Home » » ဘန်ကောက် ဆန္ဒပြပွဲကြောင့် မြန်မာတို့လည်း ထိခိုက်

ဘန်ကောက် ဆန္ဒပြပွဲကြောင့် မြန်မာတို့လည်း ထိခိုက်

Written By နေဇော်လင်း1 on Friday, May 21, 2010 | 1:41:00 PM


ဆန္ဒပြမှုအတွင်း မီးလောင်ပျက်စီးခဲ့သည့် Central World ကုန်တိုက်ကြီးကို ယနေ့ တွေ့ရပုံ။ ဘန်ကောက်မြို့
ဆန္ဒပြပွဲများ
ဖြစ်ပွားခဲ့သည့် နေရာများတွင် မီးလောင်မှုပေါင်း ၃၀ ကျော် ရှိခဲ့သည်ဟု သိရသည် (ဓာတ်ပုံ - Reuters)

ရှပ်နီတို့၏ ၂ လကျော်ကြာ ဆန္ဒပြမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သား အများအပြား အခက်အခဲနှင့် ကြုံတွေ့ နေကြသည်။

ဘန်ကောက်ရှိ မီးရှို့ ဖျက်ဆီးခံရသော ကုန်တိုက်များ၊ ရက်ပေါင်းများစွာ ပိတ်ထားသော အဆောက် အအုံများ၊ ဆိုင်များတွင် လုပ်ကိုင်သူ မြန်မာတို့မှာ နေ့စားသမားများ ဖြစ်သောကြောင့် ၀င်ငွေမဲ့နေ ကြသည်ဟု အလုပ်သမား အရေး လုပ်ကိုင်နေသူ တဦးက ပြောသည်။

“သေချာတာ တခုကတော့ အလုပ် သမားတွေ လက်ထဲမှာ ပိုက်ဆံ ပြတ်နေကြလို့  စားဝတ် နေရေး ခက်ခဲ နေတယ်” ဟု မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်း လုပ်ငန်း ကော်မတီ (TACDB) ၏ ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့  ရှင်းပြသည်။

ဆန္ဒပြပွဲ များကြောင့် မြန်မာ ပြည်သား များစွာ အလုပ် လက်မဲ့ ဖြစ်သွား သည်ဟု သူက ဆိုသည်။


ပတူနမ်း အရပ်တွင် အလုပ် လုပ်နေသူ ကိုဝေဖြိုး ကလည်း ထိုနည်းတူ ပြောပြသည်။

“နေ့စား ဆိုတော့ အလုပ် မရှိရင် ၀င်ငွေမရှိတော့ဘူး၊ အားလုံး အခက်အခဲ ကြုံနေကြတယ်” ဟု ဆိုသည်။

ရှပ်နီတို့ စခန်းချခဲ့သည့် ဘန်ကောက် မြို့လယ်ရှိ စီးပွားရေး အချက်အချာ ကျသော နေရာသည် ထောင်နှင့်ချီ မြန်မာ ပြည်သားများ အလုပ် လုပ်ကိုင်ခဲ့သည့် နေရာ ဖြစ်သည်။

ပင်လယ် ကမ်းခြေ ဖူးကက် မြို့ တွင်လည်း နိုင်ငံခြားသား ဧည့်သည် အ၀င်နည်းသဖြင့် မြန်မာ အလုပ်သမားတို့ အလုပ်အကိုင် ထိခိုက် ကြသည်ဟု ဖူးကက်တွင် နေထိုင်သူ ဘလော့ဂါ ဦးမင်းဒင်က ဆိုသည်။

“မြန်မာ ထမင်းဆိုင် ပိုင်ရှင် တယောက်က ခါတိုင်း မနက်ပိုင်း ဘတ် ၃၀၀၀ ဖိုးလောက် ရောင်းရတာ ဒီနေ့  ငါးရာ ဖိုးတောင် မရောင်းရဘူးတဲ့။ တချို့ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွေမှာလည်း သူတို့ ရုံးချုပ်က ဘန်ကောက်မှာ ဆိုတော့ ငွေထုတ်ရက်မှာ ငွေထုတ် ပေးနိုင်ပါ့မလား ပူပင် နေကြတယ်” ဟု သူက ပြောသည်။

ဘန်ကောက်မြို့ နှင့် အနီးဆုံးဖြစ်ပြီး မြန်မာ အလုပ်သမား အများဆုံး ရှိသော မဟာချိုင် ဘက်တွင်မူ ထူးထူး ခြားခြား သက်ရောက်မှု မရှိကြောင်း ပင်လယ်ပျော် သမဂ္ဂမှ ကိုတင်ကိုက ပြောသည်။

ဤအတော အတွင်း ရှပ်နီတို့ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည့် ခရိုင် ၂၄ ခု တွင် ညမထွက်ရ အမိန့် ထုတ်ထားသည်။ ၂ လကျော်ကြာ ဆန္ဒပြမှု အတွင်း အနည်းဆုံး ၇၀ ကျော် သေဆုံးခဲ့သည်။ သေဆုံးသူ များထဲတွင် ဆန္ဒပြသူများ၊ သတင်းထောက်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သည်။

ဗုဒ္ဓဟူးနေ့မှ သောကြာနေ့ အထိ အစိုးရ ရုံးပိတ်ရက်များ အဖြစ် ကြေညာ ထားသဖြင့် ဘဏ်များမှာ တနင်္လာနေ့မှ ပြန်ဖွင့်ဖွယ် ရှိကြောင်း အများက မျှော်လင့်နေ ကြသည်။ ဆန္ဒပြပွဲ အတွင်း ဘဏ်တချို့ မီးလောင်ပုံ၊ ATM ငွေထုတ်စက် အများအပြား ဖျက်ဆီးခံရပုံ တို့ကိုလည်း ရုပ်မြင်သံကြား သတင်းများတွင် တွေ့ရသည်။

ဘဏ်များ ပိတ်ထား သောကြောင့် ငွေလွှဲရန် အခက်အခဲ ရှိကြောင်း ဘန်ကောက်မြို့ မှ ငွေလွှဲသမား ကိုမောင်မောင်က ပြောသည်။

“ဒီရက်ပိုင်း အတွင်း အဆင်မပြေဘူး။ ဘဏ်တွေ ပြန်ဖွင့်တဲ့နေ့ မှ အဆင်ပြေမယ်” ဟု ပြောသည်။

ဆန္ဒပြမှုကြောင့် နယ်စပ်မှ ကုန်သည် များလည်း ထိခိုက်ကြ သည်ဟု မဲဆောက်မှ ကုန်သည် တဦးဖြစ်သူ ဦးတင်မြင့်က ရှင်းပြသည်။

“အရောင်း အ၀ယ်က လုံးဝ အေးသွားတယ်။ ဘန်ကောက်က ပစ္စည်းတွေ မှာလို့ မရသလို သွားပို့ ဖို့ ကလည်း မဖြစ်ဘူးလေ။ အစစ် အဆေးက အရမ်းများတယ်” ဟု သူက ဆိုသည်။

မတ်လ ၁၂ ရက်နေ့ မှ စတင်ခဲ့သော အနီရောင် ဆန္ဒပြပွဲများ ယခုတပတ် ဗုဒ္ဓဟူးနေ့တွင် အဆုံးသတ် သွားသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာ ပြည်သားတို့ အလုပ်အကိုင် အခွင့်အလမ်းများ ခက်ခဲလာ နိုင်သည်ဟု အလုပ်သမား အရေး ဆောင်ရွက်သူ တဦးက သုံးသပ်သည်။

“ထိုင်းတွေ ကိုယ်တိုင် အလုပ်ပြုတ်။ အလုပ်ရှင်တွေ ကိုယ်တိုင် ပြန်တည် ဆောက်ရမှာ ဆိုတော့ သူတို့ ကိုမှီခို လုပ်ကိုင် စားသောက်ရမယ့် အလုပ် သမားတွေ အတွက်တော့ အတော့်ကို စိုးရိမ်စရာပါ။ ကျနော် ထင်တယ် လေးငါးလ လောက်မှ ပြန်အသားကျလာ နိုင်မှာပါ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ အဖွဲ့ မှ ရွှေ့ ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောဆိုသည်။

ဆန္ဒပြပွဲကြောင့် စီးပွားရေး အကြီးအကျယ် ထိခိုက်သွားသည့် ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ၂ သန်းခန့် ရှိမည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းကြသည်။
http://www.irrawaddy.org/
ဘစောတင် Friday, May 21, 2010
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။