Home » , » မလေးရှားက လောင်းကစား ဂိမ်းနှင့် ကျွန်တော်တို့ မြန်မာ လူမျိုးများ အကြောင်း (ဗဟုသုတ)

မလေးရှားက လောင်းကစား ဂိမ်းနှင့် ကျွန်တော်တို့ မြန်မာ လူမျိုးများ အကြောင်း (ဗဟုသုတ)

Written By မောင်စေတနာ on Tuesday, July 29, 2014 | 8:09:00 PM


မလေးရှားက လောင်းကစား ဂိမ်းနှင့် ကျွန်တော်တို့ မြန်မာ လူမျိုးများ အကြောင်း (ဗဟုသုတ)

ကျနော် ဒီအကြောင်းကို ရေးဖို့ စဉ်းစားနေတာ ကြာပါပြီ။ အလုပ်များ နေတာကြောင့်ရယ် ၊ ရေးဖို့ အကြောင်း မညီ ညွတ်တာရယ်ကြောင့် ရေးဖို့အတွက် ကြန့်ကြာနေခဲ့တာပါ။ ဒီနေ့ဟာ မလေး လူမျိုးတို့ရဲ့ နေ့ကြီးရက်ကြီး ဖြစ်တာကြောင့် အလုပ်ထဲမှာလည်း Customer မရှိတာနဲ့ ဒီအကြောင်းကို ရေးမယ်လို့ ဆုံးဖြတ်ချက်ချပြီး ရေးဖြစ်ခဲ့တာပါ။ ကျနော် အခု ရေးမယ့် အကြောင်း အရာလေးကတော့ မလေးရှားရောက် မြန်မာ လူမျိုးများနှင့် လောင်းကစားဂိမ်း အကြောင်းကို ရေးသား သွားမှာ ဖြစ်ပါတယ်။ 

ကျနော်ရေးမယ့် အကြောင်းအရာ တွေဟာ မလေးရှား ရောက်ကျနော်တို့ ရွှေမြန်မာ လူမျိုးများအတွက် ဆင်ခြင်ရမယ့် အကြောင်းအရာတွေ စဉ်းစားတွေးတောရမယ့် အကြောင်းအရာတွေကို ကျနော့် ကိုယ့်တွေ့တွေနဲ့ ယှဉ်ပြီး တင်ပြ သွားမှာ ဖြစ်ပါတယ်။ မလေးရှားမှာ ဂိမ်းဆိုတာကြီးကို စသိခဲ့တာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက် ကတည်းကပါ။ 

အဲဒီ အချိန်တုန်း ကတည်းက ဂိမ်းဆိုင်ဆိုရင် မသွားဖို့ နှစ်ကြီးသမားတွေက ပြောပြထားလို့ ဘယ်ဂိမ်းဆိုင်ကိုမှ အ၀င်အထွက် မရှိခဲ့ပါဘူး။ အ၀င်အထွက် မရှိခဲ့ဘူး ဆိုပေမယ့် သူငယ်ချင်းက ခေါ်လို့ Puchong Tesco နားမှာ သူ့သူငယ်ချင်း အလုပ်လုပ်နေတဲ့ဂိမ်း ဆိုင်ကိုတော့ တစ်ခါ ရောက်ဖူးပါတယ်။ အဲဒီတုန်းကတော့ ဂိမ်းဆိုရင် ဖုန်းထဲမှာ ဆော့လို့ရတဲ့ ဂိမ်းလောက်ပဲ သိခဲ့တာပါ။ ကျနော် ကျင်လည်ခဲ့တဲ့ ဘ၀တစ်လျှောက်မှာ ဂိမ်းသမားတွေနဲ့ အများကြီးတွေ့ခဲ့ပါတယ်။ 

ဒါပေမယ့် သူတို့တွေ ဘယ်လို့ဆော့ကြတယ် ဘယ်လိုလုပ်ရတယ်ဆိုတာ ကိုတော့ လုံးဝမသိခဲ့ပါဘူး။ လူတွေရဲ့ ပြောသံတွေထဲက " အဲဒီကောင်က ဂိမ်းသမားနော် ပိုက်ဆံများသွား မချေးနဲ့ ဘယ်တော့မှ ပြန်ရတော့မှာမဟုတ်ဘူး" အဲဒီ ကောင်လာရင် ပိုက်ဆံတွေ သေချာသိမ်းထား" ဆိုတဲ့ အသံတွေဟာ ဂိမ်းသမား တစ်ယောက် အပေါ်မှာထားတဲ့ စိုးရိမ်မှု သံသယ စကားတွေပါပဲ။ တကယ်လည်း အဲဒီ ဂိမ်းဆော့တဲ့ သူတွေက ပိုက်ဆံပြတ်လာပြီ ဆိုရင် ဆေးစွဲနေတဲ့ သူလိုပါပဲ။ ဂိမ်းမဆော့ရရင်ကို မနေနိုင်တော့လို့ သူငယ်ချင်းတွေရဲ့ ပိုက်ဆံ ခိုးတတ်လာတယ်။ မကောင်းမှန်း သိပေမယ့် စိတ်မထိမ်းနိုင်တော့လို့ ခိုးပြီးသွားဆော့ တာပါပဲ။ 

အဲဒီလိုဂိမ်းသမားတွေ  အကြောင်းကို သိနေပေမယ့် ဂိမ်းအကြောင်းကို ကောင်းကောင်း မသိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ၆ လပိုင်း ဘ၀တစ်ကွေ့မှာ လက်ရှိလုပ်နေတဲ့ အလုပ်ကနေ ထွက်ပြီး ဂိမ်းဆိုင်မှာ လုပ်ဖို့ အကြောင်းကြုံလာ ပါတော့တယ်။ ကျနော့် အစ်ကိုကြီး တစ်ယောက် ကလည်း ဂိမ်းဆိုင်မှာ လုပ်နေတယ်ဆိုတော့ လစာကလည်း အရမ်းကောင်းလို့ အဲဒီမှာ လုပ်ဖို့ ဆုံးဖြတ်ပြီး ၀င်လုပ်ဖြစ်ခဲ့ပါတယ်။ အရင်တုန်းက ဂိမ်းဆိုင်မှာ လုပ်ဖို့နေနေသာ သာ အထဲတောင်ဝင် မကြည့်ရဲ့ပါဘူး ။  ဘ၀ရဲ့ပြောင်းလဲမှုလို့ ပြောရမလား အဲဒီမှာ ကြောက်ကြောက်နဲ့ ၀င်လုပ်ခဲ့ပါတယ်။ အဲဒီမှာ စပြီးဂိမ်း အကြောင်းကို အကုန်အစင်  သိခဲ့ရပါတယ်။ ဂိမ်းမှာ ဆော့နည်းတွေကတော့ အများကြီးရှိပါတယ်။ 

လူတွေအများဆုံး ဆော့ကြတာကတော့ မြန်မာအခေါ် ၃၆ ကောင်ပေါ့။ ဒီနိုင်ငံ အခေါ် ROLLUTE (ရိုးလက်) ပေါ့။ ၃၆ ကွက်ရှိတဲ့ အထဲက ကိုယ်ထိုး လိုက်တဲ့ နံပါတ်ထိသွားရင် ၃၆ ဆရပါတယ်။ နံပါတ်တွေက "0 ကနေ 36 " ထိရှိပါတယ်။   အဲဒီတော့ ဂိမ်းဆိုင်ထဲကို ၀င်လိုက်ပြီ ဆိုတာနဲ့ ၀န်ဆောင်မှု တကယ်ကောင်း တဲ့ဆိုင်တွေကျတော့ " အဲဒီ ဂိမ်းဆိုင်မှာရှိတဲ့ ၀န်ထမ်းတွေ  အားလုံးက ဖော်ရွေစွာနဲ့ WELCOME " ဆိုပြီး ကြိုဆို ကြပါတယ်။ ပြီးရင် ဂိမ်းစက်မှာ ထိုင်လိုက်တာနဲ့ ဘာစားမလဲ ဘာသောက်မလဲ အပူလား အအေးလား အစရှိသဖြင့် ၀န်ဆောင်မှုတွေ အပြည့်ပေးကြပါတယ်။ ကိုယ်ဆော့မယ့် ပိုက်ဆံကို ဂိမ်းစက်ထဲမှာ ထည့်ဖို့အတွက် ကောင်တာကို သွားစရာမလိုပဲ ဘဲလ်တီးလိုက်တာ နဲ့ ၀န်ထမ်း တစ်ယောက် ကိုယ့်အနားကို အမြန် ရောက်လာပါလိမ့်မယ်။ 

အဲဒီအခါကျမှ ကိုယ်ဆော့မယ့် ပိုက်ဆံကိုပေး  လိုက်တာနဲ့ ၀န်ထမ်းက ကောင်တာကို အဲဒီပိုက်ဆံ သွားပေးပါတယ်။ မလေးငွေ ၁ ကျပ် ၂ ကျပ်ကအစ သိန်းချီပြီး  ထည့်လို့ရပါတယ်။  စက်ထဲကို ကောင်တာက ပိုက်ဆံ ထည့်ပေးလိုက်ပြီဆိုတာနဲ့ ဂိမ်းစဆော့လို့ရပါပြီ။ အများဆုံး ဆော့ကြတာတော့ ၃၆ ကောင်ပေါ့။ ၁ ကျပ်ဖိုးပေါက်ရင် ၃၆ ကျပ်ရပါတယ်။  ကိုယ်ထိုးတာ ပေါက်သွားလို့ ဆက်မဆော့ချင်တော့ဘူး  ဆိုရင် စက်ထဲမှာရှိတဲ့ ပိုက်ဆံကို "ဆေး " ပြီးပြန်လာလို့ ရပါတယ်။  အဲဒါ ဆိုရင် ဂိမ်းနိုင်တာလို့ ခေါ်တာပေါ့ဗျာ။  အခုလို ကျနော်အသေးစိတ် ပြောပြနေတာ ဆော့ဖို့ မဟုတ်ပါဘူးနော်။ ဗဟုသုတ  ရအောင်လို့ပါ။ (သွားဆော့ကြည့်လို့ ဆော့တတ် သွားရင် ကျနော် တရားခံဖြစ်မှာလည်း  စိုးရသေးတယ် ... ဟဲဟဲ)။ 

ကိုယ်ထိုး လိုက်တဲ့ နံပါတ်က ပေါက်သွားလို့ စက်ထဲမှာ  ပိုက်ဆံအများကြီး ဖြစ်လာပြီ ဆိုရင်လည်း ပိုက်ဆံဆေးပြီးပြန်တဲ့ သူက အရမ်းရှားပါတယ်။ လောဘကဦးစီးနေတဲ့အတွက် ၁၀ နိုင်နေပြီဆိုရင် ၁၀၀ လောက်ရချင်တယ်။  ၁၀၀ လောက် နိုင်နေပြီဆိုရင် ၁၀၀၀ လောက်လို ချင်ကြတယ်။  အဲဒါနဲ့ပဲ နိုင်နေတော့လည်း စက်ကို မဆေးပဲ ဆက်ဆော့တော့ တစ်ဆတစ်ဆ နဲ့စက်ထဲမှာ ရှိတဲ့အနိုင် လေးပါ ကုန်သွားပြီး နောက်ထပ် ထပ်ထည့်ရတော့ တာပေါ့။ နောက်ဆုံးတော့ ရှိတဲ့ ပိုက်ဆံလေးတွေ အကုန်ကုန် တာပေါ့။ အဲဒီလို လာဆော့တဲ့ လူတွေထဲမှာ ဒီမလေးရှားနိုင်ငံ သား  တင် မကပဲ ကျနော်တို့ မြန်မာ လူမျိုးတွေလည်း အများကြီးလာ ဆော့ပါတယ်။   ဘင်္ဂလား ၊ နီပေါ ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား အစရှိတဲ့ လူမျိုးစုံ ဆော့ကြပါတယ်။ 

ကျနော် လုပ်တဲ့  ဂိမ်းဆိုင်မှာတုန်းက မြန်မာ အစ်ကိုကြီး တစ်ယောက်ဆိုရင် အမြဲတမ်း လာဆော့ပါတယ်။ နောက်ကျတော့ စကားစပ်မိလို့ပြောကြည့်တော့ သူက ဒီဂိမ်းကို ဆော့နေတာ ၅ နှစ် ၆ နှစ်လောက်ရှိပြီတဲ့။ ရသမျှ လုပ်အားခ ပိုက်ဆံတွေလည်း ဒီဂိမ်းဆော့တာနဲ့ ကုန်တာပဲတဲ့။ အိမ်ကိုလည်း ပိုက်ဆံတစ်ပြားမှ မပို့နိုင်ပါဘူးတဲ့။ 

သူပြောပြတာကတော့ တစ်ခါ  တစ်လေဆိုရင် " ဒီနေ့ လစာထုတ်တယ် ညကျရင် ဂိမ်းဆော့ လိုက်တယ် မနက်ကျရင် စားစရာတောင်မရှိဘူး " တဲ့ ။ အဲဒါနဲ့ သူငယ်ချင်းတွေ ဆီပိုက်ဆံလိုက်ချေးပြီး အိမ်ခန်းငှားခပေးရတယ်။ ထမင်းစားဖို့ ပိုက်ဆံ ချေးရတယ်တဲ့။ ဒီလိုနဲ့ပဲ ချွေးနဲ့ သွေးနဲ့ရင်းပြီး တစ်လလုံး ရှာထားတဲ့   ပိုက်ဆံလေးတွေ ဂိမ်းဆိုင်မှာပဲ ကုန်သွား ပါတယ်။ အဲဒါနဲ့ ရှိတဲ့ ပိုက်ဆံလေးတွေ ကုန်သွားရော မကျေနပ်သေးဘူး  နောက်လကျရင် တွေ့မယ်ဆိုပြီး အားခဲပြန်ရော့။ 

ဒီလိုနဲ့ပဲ သံသရာလည် နေတာပဲ။   မကောင်းမှန်း  သူလည်း    သိပါတယ်တဲ့။ ဒါပေမယ့် ဘယ်လိုမှ ဖြတ်လို့ မရတော့တဲ့   အကြောင်းပြောပြပြီး ကျနော်တို့တွေ  ကိုလည်း အစ  မလုပ်ဖို့မဆော့ဖို့ ပြောဆို  ဆုံးမ ရှာပါသေးတယ်။ တစ်ချို့ ဆိုရင် မြန်မာတွေ လင်မယား အတွဲ လိုက်ပါလာဆော့တာတွေ ရှိပါသေးတယ်။  မိန်းမက လည်း စက်တစ်လုံးမှာ  ဆော့တယ် ယောက်ကျား  ကလည်း အခြား စက်တစ်လုံးမှာ ထိုင်ပြီးအပြိုင် ဆော့နေကြတာ  ။ နိုင်တဲ့  အခါလေးတွေ ကျရင်တော့ လင်မယား  နှစ်ယောက် ပြုံးပျော်ပြီး ပြန်သွား ကြတာပဲ။   ရှူံးတဲ့ အခါကျတော့ မျက်နှာတွေ ဆူပုတ်ပြီး သေချာတယ် အိမ်ရောက်ရင် ဖိုက်တင်ပေးကြ မယ့်ပုံတွေပဲ။ သူတို့တွေ ဘယ်လောက်ပဲ နိုင်တယ်  ပြောပြော ကျနော်တို့ ဆိုင်ရှင်  သူဌေးရဲ့ ၁၅ ရက်တစ်ပတ် ၀င်ငွေကတော့ မလေးရှားရင်းဂစ် ၅ သိန်းခွဲ  အထက်မှာ ရှိပါတယ်။ 

အဲဒီ လောက်ဝင် ငွေကောင်းနေ မှတော့ လာတဲ့ Cstomer တွေကို ကောင်းကောင်း   ၀န်ဆောင်မှုပေးနိုင်တာ  ဘာဆန်းလို့လဲ။ ငါးကြင်းဆီ နဲ့ ငါးကြင်းကြော်   လိုက်တာပါပဲ။  ပိုက်ဆံကို အလကား ထိုင်ပြီး  ယူနေသလိုပါပဲ။ အလုပ်သမား  တွေမှာက လစာအပြင် ၃ လတစ်ခါ ကော်မရှင်ကလည်း  ပေးပါသေးတယ်။ အဲဒီဝန်ထမ်းတွေကလည်း လစာကောင်းတယ်  ဆိုပေမယ့် အထင်မကြီးနဲ့  ဦးနော်။   တစ်ချို့ ဂိမ်းဆိုင်မှာ   လုပ်တဲ့  ၀န်ထမ်းတွေကလည်း လစာရတာနဲ့ အခြား ဂိမ်းဆိုင်မှာ သွားဆော့တာပါပဲ။ သူတို့ကလည်း ကိုယ့်မျက်စိရှေ့တွေ  ဒီလောက်အများကြီး  လာဆော့နေတော့  သူတို့လည်း ဆော့ကြည့်ချင်ကြတာပေါ့။ ကျနော်နဲ့ ကျနော့်ကိုကြီးက ဂိမ်းဆိုင်မှာ   လုပ်တာဆိုတော့ သူငယ်ချင်းတွေက    အလည်လာကြတယ်လေ။ 

သူငယ်ချင်းတွေက ဘယ်လို ဆော့ရတာလဲ ဒါက ဘာခေါ်တာလဲ အစရှိသဖြင့်   စပ်စုကြတာပေါ့။  စလာတဲ့ အခါမှတော့ မဆော့ကြပါဘူး။ နောက် လာပါများတော့ ကံစမ်းဆိုပြီး  လုပ်လာတယ်။   ကိုယ်တွေကလည်း ကံစမ်းဆိုတော့ လိုက်လျောမိတာပေါ့ ။   နောက်ကျတော့    သူပါဆော့တတ်ရုံမက ကျနော်တို့   ညီအစ်ကိုတွေပါ တစ်ခြား ဆိုင်မှာအုပ်စုဖွဲ့ ပြီးဆော့တတ်လာတယ်။ အစတော့ ၅ ကျပ် ၁၀ ထည့်ဆော့တာဆိုတော့ ပျော်ဖို့ကောင်းပါတယ်။ သွားပါများလာတော့ တော်တော်  ထိလာတယ်။ ကျနော်တို့  တစ်ဖွဲလုံး ညနေအလုပ်ပြီးရင် အချိန်ကို   မှန်နေတာပါပဲ။   ဆော့ပါများလာတော့ လက်က   ရဲလာတယ်။ ကြာတော့ ကျနော်တို့ အဖွဲ့ ဂိမ်းသမားကြီးတွေ ဖြစ်မှန်းမသိကို ဖြစ်နေကြတာ။ ကျနော်တို့ထဲက တစ်ယောက်ဆိုရင် ၁ ရက်ကို ပုံမှန် မလေးငွေ ၇၀၀ ၊  ၈၀၀ ကို ၁၀ ရက်လောက်ဆက်တိုက်နိုင်လာတယ်။ 

ဒါနဲ့အိမ်ကို သိန်းဆယ်နဲ့ချီပြီးပို့ချ  လိုက်တယ်။  ကျနော့်ကိုကြီးကလည်း နိုင်တော့ သူလည်း သိန်းချီပြီးပို့ ပစ်လိုက်တယ်။ ကျနော်ကတော့ သူတို့လောက်လည်း လက်မရဲတော့ အနိုင်အရူံး   မရှိလှပါဘူး။ ဂိမ်းနိုင်လို့ အိမ်ကို  ပိုက်ဆံလွှဲနိုင်တယ်ဆိုပြီး   ၀မ်းသာလို့ မဆုံးတပြုံးပြုံး    အချိန်ပေါ့။           အိမ်ကိုလွှဲပြီးနောက်   ဘာမကြာ ကျနော်တို့   အဖွဲ့သွား ဆော့ကြပြန်ရော့။   အဲဒီညမှာတော့ ကျနော်တို့အဖွဲ့ သားတွေ ဘ၀ပျက်တဲ့ညပေါ့။    သမ္မာ အာဇီဝကျကျ    ပိုက်ဆံမဟုတ်တော့ လက်ထဲမှာရှိတဲ့   ပိုက်ဆံကုန်တဲ့   အပြင် အိမ်ကိုပို့ထားတဲ့ ပိုက်ဆံတွေတောင် ပြန်ပို့ခိုင်းရတယ်။ 

တစ်ယောက် ဆိုရင် တစ်ညထဲနဲ့ မလေးငွေ ၂ သောင်းကျော် တောင်ရှုံးတယ်။ သူအရင်က စုထားတဲ့ပိုက်ဆံတွေရော လစာတွေရော အကုန်ကုန်တော့တာပါပဲ။ ကျနော့်တို့ အဖွဲ့ အဲဒီမှာ တော်တော် သွေးပျက်သွားကြတယ်။ နောက်ဆုံးတော့   ရူံးတာတင်မကပဲ သူငယ်ချင်းတွေ   အချင်းချင်း ယုံကြည်မှုတွေ ပျက်ပြားလာတယ်။ ကျနော်တို့ အဖွဲ့အရင်ကဆိုရင် အရမ်း  ရိုးသားကြပြီး အရမ်းလည်း ပျော်ဖို့ ကောင်းပါတယ်။ ဂိမ်းကြောင့် အကျင့်  စာရိတ္တတွေ ပျက်ပြားလာတယ်။ ကိုယ့်ကိုကိုယ် ယုံကြည့်မှု တွေနည်းလာတယ်။ ရုပ်ရည် ကလည်း ကြမ်းတမ်းလာတယ်။ အချောင် သမားရုပ်တွေပေါက် လာတယ်။ အမြဲတမ်း စိတ်ပင်ပန်း  ရတယ်။ 

အလုပ်ထဲမှာလည်း အမြဲတမ်း အဆင်မပြေမှု တွေနဲ့ ကြုံရတယ်။ အ၀တ်အစားက အစ မသန့်မပြန် ဖြစ်လာတယ်။ အိပ်ချိန်တွေလည်းမမှန်၊ စားချိန်တွေလည်း မမှန်ဖြစ်လာတယ်။ ကျနော်တို့တွေ စဉ်စားကြတယ် ။ ဒီအတိုင်းသာ ရှေ့ဆက်သွားမယ်ဆိုရင်  ဘ၀ပျက်ဖို့ပဲ ရှိတော့တယ်။ ကျနော်တို့ သူငယ်ချင်းတွေ အသိတရားတွေ ရလာကြတယ်။  လောဘကြောင့်  အခုလိုဖြစ်ရတာ။ သူများပိုက်ဆံ အချောင် လိုချင်လို့ အခုလို ကိုယ့်ရဲ့ လစာတွေပါကုန်တဲ့  အပြင်  အကြွေးပါ   တင်ကြတာ။ မဆော့ကြတော့ဖို့  အချင်းချင်း တားမြစ်ကြတယ်။   တစ်ယောက်နဲ့   တစ်ယောက် ၀ိုင်းကူ ဖေးမရင်းနဲ့ ဂိမ်းဆော့ချင်တဲ့ စိတ်ကို ဖြတ်ခဲ့ကြရတယ်။ ဂိမ်းလောကထဲမှာ နစ်မွန်းခဲ့တဲ့ သုံးလဆိုတာ ဟာ တစ်ဘ၀လုံး ပျက်စီးသွားသလို ခံစားရတယ်။ 

အခုဆိုရင် ကျနော်လည်း အခြား အလုပ်မှာ လုပ်ပြီး ကျန်တဲ့  သူငယ်ချင်းတွေလည်း ဘ၀ ကိုယ်စီ အကောင်းဆုံးဖြစ်အောင် အသစ်ကနေပြန်စလို့  တည်ငြိမ်အေးချမ်းတဲ့  ဘ၀တွေကို ရနေကြပါပြီ။  ပရဟိတ ဘက်မှာလည်။ တတ်နိုင် သလောက် ပါဝင်နေကြပါပြီ။  အခုလိုတွေ မြင်လာရတော့ ကျနော်လည်း အရမ်း ကို ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ကျနော်တို့ တစ်တွေ ဂိမ်းထဲမှာ နစ်ပြီးလို့ ဘ၀ကို တော်တော်လေး ပြုူပြင် ထားလို့ မဆုံးသေးခင်မှာပဲ ကျနော့်ရွာကလူတွေ ဂိမ်းဆော့နေတတ်တယ် ဆိုတဲ့  အကြောင်းကို လိုင်းပေါ်မှာ သူတို့ပြောနေကြတဲ့  စကားသံတွေကိုကြားပြီး တော်တော် စိတ်မကောင်း ဖြစ်မိတယ်။ 

ကျနော့်ရွာကလူတွေလည်း ဒီစာကို ဖတ်မိတယ်ဆိုရင် ကိုယ်ကိုကိုယ် အကောင်းဆုံး ဖြစ်အောင် ပြုပြင် နေထိုင်ကြပါလို့ တိုက်တွန်းပါတယ်။  ဒီနိုင်ငံသားတွေ  ထဲမှာလည်း ဒီဂိမ်းနဲ့ ဘ၀ပျက်နေကြတဲ့ သူတွေ အများကြီးရှိနေပါပြီ။  လမ်းဘေးမှာ  အိပ်နေရတဲ့ ဘ၀တွေ အများကြီးရှိသေးတယ်။ ကိုယ့်ဘ၀ကို ဂိမ်းထဲမှာတော့ အနစ်မွန်းမခံကြပါနဲ့။  တက်စီမောင်းတဲ့ မလေး အဖိုးကြီး တစ်ယောက်ဆိုရင် တစ်နေကုန်ကား မောင်းတယ် ညနေကျရင် ဂိမ်းဆော့တယ်။ ရူံးပြီးပြန်သွားတယ်။ နောက်ရက် ထပ်မောင်းတယ် ညနေကျလာဆော့တယ်။ 

သူ့ဘ၀ ဒါနဲ့ပဲ လည်နေတယ်။ မလေးရှားမှာ တစ်ရက်ရတဲ့လုပ်အားခ ကို တစ်ရက်တည်းပဲ ဂိမ်းဆော့ လိုက်လို့ ကုန်သွားရင် သူ့ဘ၀အတွက် ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။ ဂိမ်းဆော့လို့ ချမ်းသာသွားတဲ့ ဒီကမ္ဘာပေါ်မှာ တစ်ယောက်မှ မရှိသေးပါဘူး။  တစ်နေ့တာ ချွေးနဲ့ သွေးနဲ့ရင်းပြီးရှာထားရတဲ့ ပိုက်ဆံလေးကိုတော့ ဂိမ်းဆိုင်မှာ သွားမဖြုန်း စေချင်ဘူး။

ဆော့ချင်တဲ့ စိတ်ဝင်လာရင် သတိလေး  ကပ်လိုက်ပါ။ ကောင်းတဲ့ အလုပ်ပဲ ဖြစ်ဖြစ် မကောင်းတဲ့ အလုပ်ပဲ ဖြစ်ဖြစ် ကြာကြာလုပ်ရင် စွဲသွားတတ်တယ် တဲ့နော်။ မကောင်းတဲ့ အလုပ်မှန်း သိသွားတဲ့နေ့ ရပ်လိုက်ပါ။ မကောင်းတဲ့ အလုပ်မှန်းတော့ သိပါတယ်။ ဆက်လုပ်နေအုံးမယ် ဆိုရင် အဲဒါ လူမိုက်ပဲ။ အဲဒီ လောင်းကစားတွေကြောင့်ပဲ လူတွေ ဘ၀ပျက်ကြရတယ်။ သူခိုးတွေ ဖြစ်ကြတယ်။ ဓားပြတွေဖြစ်ကြတယ်။ အကျင့်စာရိတ္တတွေ ပျက်ပြားပြီး လူဆိုးတွေကို အများကြီး မွေးထုတ် ပေးတယ်။ မိသားစုဘ၀တွေ ပျက်ကြရတယ်။ အဲဒီတော့ ဂိမ်းမှ မဟုတ်ပါဘူး လောင်းကစားဆိုရင် ဘယ်လောင်းကစားမှ မကောင်းပါဘူး။ 

ကိုယ့်ရဲ့ မိသားစု  ဘ၀လေးနဲ့ ခွဲခွာပြီး တိုင်းတစ်ပါး မှာ ပိုက်ဆံ လာရှာကြရတဲ့ ရွှေညီ အစ်ကိုများ ကိုယ့်ရဲ့ ချွေးနဲ့သွေးနဲ့ ရင်းပြီး ရှာထားတဲ့    ပိုက်ဆံလေးတွေကို မိမိ မိသားစု အတွက် ၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ အတွက် အကျိုးရှိစွာအသုံး ချပြီး တိုင်းပြည်နဲ့  လူမျိုးအတွက် အမျိုးကောင်း သား အမျိုးကောင်း သမီးများ ဖြစ်ကြပါစေ။ 

ကျနော်တို့ သူငယ်ချင်းတွေ ကြားမှာမက်ခဲ့တဲ့ အိမ်မက် ဆိုးကြီးတွေလို မမက်ရလေအောင် မလေးရှားရောက် ရွှေညီ အကိုများ အာလုံး "ဂိမ်း"  ဆိုတာကြီးကို အစ မလုပ်မိကြဖို့ ၊ အချောင်လိုချင်တဲ့ စိတ်ဓာတ်ကို ဖယ်ရှားကြဖို့ တိုက်တွန်းရင်း ကျနော့်ရဲ့ ကိုယ်တွေ့ဖြစ်ရပ် များကို တင်ပြလိုက် ရပါတယ် ခင်ဗျား။

ကိုစိုးလွင် (မလေးရှား)
https://www.facebook.com/soelwinkk

စာဖတ်သူ မလေးရှားနိုင်ငံရောက် မြန်မာများ အနေဖြင့် အခုလို ကိုယ်တွေ့ ကြုံခဲ့ရသော အဖြစ် အပျက်များကို အခြားသူများ လိုက်နာ ဆင်ခြင် ဗဟုသုတ ရစေရန် အတွက် Free Online Radio Media (Malaysia News) သို့ ရေးသားပေး ပို့နိုင်သည်။

Admin
Nay Zaw Lin1 @ နေဇော်လင်း
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။