Home » » မလေးရှားအစိုးရနှင့် တရားမ၀င်နိုင်ငံခြားသားအလုပ်သမားပြဿနာ

မလေးရှားအစိုးရနှင့် တရားမ၀င်နိုင်ငံခြားသားအလုပ်သမားပြဿနာ

Written By မောင်စေတနာ on Tuesday, March 2, 2010 | 2:25:00 PM



ယနေ့အချိန်တွင် မလေးရှားအစိုးရသည် တရားမ၀င်နိုင်ငံခြားသားအလုပ်သမားဖမ်းဆီးရေးကို ပြင်းပြင်းထန်ထန်လုပ်ဆောင်လျက်ရှိသည်။ မလေးရှားနိုင်ငံအနှံ့အပြား၌ ဖမ်းဆီးသည့်သတင်းနှင့် အဖမ်းခံရသည့်သတင်းများ ပွက်လောရိုက်နေသည်။ တရားမ၀င်အလုပ်သမားများသာမက တရားဝင်နေထိုင်ခွင့်ပါမစ်ဖြင့် အလုပ်လုပ်နေကြသူများလည်း အပြင်မထွက်ရဲကြ။ ဖမ်းဆီးသူများသည် နိုင်ငံသားကဒ်မပြနိုင်သည့် သူမှန်သမျှအကုန်ဖမ်းသည်။ ထိုသို့ဖမ်းဆီးနေသော်လည်း တရားမ၀င်နိုင်ငံခြားသား အလုပ်သမားအရေအတွက်သည် တနေ့တခြား တိုးပွားလျက်သာရှိသည်။ လျော့နည်းလာသည်မရှိ။ အဘယ်ကြောင့်ပါနည်း။

၁၉၅၉-မလေးရှားနိုင်ငံအလုပ်သမားအက်ဥပဒေအရ ရွေ့ပြောင်းအလုပ်သမားများသည် နိုင်ငံသားအလုပ်သမားများနှင့် တန်းတူအခွင့်အရေးခံစားခွင့်ရှိသည်ဟု ဖော်ပြထားသည်။ လက်တွေ့တွင်မူ တရားဝင်အလုပ်လုပ်ခွင့်ပါမစ်ဖြင့် နေထိုင်ကြသော ရွေ့ပြောင်းအလုပ်သမားများသည် ထိုကဲ့သို့တန်းတူခံစားခွင့်ကို မဆိုထားနှင့်။ မလေးရှားအစိုးရသည် ရွေ့ပြောင်းအလုပ်သမားများထံမှ မလေးရှားနိုင်ငံ၌ အလုပ်လုပ်ခွင့်အတွက် အခွန် (Levy) ကို အပြည့်အ၀ကောက်ခံထားသော်လည်း အလုပ်သမားများအပေါ် ကာကွယ်ပေးမှုမရှိသည့်အပြင် အနည်းဆုံးသောလုပ်ခများနှင့် D သုံးလုံးအလုပ်၌သာ လုပ်ကိုင်ခွင့်ရကြသည်။ D သုံးလုံးဆိုသည်မှာ ခက်ခဲသော (Difficult)၊ ညစ်ပတ်သော (Dirty)၊ အန္တရာယ်ရှိသော (Dangerous) အလုပ်တို့ဖြစ်သည်။


မလေးရှားအစိုးရသည် ရွေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်အခွန် (Levy) ကို အလုပ်ရှင်မှသာ ကျခံစေရန် ဧပြီလ ၁-ရက်၊ ၂၀၀၉-ခုနှစ်၌ တရားဝင်ထုတ်ပြန်ထားခဲ့သော်လည်း ယနေ့အချိန်ထိ ၉၅% သောအလုပ်ရှင်များသည် အလုပ်သမားထံမှသာ ဖြတ်တောက်လျက်ရှိသည်ကို တွေ့ရှိရသည်။ သို့သော် မလေးရှားအစိုးရသည် ထို့သို့ဖြစ်နေမှုအား မည်သို့မျှအရေးယူဆောင်ရွက်ခြင်းမရှိဘဲ လျစ်လျူရှုထားခဲ့သည်။ မလေးရှားအစိုးရ၏ ရွေ့ပြောင်းအလုပ်သမားများနှင့် ပတ်သတ်သောကြေငြာချက်များသည် စာရွက်များ၊ သတင်းစာများအပေါ်တွင်သာ တည်ရှိနေပြီး လက်တွေ့တွင် ရွေ့ပြောင်းအလုပ်သမားများအတွက် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။

( ဤနေရာတွင် စကားချပ်အနေနှင့် အနည်းငယ်ပြောလိုသည်မှာ မလေးရှားအလုပ်သမားပွဲစားများထံ၌ အလုပ်လုပ်နေကြသော မြန်မာများရှိကြသည်။ ထိုပွဲစားများသည်လည်း အထက်ပါကိစ္စကို မသိကျိုးကျွံပြုကာ Levy ကြေးကို အလုပ်သမားများထံမှသာ ဖြတ်တောက်လျက်ရှိသည်။ ပွဲစားများထံ၌ အလုပ်လုပ်နေကြသော မြန်မာများသည် levy ကြေးကို အလုပ်သမားမှပေးရန် မလိုသည့်အကြောင်းကို မိမိတို့ မြန်မာအလုပ်သမားများအား တနည်းနည်းဖြင့် အသိပေးသင့်သည်။ မိမိအလုပ်တည်မြဲရေးအတွက် မိမိအမျိုးသားများအား ခေါင်းပုံဖြတ်နေခြင်းကို လျစ်လျူရှုခြင်းသည် “သခင်အားရ ကျွန်ပါးဝ” သဘောမျိုးဆောင်ကြောင်း စာရေးသူထင်မြင်မိသည်။ “ဘယ်သူသေသေ ငတေမာပြီးရော” စိတ်မျိုးမထားကြဘဲ မိမိလူမျိုးအတွက် တတ်နိုင်သည့်ဖက်မှ တာဝန်ယူကြပါရန် စာရေးသူ အလေးအနက်တိုက်တွန်းအပ်ပါသည်။)

မလေးရှားနိုင်ငံ၌ နိုင်ငံသားအလုပ်ရှင်မှ ရွေ့ပြောင်းအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ လုပ်ခလစာမပေးမှုများ၊ အလုပ်ရှင်မှမကြေနပ်လျှင် အလုပ်သမားအား ခွေးမောင်းသကဲ့သို့ မောင်းထုတ်သည့်ကိစ္စများသည် အနှံ့အပြားဖြစ်ပေါ်လျက်ရှိသည်။ ထိုမတရားမှုများကို မလေးရှားနိုင်ငံရှိအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တချို့မြန်မာအဖွဲ့အစည်းများမှ လိုက်လံဖြေရှင်းကြသော်လည်း မလေးရှားအစိုးရ၏ ထိရောက်သော ဆောင်ရွက်မှုကို မတွေ့ရပေ။ သက်ဆိုင်ရာဌာနများသို့ တိုင်ကြားသော်လည်း ထိုတိုင်စာများကို စာရွက်အနေနှင့် ဖိုင်တွဲထဲတွင်သာ သိမ်းဆည်းထားခဲ့ကြသည်။ မလေးရှားအစိုးရသည် တာဝန်မဲ့စွာဖြင့် လျစ်လျူရှုထားခဲ့သည်မှာ ယနေ့အချိန်ထိတိုင်ပင်ဖြစ်သည်။

အထက်ဖော်ပြပါကိစ္စများသည် မလေးရှားနိုင်ငံ၌ တရားမ၀င်နိုင်ငံခြားသားတိုးပွားမှုကိုဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများသာဖြစ်သည်။ မည်သည့်ရွေ့ပြောင်းအလုပ်သမားမဆို မိမိတို့ရပ်ရွာ၌ လုပ်ကိုင်စားသောက်ရန် အဆင်မပြေသဖြင့်သာ သူတပါးတိုင်းပြည်သို့ထွက်ကာ အလုပ်လုပ်ကြခြင်းဖြစ်သည်။ အေးချမ်းစွာလုပ်ကိုင်စုဆောင်း၍ အေးချမ်းစွာသာ မွေးရပ်မြေသို့ ပြန်လည်ထွက်ခွာသွားကြလိုသူများဖြစ်သည်။ မည်သူမျှ ကျီးလန့်စာစား ဘ၀မျိုးကို မနှစ်မြို့နိုင်ကြပေ။ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန်လာရောက်ကြသော ရွေ့ပြောင်းအလုပ်သမားအများစုမှာ တရားဝင်အလုပ်လုပ်ခွင့်ပါမစ်ဖြင့်သာ ရောက်လာကြခြင်းဖြစ်သည်။ မလေးရှားအစိုးရ၏ တာဝန်မဲ့မှုများ၊ နိုင်ငံသားအလုပ်ရှင်၏ခေါင်းပုံဖြတ်မှုများကြောင့်သာ နေရပ်သို့ လည်းပြန်ရန်မဖြစ်နိုင်သဖြင့် တရားမ၀င် (Overstay) ဘ၀ဖြင့်သာ မဖြစ်မနေအလုပ်လုပ်နေကြရခြင်းဖြစ်သည်။

မလေးရှားအစိုးရသည် အထက်ပါကိစ္စများကို လူသားချင်းစာနာထောက်ထားစွာဖြင့် တာဝန်ယူဖြေရှင်းပေးမည်ဆိုပါလျှင် လက်ရှိဖြစ်ပေါ်နေသော တရားမ၀င်အလုပ်သမားဖောင်းပွမှုပြဿနာသည် ပြေလည်သွားနိုင်စရာရှိပေသည်။ ထို့သို့မဟုတ်မူဘဲ မိမိ၏တာဝန်မဲ့မှု၊ မိမိနိုင်ငံသားအလုပ်ရှင်များ၏ လူမဆန်မှုတို့ကို မသိချင်ယောင်ဆောင်ကာ တရားမ၀င်အလုပ်သမားဖောင်းပွနေမှုကို တွင်တွင်အော်ပြီး ဖမ်းဆီးမှုများကိုသာ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက မလေးရှားအစိုးရ၏လုပ်ရပ်သည် ၀ယ်လာသောဖိနပ်သေးနေပါသဖြင့် ခြေဖနောင့်ကို ဓားနှင့်လှီးပစ်သည့် လူအန္ဓတို့၏လုပ်ရပ်မျိုးသာ ဖြစ်နေပေတော့မည်။

မောင်ပါလ ရေးသားထားသော ဆောင်းပါးကို ကူးယူတင်ပြပါသည် ။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။