Home » » ဇာတ်လမ်းကောင်း တစ်ခုဖြစ်အောင် ပို့ကြ ရံကြ သူများနှင့် တွေ့ဆုံခြင်း

ဇာတ်လမ်းကောင်း တစ်ခုဖြစ်အောင် ပို့ကြ ရံကြ သူများနှင့် တွေ့ဆုံခြင်း

Written By နေဇော်လင်း1 on Friday, May 14, 2010 | 2:18:00 PM


ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ် ဇာတ်လမ်း၊ ဇာတ်အိမ်တစ်ခု ကောင်းဖို့ဆိုရင် ဇာတ်လမ်းကောင်းရုံ၊ ဒါရိုက်တာနဲ့ မင်းသား၊ မင်းသမီးကောင်းရုံနဲ့တင် မလုံလောက်ပါဘူး။ ဇာတ်ပို့၊ ဇာတ်ရံတွေရဲ့အခန်းကဏ္ဍကလည်း ဇာတ်လမ်းကိုအကောင်းဆုံး ပံ့ပိုးပေးရာမှာ အရေးပါလှပါတယ်။ အဲဒီလိုပဲ စက်ပိုင်းဆိုင်ရာ ကအစ အကူလုပ်သားအားလုံးရဲ့အကောင်းဆုံး ကြိုးစားမှုတွေက ဇာတ်လမ်းကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးပါတယ်။ ဒီနေ့မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ ဇာတ်ဆောင်မင်းသား၊ မင်းသမီးအသစ်တွေ များပြားလာသလို ငယ်ရွယ်ပြီး အရည်အသွေးရှိတဲ့မင်းသား၊ မင်းသမီးအသစ်တွေလည်း ပေါ်ထွက်လာနေပါပြီ။ ဒါပေမယ့် သူတို့သရုပ်ဆောင်မယ့် ဇာတ်လမ်းကို အကောင်းဆုံး ပို့ဆောင်ပေးနိုင်မယ့် ဇာတ်ပို့၊ ဇာတ်ရံနေရာမှာတော့ သရုပ်ဆောင်သစ်တွေထဲမှာ အရည်အချင်း ရှိသူ ရှားနေပါတယ်။ အဲဒီလို ဇာတ်ပို့၊ ဇာတ်ရံနေရာမှာ အရည်အချင်းရှိတဲ့ သရုပ်ဆောင်သစ်တွေ ရှားပါးလာတဲ့အကြောင်း ပရိသတ်အားပေး ချစ်ခင်မှုရရှိနေဆဲ ဖြစ်တဲ့ ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်တချို့ကို မေးမြန်းကြည့်မိတော့ . . . . .

အေးအေးခိုင်

ဇာတ်ပို့၊ ဇာတ်ရံနေရာက အစ်မတို့စပြီး ၀င်စကလည်းလူရှားတယ်။ အခုနောက်ပိုင်းဝင်လာတဲ့ ကလေးတွေ တော်တော်များများမှာ အစ်မသိသလောက်က ဇာတ်ပို့၊ ဇာတ်ရံ မလုပ်ချင်ကြဘူး။ ကျရာနေရာမှာ မလုပ်ချင်ကြဘူး။ ၀င်လာကတည်း က နေရာရွေးတယ်။ သရုပ်ဆောင် လုပ်ချင်တာထက် မင်းသား၊မင်းသမီး ဖြစ်ချင်တဲ့သူများတယ်။ ပေါ်ပြူလာ ဖြစ်ချင်တာလောက်နဲ့တော့ အနုပညာ လောကထဲမ၀င်စေချင်ဘူး။ တကယ်တော့ ကိုယ့်အနေအထားအရ ဖြစ်နိုင် မဖြစ်နိုင်စဉ်းစားပြီး လိုင်းကို သေချာရွေးပြီးကြိုးစားလုပ်ရင် နေရာတစ်နေရာတော့ ရမှာပဲလေ။ ကိုယ်တွေတုန်းက ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်ချင်တဲ့စိတ်နဲ့ပဲ လုပ်ခဲ့တာလေ။ အခု နောက်ပိုင်းမှာ စရိတ်လျော့တဲ့အနေနဲ့ အသစ်တွေကို တွဲသုံးလာကြတယ်။ အစ်မတို့ အနုပညာသက်တမ်း ၂၂ နှစ်မှာ ပရိသတ်အားပေးမှုက အများကြီးတိုးတက်လာတယ်လို့ ခံစားရတယ်။ အသစ်တွေအတွက်လည်း အခွင့်အလမ်းတွေ အများကြီးရှိလာတယ်။ ဒါပေမယ့် လုပ်ချင်စိတ်နဲ့ အနုပညာခံယူချက်ပေါ်မှာ မူတည်ပြီး ဖြစ်မလာတာတွေ ရှိတယ်။ နောက်တစ်ခုက ဇာတ်ပို့၊ဇာတ်ရံတစ်ယောက် ရဲ့အနေအထားက ခိုင်မာတဲ့ အသက်မွေးဝမ်းကြောင်း တစ်ခု မဟုတ်ဘူးလို့ မြင် တယ်။ ဒါပေမယ့် ဒီလမ်းကြောင်း မှာ နေရာတစ်ခုရဖို့ကျတော့ ရင်းနှီးရတဲ့အချိန်က မနည်းဘူးလေ။

ဇော်ဇော်အောင်

ကျွန်တော်က ၁၉၉၅ ခုနှစ် လောက်ကတည်းက ကျောင်းပိတ်ချိန်တွေမှာ ကိုကျော်ရဲအောင် နောက်လိုက်ရင်း ၀ါသနာလည်းပါတော့ တစ်ခန်းလည်းဝင်ရိုက်၊ ဖြတ်လျောက်လည်း ၀င်ပါရင်းကနေ နေရာတစ်ခုရ လာတာပါ။ ကျွန်တော့်အတွေ့အကြုံ အရတော့ ဇာတ်ပို့မှာ နေရာတစ်ခုရဖို့က အချိန်တွေအများကြီးရင်းရတယ်။ စိတ်ရှည်ပြီး လုပ်ချင်စိတ် ပြင်းပြလို့သာ အခုလိုရပ်တည်နေ နိုင်တာပါ။ ကိုယ့်မိသားစုအခြေအနေက ပိုက်ဆံမရပေမယ့် ကိုယ်လုပ်ချင်တာကို လုပ်လို့ရခဲ့တာလည်း ပါတယ်။ အခုနောက်ကလေးတွေ ကျတော့ သွေးတိုးစမ်းတာများတယ်။ ထိပ်ဆုံးရောက်ချင်တဲ့ သူတွေပဲများ တယ်။ ဇာတ်ပို့၊ ဇာတ်ရံမှာ နောက်တက်ကလေးတွေ ရှားလာတာက စိတ်မရှည်ကြတာ။ အခက်အခဲတွေကို ရင်မဆိုင်နိုင်ကြတာများတယ်။ ဇာတ်ပို့၊ ဇာတ်ရံမှာ ၀င်ပါကြတဲ့သူတွေထဲက တကယ်ကို ဇောက်ချလုပ် တဲ့သူက ၄ ရာခိုင်နှုန်းလောက်ပဲရှိ တယ်။ ဒီလိုင်းမှာ ၀င်ချင်တဲ့ လူငယ်နည်းတာက အခြေအနေတွေကြောင့် လို့ထင်တယ်။ အခုက ဒါရိုက်တာတွေမှာလည်း ၀င်ပါပေးမယ့် အုပ်စုတွေရှိကြတယ်။ သရုပ်ဆောင်ကောင်းတဲ့ ဇာတ်ပို့၊ ဇာတ်ရံပဲရှားတာ။

အေးသီတာ

နောက်တက်လာတဲ့ ကလေး တွေက ဇာတ်ပို့၊ ဇာတ်ရံကိုမလုပ်ချင် ကြတော့ မျိုးဆက်အနေနဲ့ ကွာသွားတာတွေရှိတယ်။ ဇာတ်ပို့တစ်ယောက် ရဲ့အရေးပါမှုကို မသိကြတာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ စပြီးသရုပ် ဆောင်လုပ်ကတည်းက မင်းသမီး ဖြစ်ချင်တယ်လို့ မရှိခဲ့ဘူး။ အခုဆို အနုပညာသက်တမ်း ၂၂ နှစ်ရှိပြီ ပေါ့။ မင်းသမီးနောက်တက်တွေ များလာချိန်မှာ ဇာတ်ပို့အငယ်က ရှားလာ တယ်။ အဓိကကျတဲ့ ဇာတ်ပို့နေရာ မှာ အသစ်တွေက မနိုင်ရင် ကိုယ်တွေပဲ လုပ်လိုက်ရတာမျိုးတွေတော့ ရှိတယ်။ ဒါကြောင့် အခုနောက်တက်တဲ့ မင်းသမီးတွေကလည်း ကိုယ့်သူငယ်ချင်းတွေ ဖြစ်နေတာပေါ့။

ဇင်မျိုး
ကျွန်တော်က အနုပညာအလုပ် စလုပ်ကတည်းက ဇာတ်ရံအနေနဲ့ပဲ စ၀င်ခဲ့တာပါ။ ခုခေတ်မှာက ဇာတ်ပို့၊ ဇာတ်ရံတွေက အရင်ကလိုသေချာ မသုံးကြတော့ဘူး။ ဒါရိုက်တာတွေ မှာ သူတို့ရိုက်မယ့် ကားတွေအတွက် ပါပေးမယ့် ဇာတ်ပို့အသစ်တွေ အုပ်စုလိုက်ရှိနေတော့ လူကပေါလာတယ်။ ဒါပေမယ့် ဇာတ်ပို့ကောင်းတဲ့သူ ရှားလာတယ်။ ကျွန်တော်တို့ဇာတ်ပို့တွေ အနေနဲ့ လာငှားတဲ့သူရှိမှပဲ လုပ်ခွင့်ရတာမျိုးဆိုတော့ အနုပညာလျှောက်လမ်းက စမ်းတ၀ါးဝါးပါပဲ။ လက်ရှိ ဇာတ်ကားရိုက်ကူးမှုတွေမှာ ငွေကြေး သုံးစွဲမှုချုံ့လာတာ၊ ကိုယ့်အထက်က လူတွေများလာသလို ကိုယ့်အောက်ကအငယ်တွေ များလာတာတွေကြောင့် ဇာတ်ပို့တွေရဲ့အခန်းကဏ္ဍက အရမ်းကျဉ်းသွားတယ်လို့ ခံစားရတယ်။ ဇာတ်ပို့တစ်ယောက်အနေနဲ့ အောင်မြင်တယ်ဆိုတာ ပရိသတ်အားပေး လက်ခံမှုပဲရှိပြီး အနုပညာလောကမှာတော့ အလုပ်ပေးမှအလုပ်ရမယ့် အနေအထားမျိုးပါပဲ။

တက္ကသိုလ်ဂွမ်းပုံ

အနုပညာလောကထဲကို ၁၉၈၆ ခုနှစ်ကစပြီး ၀င်ခဲ့တာဆိုတော့ အခု ဆို ၂၄ နှစ်ရှိပြီ။ အစ်မတို့ခေတ်က ဇာတ်ပို့၊ ဇာတ်ရံလူတင်နည်းတာ မဟုတ်ဘဲ မင်းသား၊ မင်းသမီးလည်း ရှားတယ်။ ဒီနေ့မှာတော့ မျိုးဆက်သစ်တွေ အရမ်းများလာတယ်။ ဒါပေမယ့် အလှအပကိုမက်ကြတယ်။ သရုပ်ဆောင် ဆိုတာထက် မင်းသား၊ မင်းသမီးဆိုတာကိုပဲဦးတည်တာများ တယ်။မျိုးဆက်သစ်တွေအနေနဲ့ အနု ပညာမှာ သစ္စာရှိပြီးအောင်မြင်မှု ဆိုတာကိုယ့်ကြိုးစားမှုအပေါ်ပရိသတ် က အသိအမှတ်ပြုတယ်ဆိုတာကို အာရုံထားစေချင်တယ်။ နောက်ပိုင်း ဇာတ်ပို့မှာလူများလာပေမယ့် ဇာတ်လမ်းကို အကောင်းဆုံး ပို့ဆောင်ပေးနိုင်တဲ့သူကတော့ ရှားနေတယ်လို့အစ် မမြင်တယ်။ အစ်မတို့ဝင်တုန်းက ရှေ့ က လူတွေက နေရာပေးသင်ပေးကြသလို အစ်မတို့ကလည်း နောက်တက် လာမယ့်ကလေးတွေကို အမြဲကြိုဆိုပါတယ်။

ယွန်းရွှေရည်

သရုပ်ဆောင်ကမ္ဘာ အစီအစဉ်မှာ ၀င်ပြိုင်ရင်းကနေ အနုပညာ လောကထဲ ရောက်ခဲ့တာပါ။ မင်းသမီး ဖြစ်မှရယ်လို့မဟုတ်ပါဘူး။ ဘယ်လိုနေရာပဲဖြစ်ဖြစ် အကောင်းဆုံး သရုပ်ဆောင်ခဲ့ပါတယ်။ အခုချိန်မှာ ဇာတ်ပို့တစ်ယောက်အနေနဲ့ ပရိသတ် အားပေးမှုရခဲ့ပေမယ့် ဒီထက်အောင်မြင်အောင် ကြိုးစားသွားမှာပါ။ မင်းသမီးနေရာမှာ အောင်မြင်ဖို့က ကံ၊ စန်းလည်းလိုသေးတယ်။ ဖြစ်အောင် တော့ကြိုးစားချင်ပါတယ်။ ဖြစ်မလာရင်လည်း သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် ဆက်ပြီးရပ်တည်သွားမှာပါ။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။