
ရွှေအောင် - DVB ၀၃ ဧပြီ ၂၀၁၃
မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတချို့ မြန်မာအရက်အတုတွေ သောက်မိပြီး သေဆုံးတာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့ ပူချွန်း၊ ဗလက်ကောင်း၊ ဆာတန်း ရပ်ကွက်တွေနဲ့ ပီနန်မြို့မှာ အရက်အတုတွေသောက်ပြီး သေဆုံးတာလို့ မလေးရှားနိုင်ငံ နှလုံးလှပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ကိုစန်းမင်းဦးက ပြောပါတယ်။
“တော်တော်များသေကြတယ်။ ၂ ယောက်တွဲ၊ ၃ ယောက်တွဲ။ ဒီနေ့ည သောက်ပြီး နောက်နေ့မနက် သေတာရှိတယ်။ ဒီနေ့ညသောက် ညသေတာလည်းရှိတယ်။ အရက်တုတွေက မလေးရှားမှာရှိတဲ့ မြန်မာတွေပဲထုတ်တာ။ မြန်မာနဲ့ တရုတ်တွေပေါင်းထုတ်တာ။”
သူတို့တဖွဲ့ထဲက သင်္ဂြိုဟ်ပေးခဲ့ရတဲ့ အရက်အတုသောက်မိပြီး သေဆုံးသူ ၅ ဦးရှိသွားပြီလို့ ပြောပါတယ်။
အရက်အတုရောင်းတဲ့ဆိုင်တွေက မြန်မာဆိုင်တွေပဲဖြစ်ပြီး သောက်တဲ့သူတွေကလည်း မြန်မာအလုပ်သမား
တွေပဲ ဖြစ်ပါတယ်။
ဒီအရက်အတုတွေဟာ ၁ ပုလင်း ၈ ရင်းဂစ်လောက်ပဲရှိပြီး ဈေးပေါတာကြောင့် ၀ယ်သောက်ကြတာလို့လည်း ဆိုပါတယ်။
ဒီလိုမျိုး အရက် အတုသောက်ပြီး သေဆုံးတာမျိုး အရင်တုန်းက မဖြစ်ခဲ့ဖူးဘဲ ဒီနှစ် ဖေဖော်ဝါရီလ တရုတ်နှစ်ကူးချိန်ကစပြီး အရက်အတုသောက်လို့ သေဆုံးတာတွေ ဖြစ်လာတာ အခုထိပဲလို့လဲ ကိုစန်းမင်းဦးက ပြောပါတယ်။
သူတို့အဖွဲ့က သင်္ဂြိုဟ်ပေးခဲ့ရသူတွေ၊ ကပုန်းနာရေးအဖွဲ့က ကူညီသင်္ဂြိုဟ်ပေးခဲ့ရသူတွေနဲ့ တခြား သိရသလောက် အရက်အတုသောက်ပြီး သေသူပေါင်း ၂၀ ကျော် ရှိနေပြီလို့ သိရပါတယ်။
သေဆုံးသူတွေဟာ စက်ရုံအလုပ်သမား လူငယ်အများစုဖြစ်ပြီး လူလတ်ပိုင်းတွေလည်း ပါလို့ ဆိုပါတယ်။
အရက်အတုတွေ မရောင်းပါနဲ့လို့ သွားပြောလို့လည်း မရတော့ ပညာပေး ပြောပြရတာပဲရှိတယ်လို့ ကိုစန်းမင်းဦးက ပြောပါတယ်။
““နာရေးလိုက်ပို့ လာကြတဲ့ သူငယ်ချင်းတွေကိုလည်း အရက်မသောက်ဖို့ သောက်ရင်လည်း ဈေးကြီးတာကိုပဲ နည်းနည်းပါးပါး ၀ယ်သောက်ကြဖို့။ ဒီမှာရှိတဲ့ ဆရာတော်တွေကိုလည်း ကျနော်တို့ ပြောပြတယ်လေ။ ဆရာတော်တွေကလည်း နာရေးဟောတဲ့ နေရာမှာသော်လည်းကောင်း၊ အလှူတွေမှာ ဟောပြောရာမှာ သော်လည်းကောင်း ထည့်သွင်းဟောပြော ပညာပေးတွေ လုပ်ပါတယ်။”
Source by :DVB TV News




.jpg?width=750)

0 comments:
Post a Comment