မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် ရာဇ၀င်နောက်ခံ ဇာတ်လမ်းများအား ပီပြင်စွာဖန်တီးနိုင်မှု အားနည်းနေပြီး ရိုက်ကူးမှုမှာလည်း နည်းသွားကြောင်း သိရှိရပါသည်။
"ရာဇ၀င်ကားတွေ၊ သမိုင်းနောက်ခံ ဇာတ်လမ်းတွေကို နိုင်ငံတိုင်းမှာ ရိုက်ကူးကြတယ်။ အဲဒီဇာတ်ကားတွေ ရိုက်ရာမှာလည်း ငွေကြေး အကုန်အကျများတယ်။ ပိုပြီးလည်း သတိထားရတယ်။
သူများနိုင်ငံတွေ ကရိုက်တဲ့ ရာဇ၀င်ကားတွေ အောင်မြင်တာ၊ နာမည်ကြီးတာက သူတို့မှာငွေကြေး အကုန်ခံနိုင်တဲ့အပြင် အ၀တ်အစားတို့၊ သမိုင်းဝင်နေရာ အဆောက်အဦပိုင်းတို့မှာရော ဆင်၊ မြင်းငှားရမ်း ရတာတွေရော အားလုံးက အဆင်သင့် ရှိတယ်။ ဒီမှာတော့ ငွေအကုန်ခံနိုင်တယ် ဆိုရင်တောင် အ၀တ်အစားပိုင်း၊ ရိုက်ကူးရေးနေရာနဲ့ ဆင်၊ မြင်းတွေအသုံးပြုဖို့က ခက်ခဲနေတယ်။ ဒါကိုဘယ်သူကမှ လုပ်သင့်တယ်လို့ မထင်ကြဘူး။ ငွေရမယ့် ဇာတ်ကားပဲ ရိုက်ချင်ကြတယ်။ တကယ်တော့ သမိုင်းနဲ့ ရာဇ၀င်ကားတွေ ရိုက်ဖို့ ဆိုတာက ခံယူချက်ရှိတဲ့သူမှ ဖြစ်နိုင်မယ်"ဟု အကယ်ဒမီဒါရိုက်တာ ကြည်စိုးထွန်းက ဆိုသည်။
ရာဇ၀င်နှင့် သမိုင်းနောက်ခံ ဇာတ်ကားများ ရိုက်ကူးမည်ဆိုပါက သမိုင်းသုတေသီများနှင့် တတ်ကျွမ်းသူများ၏ အကြံပေးမှုများရယူရန် လိုအပ်ကြောင်း သိရသည်။ ထို့ပြင် ဇာတ်လမ်းတွင် ပါဝင်သည့်ရှေးခေတ် ၏ သမိုင်းဝင်နေရာများအား ရိုက်ကူးခွင့်နှင့် ၀တ်စားဆင်ယင်မှုနှင့် အသုံးအဆောင်များ၊ အပြောအဆို သုံးနှုန်းမှုများကိုလည်း ပီပြင်ထင်ဟပ်ရန် အတွက် လွတ်လပ်စွာ ဖန်တီးနိုင်ရန်လည်း လိုအပ်ကြောင်း သိရသည်။
" မြန်မာ့မော်ကွန်းဇာတ်ကား ရိုက်တုန်းက ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း သုံးသင့်သလောက်ပဲ သုံးရတာဆိုတော့ တခြားကားတွေ ရိုက်တာထက် အစစအရာရာပင်ပန်းတယ်။ ဇာတ်ကားတစ်ကားလုံး အတွက် လိုအပ်တာမှန်သမျှကို အသေးစိတ် လိုက်ပြင်ဆင်ရတဲ့အတွက် စရိတ်အရမ်းကြီးတယ်။ တာဝန်လည်းကြီးတယ်ဆိုတော့ ရိုက်ချင်စိတ်ရှိတဲ့သူတွေ ရှိပေမယ့် ရိုက်တဲ့သူတော့ နည်းတယ်။ တကယ်တော့ မြန်မာ့သမိုင်းမှာ ဘာသာ၊ သာသနာ အပြင် လူမှုရေး၊ စီးပွားရေး၊ စစ်ရေး အားလုံး အထွန်းကားဆုံး ခေတ်တွေ ရှိခဲ့တယ်။ မျိုးချစ်သူရဲကောင်းတွေ အများကြီးပေါ်ထွန်းခဲ့တယ်။ ဒါတွေကို နောင်လာနောက်သားတွေ သိအောင် ရိုက်ပြသင့်တယ်။ တစ်ယောက်နဲ့ မရရင် နှစ်ယောက်၊ သုံးယောက်ပေါင်းပြီး ရိုက်သင့်တယ်"ဟု အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်က ဆိုသည်။
နိုင်ငံတကာတွင်မူ ရာဇ၀င်နှင့် သမိုင်းနောက်ခံကားများ ရိုက်ကူးရန်အတွက် အသုံးအဆောင်နှင့် အ၀တ်အစားများအား ငှားရမ်းရန်ထိန်းသိမ်းထားသည့် နေရာများရှိကြောင်း သိရသည်။ ဆက်တင်ပြင်ဆင်မှုပိုင်းတွင် လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ဒါရိုက်တာများ ရှိကြောင်းသိရသည်။

http://www.news-eleven.com
0 comments:
Post a Comment