးစပ်ရာ အချင်းချင်း မေးလ်များပေးပို့၍ သတိပေးမှုများ ပြုလုပ်လာကြောင်း အင်တာနက် အသုံးပြုသူများထံမှ သိရှိရပါသည်။

အွန်လိုင်းမှတစ်ဆင့် ချက်တင်ဝင်ကြသူများတွင် အများအားဖြင့် ဆယ်ကျော်သက် အရွယ်များ၊ အမျိုးသမီးငယ်များအား စကားလုံးများဖြင့် ဆွဲဆောင်စည်းရုံးသိမ်းသွင်း၍ တစ်ဖက်နိုင်ငံများသို့ လာရောက်ရန် ဖိတ်ခေါ် မှုများ ပြုလုပ်လာကြကြောင်း အဆိုပါ အသိုင်းအ၀ိုင်းများနှင့် နီးစပ်သူများထံမှ သိရှိရပါသည်။


"ကျမသူငယ်ချင်း မိန်းကလေး တစ်ယောက်ဆိုရင် အွန်လိုင်းချက်တင်ဝင်ရင်းနဲ့ သူငယ်ချင်းတွေ အများကြီး ရလာတယ်။ တစ်နေ့တော့ သူ့သူငယ်ချင်းတွေ အများကြီးထဲကမှ အင်္ဂလန်ကလို့ ပြောတဲ့သူတစ်ယောက် နဲ့ရည်းစားဖြစ်သွားပြီး သုံးလလောက် ကြာတဲ့အခါမှာ အဲဒီတစ်ယောက်က လက်ထပ်ခွင့်တောင်းတာကို လက်ခံပြီး လက်ထပ်ဖို့အတွက် အင်္ဂလန်ကို လိုက်သွားပါတယ်။ အဲဒီလူနဲ့ လက်ထပ်ပြီးအစကတော့ သူ့ မိဘတွေနဲ့ အဆက်အသွယ် ပြန်လုပ်ပေမယ့် နောက်ပိုင်းကျတော့ သူ့မိသားစုကို အဆက်အသွယ် မလုပ်တော့ဘဲ အဆက်ပြတ်သွားတယ်။ သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ် မလုပ်တော့ဘူး။ သူ့ account ကိုလည်း အွန်လိုင်းပေါ်မှာ မတွေ့ရတော့ပါဘူး"ဟု အဆိုပါဖြစ်စဉ်များ နှင့်နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။

"အသိတစ်ယောက်ဆိုရင် အွန်လိုင်းပေါ်မှာ ခင်ခဲ့တဲ့ နိုင်ငံခြားက လူတစ်ယောက်က သူ့ကိုရည်းစားရှိလား ဆိုပြီးလှမ်းမေးပါတယ်။ သူက ရှိတယ် ဆိုပြီးပြောတော့ အဲဒီရည်းစားနဲ့ အဆက်အသွယ် ဖြတ်ဖို့နဲ့သူ့ကိုလက်ခံပြီး လက်ထပ်ဖို့ စည်းရုံးပါတယ်။ ပြီးတော့ အထင်ကြီးစရာ စကားတွေ နဲ့ဆွဲဆောင်ပြီး အပျို ဟုတ်၊ မဟုတ် မေးပါတယ်။ ကောင်မလေးက အပျိုဖြစ်ကြောင်းနဲ့ မြန်မာပြည်မှာ စုံတွဲတွေဟာ မင်္ဂလာမဆောင်ခင် ကျူးလွန်လေ့မရှိကြောင်း ပြန်ပြောပြပါတယ်။ နောက်တော့ သူ့ဆီလာဖို့ လာကြိုမယ့်သူတစ်ယောက်နဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပေးပါတယ်။ နောက်တော့ သူ့အိမ်ကအဲဒီအကြောင်း ကိုသိသွားပြီး အချိန်မီတားဆီး လိုက်နိုင်ခဲ့ပါတယ်"ဟု ကိုယ်တိုင်ကြုံတွေ့ ခဲ့သူနှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့ပါသည်။

စင်ကာပူရောက် မြန်မာကျောင်းသူ တစ်ဦးကလည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍ "တချို့နိုင်ငံခြားမှာ ရောက်နေပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေက တစ်နေကုန် အလုပ်တစ်ခုလိုမျိုး ချက်တင်ဝင်နေပြီး မိန်း ကလေးတွေကို အထင်ကြီးအောင် ပြောနေတာတွေကို တွေ့နေရပါတယ်။ အလုပ်လာလုပ်ဖို့၊ လက်ထပ်ပြီးအတူ နေကြဖို့ စည်းရုံးသိမ်းသွင်းနေတာတွေ ရှိနေပါတယ်။ မိန်းကလေးတွေ အထင်ကြီးလာအောင်လည်း စကားလှလှတွေ ပြောပြပါတယ်။ ချက်တင် ကနေ လိုက်လာခဲ့ဖို့နဲ့ အနောက်နိုင်ငံတွေကိုသွားပြီး အလုပ်အတူတူ လုပ်ကြဖို့၊ လတ်တလော ကိုယ့်စရိတ် ကိုယ်စိုက်ပြီးလာခဲ့ဖို့ အကြောင်းကြားတာမျိုးတွေ ရှိနေပါတယ်။ အဲဒါကို ယုံကြည်ပြီး လိုက်သွားကြတဲ့သူတွေ လည်းရှိပါတယ်။ နောက်ပိုင်း အဆက်အသွယ် သတင်းအစအနတွေ မကြားရတော့ဘဲ သူများ သွေးဆောင်ဖြားယောင်းတာ ခံရပြီး ရေတိမ်နစ်သွားတဲ့ အဖြစ်အပျက်တွေလည်း ရှိပါတယ်"ဟု ပြောပြခဲ့သည်။

အွန်လိုင်းမှတစ်ဆင့် ခင်မင်သိကျွမ်းပြီး အလွယ်တကူ ဆုံးဖြတ်ခဲ့ကြသည့် ဆုံးဖြတ်ချက်များ၊ လူမှုရေး ကိစ္စများ၊ အလုပ်အကိုင်များ၊ အိမ်ထောင်ရေးကိစ္စများမှာ နောက်ဆက်တွဲ လူကုန်ကူးမှုပြဿနာများ၊ ရေ တိမ်နစ်ရသည့် အဖြစ်အပျက်များကို ဖြစ်ပေါ်စေနိုင်ရာ အထူးသတိပြုစရာ အချက်တစ်ခုထဲတွင် ပါဝင်လာပြီဖြစ်ကြောင်း သုံးသပ်သူများက ဆိုပါသည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။