
ဟိုးအရင် . . . ကျနော့် မလေးရှားမှာ ရှိနေစဉ်တုန်းကပေါ့။
သူငယ်ချင်းတွေ ၊ အသိတွေ ၊ မသိတွေ ၊ အွန်လိုင်းကနေ မေးမြန်းသူတွေ . . .
မေးကြပါတယ်။
မလေးရှားကို လာချင်လို့ ဘာတွေ လိုမလဲ ဘာညာပေါ့။
ကျနော် မေးလိုက်ပါတယ်။ ဘယ်လောက် စိတ်ရှိ လက်ရှိ လုပ်မယ် ဆိုတဲ့ စိတ်ရှိလဲ ၊ မလေးရှားကို ဘယ်လောက်ထိ မျှော်လင့်ထားလဲပေါ့လေ။
သူတို့ဆီက အဖြေကို ရတော့ ကျနော် ပြောမိတယ်။ မလာပါနဲ့ဗျာ။ ဟိုမှာပဲ လုပ်စားပါလို့။
ဒီတော့ ကျနော့်ကို ရှေ့တင်မှာရော ကွယ်ရာမှာပါ ပြောကြတယ်။
" သူက ကျတော့ စားနေပြီးတော့ သူများတွေ အဆင်ပြေမှာကို မနာလိုလို့ " တဲ့။
" သူကျတော့ ရောက်နေပြီးတော့ သူများတွေ လာမှာ သူ့ဆီက ပေးရလို့လား " တဲ့။
" ပင်လယ်ရေ တစ်ယောက်ထဲ သောက်ချင်နေတာလား " တဲ့
ဒီ့နောက်မှာတော့ ကျနော် ဘာမှ ပြန်မပြောဖြစ်တော့ပါ။ စိုးရိမ်တတ်သော ကျနော် ၊ ဖေးမချင်မိသော ကျနော့်ကို ပြောင်းလဲ ပေးလိုက်ကြတယ်။
ဒီနောက်မှာတော့ " ကိုယ့်ဖာသာ ရပ်တည်နိုင်အောင် ကြိုးစားချင်စိတ် ရှိရင် လာပေါ့လေ " လို့သာ ကျနော် ပြောဖြစ်ခဲ့တော့တယ်။
သူတို့ဖာသာ ရောက်လာပြီး လုပ်ကြည့်ရင် သိလိမ့်မပေါ့။
ဒါပါပဲ။
ဒီမှာ ဘာဖြစ်နေတယ် ဆိုတာ ဒီက လူတွေက ပိုသိနေနိုင်သလို . . . .
ဟိုမှာ ဘာဖြစ်နေတယ် ဆိုတာကိုလည်း ဟိုက လူတွေက ပိုသိနေနိုင်တာပေါ့။
စိတ်ကူးနဲ့ ပုံဖော် အလုပ်လုပ်တယ် ဆိုတာ တခြားသော နိုင်ငံတွေမှာ ဖြစ်နိုင်ပေမယ့် ကျနော်တို့ နိုင်ငံမှာတော့ အတော် ဝေးသေးတယ်။
ဒီလို စိတ်ကူးထားပေမယ့်လည်း ဥပဒေက ပြောင်းသွားတာ ၊ ပေါ်လစီက ပြောင်းသွားတာ ၊ လုပ်ကွက်က ပြောင်းသွားတာ ၊ ဒါတွေကြောင့် စိတ်ကူးတွေ အရူး ချီးပန်း ဖြစ်သွားမှာ သေချာပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်လုပ်မယ် ဆိုရင် သူများတွေ ပြောတဲ့ တက်ပေါင်းများစွာ ဆောင်ထားဖို့တော့ လိုတယ်။
Lကွေ့ ၊ မြွေလိမ် မြွေကောက်ကွေ့ ၊ တစ်ဆစ်ချိုးကွေ့ ၊ ဂငယ်ကွေ့ . . . အစရှိသဖြင့် အကွေ့တွေက များလွန်းလှတယ် မဟုတ်ပါလား။
တက်တွေ ရှိရုံနဲ့တောင်မှ မရပါဘူး။ လှော်မယ် ဆိုတဲ့ အင်အားကလည်း ရှိဖို့ လိုပါသေးတယ်။ မဟုတ်ရင် တက်ကြီး မပြပြနဲ့ နောက်မှာ ကျန်နေခဲ့ရမယ့် အဖြစ်ပါ။
လေးစားစွာဖြင့်
ကိုဇော်
Source by :https://www.facebook.com/zaw357 မှပြန်လည် မျှဝေပါသည်။
0 comments:
Post a Comment