Home » , , » မလေးရှား လေယာဉ်ပေါ်တွင် တရုတ် ခရီးသည်များ၏ ဆွေမျိုးများ ဘေဂျင်းရှိ မလေးရှားသံရုံးသို့ ချီတက်ဆန္ဒပြ

မလေးရှား လေယာဉ်ပေါ်တွင် တရုတ် ခရီးသည်များ၏ ဆွေမျိုးများ ဘေဂျင်းရှိ မလေးရှားသံရုံးသို့ ချီတက်ဆန္ဒပြ

Written By မောင်စေတနာ on Wednesday, March 26, 2014 | 12:22:00 PM

ပျောက်ဆုံး မလေးရှား လေယာဉ်ပေါ်တွင် လိုက်ပါသွားသော တရုတ်ခရီးသည်များ၏ ဆွေမျိုးများနှင့် မိတ်ဆွေများသည် ဘေဂျင်းမြို့ရှိ မလေးရှားသံရုံးသို့ စုဝေးချီတက်ပြီး မလေးရှား အာဏာပိုင်များကို ဆန္ဒပြခဲ့ကြသည်ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။ 

မတ်လ ၈ ရက်နေ့က ပျောက်ဆုံး သွားခဲ့သော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျက်ကျသွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူအားလုံး အသက်ဆုံးရှုံးသွားသည်ဟု ဂြိုဟ်တုမှတစ်ဆင့် သရုပ်ခွဲ လေ့လာမှုများကို ကိုးကားပြီး မလေးရှား ဝန်ကြီးချုပ်က တနင်္လာနေ့ညက ပြောကြားလိုက်ပြီးနောက် အင်္ဂါနေ့မနက်တွင် တရုတ် ခရီးသည်များ၏ ဆွေမျိုးများက ယခုကဲ့သို့ ဘေဂျင်းမြို့ရှိ မလေးရှားသံရုံးသို့ ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 

အရေအတွက်အားဖြင့် ၃၀၀ ကျော်သော အဆိုပါ ဆန္ဒပြသူများသည် ပျောက်ဆုံး လေယာဉ်နှင့် ပတ်သက်ပြီး မလေးရှား အာဏာပိုင်များ၏ သတင်းထုတ်ပြန်ပုံများနှင့် လေယာဉ်ပေါ် လိုက်ပါသွားသူအားလုံး အသက်ဆုံးရှုံးသွားပြီ ဟူသည့် သတင်းကို မိုဘိုင်းလ်ဖုန်း စာတိုပို့ စနစ်မှတစ်ဆင့် ၎င်းတို့ထံ အကြောင်းကြားခဲ့ခြင်းတို့ကို မကျေနပ်သဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်။ 

ဆန္ဒပြသမားများ သံရုံးဂိတ်တံခါး အနီးသို့ ရောက်ရှိသည့် အချိန်တွင် ရာနှင့်ချီသော တရုတ်ရဲအရာရှိများက သတင်းထောက်များကို ဆန္ဒပြသမားများထံ မသွားရောက်နိုင်ရန် တားမြစ်ခဲ့သည်ဟု CNN သတင်းဌာနမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။ ဆန္ဒပြသမားအများစုသည် “ ခရီးသည်တွေအတွက် ကျေးဇူးပြုပြီး ဆုတောင်းပေးပါ” 

“ခရီးသည်တွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက် လာပါစေလို့ ဆုတောင်းပါတယ်” စသည့် စာတန်းများပါသည့် အဖြူရောင်တီရှပ်များကို ဝတ်ဆင်ထားခဲ့ကြသည်။ အချို့ကလည်း “မလေးရှား အစိုးရ အမှန်အတိုင်းပြောပါ၊ ငါတို့ စောင့်နေရတာ ကြာလှပြီ” ဟူသည့် ၎င်းတို့၏ မကျေနပ်မှုများကို ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ 

ခရီးသည်များ၏ ဆွေမျိုးများနှင့် မိတ်ဆွေများသည် ၎င်းတို့အတွက် မလေးရှား လေကြောင်းလိုင်းက စီစဉ်ပေးထားသော ဘေဂျင်းမြို့အနီးရှိ လီဒိုဟိုတယ်မှနေ၍ မလေးရှားသံရုံးသို့ ခြေလျင်ချီတက်ပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဆန္ဒပြသူများသည် အလွန်တရာ ဝမ်းနည်းလျက်ရှိပြီး မလေးရှား အစိုးရကိုလည်း အလွန်တရာ စိတ်ဆိုး ဒေါသထွက်လျက် ရှိသော်လည်း မလေးရှား သံရုံးအရာရှိများက ၎င်းတို့၏ အသနားခံစာကို လက်ခံရယူ ထားလိုက်ပြီးသည့် နောက်တွင်မူ မလေးရှားသံရုံးရှေ့မှ ပြန်လည် ထွက်ခွာသွားကြသည်။ 

မလေးရှား လေကြောင်းလိုင်းသည် ပျက်ကျသွားသော လေယာဉ်ပေါ်တွင် လိုက်ပါသွားသော ခရီးသည် တစ်ဦးစီတိုင်းအတွက် လျော်ကြေး အနေနှင့် အမေရိကန်ဒေါ်လာ ၅၀၀၀ စီ ကျန်ရစ်သူ မိသားစုဝင်များကို ပေးအပ် ထားပြီးပြီ ဖြစ်ပြီး စုံစမ်းရှာဖွေမှုများမှ အချက်အလက်အသစ်များ ထပ်မံတွေ့ရှိလာသည့် အခါတွင်လည်း လျော်ကြေး ထပ်မံပေးရန် ပြင်ဆင်ထားသည်။ “လျော်ကြေး ဘယ်လောက်ပဲ ပေးပေး၊ နှစ်သိမ့်မှုတွေ ဘယ်လောက်ပဲပေးပေး ဆုံးရှုံးသွားတဲ့ အသက်တစ်ချောင်းကို ပြန်အစားထိုးလို့ရမှာ မဟုတ်ပါဘူး” ဟု မလေးရှား လေကြောင်းလိုင်း ဥက္ကဋ္ဌ မိုဟာမတ်နော်ယူဆွတ်က ပြောကြားသည်။ 

၎င်းတို့ လေကြောင်းလိုင်းအနေနှင့် ပျက်ကျသွားသော လေယာဉ်၏ အစိတ်အပိုင်းများကို ဆယ်ယူတွေ့ရှိသည့် အချိန်တွင် ခရီးသည်များ၏ ဆွေမျိုးများကို သြစတြေးလျနိုင်ငံသို့ ခေါ်ဆောင်သွားနိုင်ရန် အတွက်လည်း ပြင်ဆင်ထားသည်ဟု မလေးရှား လေကြောင်းလိုင်းက ထုတ်ပြန် ကြေညာထားသည်။ 

ဗြိတိန် နည်းပညာ ကုမ္ပဏီတစ်ခု၏ နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုပြီး ဂြိုဟ်တု အချက်အလက်များကို သရုပ်ခွဲစိစစ်လေ့လာရာမှာ ပျောက်ဆုံး လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျက်ကျသွားခဲ့သည်ဟု အပြီးသတ် ကောက်ချက်ချပြီးပြီ ဖြစ်သော်လည်း လေယာဉ် ပျက်ကျရသည့် အကြောင်းအရင်းကို ဖော်ထုတ်နိုင်မည့် Black Box အပါအဝင် လေယာဉ်၏ အပျက်အစီး အပိုင်းအစများကိုမူ လက်ရှိအချိန်ထိ ရှာတွေ့ခြင်း မရှိသေးချေ။ 

Source by : The Voice Weekly 

 နေဇော်လင်း 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။