Home » , » မြန်မာလူမျိုး ၅၀ ကို ကုလသမဂ္ဂ ဒုက္ခသည် လက်မှတ်အတု ကိုင်ဆောင်မှုဖြင့် မလေးရှားတွင် တရားစွဲ

မြန်မာလူမျိုး ၅၀ ကို ကုလသမဂ္ဂ ဒုက္ခသည် လက်မှတ်အတု ကိုင်ဆောင်မှုဖြင့် မလေးရှားတွင် တရားစွဲ

Written By မောင်စေတနာ on Thursday, June 20, 2013 | 9:10:00 AM

 

မလေးရှားနိုင်ငံတွင် မြန်မာအယောက် ၅၀ ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ လက်မှတ်အတု ကိုင်ဆောင်မှုဖြင့် မလေးရှားနိုင်ငံ တရားမမှုဆိုင်ရာ တရားရုံးက ဇွန် ၁၇ ရက်တွင် တရားစွဲဆိုလိုက်ကြောင်း မလေးရှား The Sun အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။ အသက် ၁၈ နှစ်မှ ၅၅ နှစ်အကြားရှိ တရားစွဲဆို ခံရသူများက မိမိတို့သည် UNHCR ၏ တရားဝင်ကတ်များကို ကိုင်ဆောင်ထားခြင်းဖြစ်ကြောင်း ပြန်လည်တင်ပြ ခဲ့သော်လည်း တရားသူကြီး နော်ဟာရတီမိုဟာမက်ယူနွတ်က စွဲဆိုချက်ကို ကြေညာခဲ့သည်။ 

၎င်းတို့ ကိုင်ဆောင်ထားသော ကတ်များမှာ အတုများဖြစ်ကြောင်း မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက အတည်ပြုထားပြီး နောက်ထပ်ရုံးချိန်းကို ဇူလိုင် ၁ ရက် သတ်မှတ်ထားကြောင်း သိရသည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေ ၁၉၅၉။ ၁၉၆၃၊ အပိုဒ် ၁၅ (၁) (ဂ)အရ ၎င်းတို့အနေဖြင့် အများဆုံးဒဏ်ငွေ ရင်းဂစ် ၁၀၀၀၀ သို့မဟုတ် ထောင်ဒဏ်ငါးနှစ်နှင့် ကြိမ်ဒဏ်ခြောက်ချက်အထိ ချမှတ်ခံရမည် ဖြစ်သည်။ UNHCR တရားရေး အကြံပေး ပုဂ္ဂိုလ်များက ဖမ်းဆီးခံရသူများကို တရားရုံး အပြင်ဘက်တွင် တွေ့ဆုံရန် ကြိုးပမ်းခဲ့သော်လည်း မလေးရှား အရာရှိများက တားမြစ်ခဲ့ကြောင်း သိရသည်။ 

ကတ်အတု ကိုင်ဆောင်ထားသည် ဆိုသူများနှင့် တွေ့ဆုံခွင့် မရခဲ့ကြောင်း၊ ၎င်းတို့သည် တရားဝင် ဒုက္ခသည်များ ဟုတ်၊ မဟုတ်ကို အတည်ပြုရန် လိုအပ်မည်ဖြစ်ကြောင်း UNHCR က ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လူဝင်မှု ကြီးကြပ်ရေးဌာန၏ တရားစွဲဆိုရေးဆိုင်ရာ အကြီးတန်း အရာရှိ အဗ္ဗဒူလာတစ်ဟမ်ဇာက UNHCR အနေဖြင့် အဆိုပါ ဆောင်ရွက်ချက်များကို မြို့တော်ကွာလာလမ်ပူရှိ ဂျလန်းဒူတာ တရားရုံးတွင် ယခင်ကပင် လုပ်ဆောင်သင့်ကြောင်း ပြောကြားသည်။ 

ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေး ဌာန၏ တရားစွဲဆိုရေး အရာရှိ ဆီပူအန်ဝါအာမတ်က အလားတူပုဒ်မဖြင့် နောက်ထပ် မြန်မာ ၁၃၅ ဦးကို ဇွန် ၁၈ ရက်တွင် တရားစွဲဆိုမည်ဖြစ်ကြောင်း ပြောကြားသည်။ အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံမှ ကိုဝင်းဌေး ဆိုသူကိုလည်း နေထိုင်ခွင့်ကာလ ကျော်လွန်သောကြောင့် တရားမ ဥပဒေအပိုဒ် ၁၅ (၁) (ဂ)ဖြင့် ထောင်ဒဏ်လေးလ ချမှတ်ခဲ့ကြောင်း သိရသည်။ 

ကိုဝင်းဌေးကို ဇွန် ၇ ရက်က ဆလာရန်းဈေးတွင် ဖမ်းဆီးခဲ့စဉ်က အထောက်အထား မှန်ကန်မှု မရှိသည့် စာရွက်စာတမ်းများဖြင့် တွေ့ရှိခဲ့ရကြောင်း ဆီပူအန်ဝါက ပြောကြားသည်။ ဖမ်းဆီးထားသော နိုင်ငံခြားသားများမှာ တရားမ၀င် လမ်းကြောင်းများမှ ၀င်ရောက်လာသူများဖြစ်ကြောင်း ဆီပူအန်ဝါက ပြောကြားသည်။ 

Source by : Eleven Media Group
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။