Home » , , » ဒုတိယအကြိမ် စရိယာရာမကျောင်း ယဉ်ကျေးလိမ္မာသင်တန်း ကျင်းပပြီးစီး(သတင်း ဓာတ်ပုံများ)

ဒုတိယအကြိမ် စရိယာရာမကျောင်း ယဉ်ကျေးလိမ္မာသင်တန်း ကျင်းပပြီးစီး(သတင်း ဓာတ်ပုံများ)

Written By မောင်စေတနာ on Monday, January 14, 2013 | 1:55:00 PM


၁၄.၁.၂၀၁၃ တနင်္လာနေ့တွင် မလေးရှားနိုင်ငံ No 4, Jalan 6/21, Section 6, 46000,Petaling Jaya ရှိ စရိယာရာမကျောင်းတွင် မလေးရှားရောက် မြန်မာကလေး လူငယ်များအတွက် ရည်ရွှယ်၍ ဒုတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာသင်တန်း အစီအစဉ်ကို ဆရာတော် ဦးစရိယာနှင့် တပည့် ဒါယိကာ ဒါယိကာမများမှ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခုလို ယဉ်ကျေးလိမ္မာသင်တန်းကို လုပ်ဖြစ်တာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပထမအကြိမ်က ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ၏ ကလေးအထူး တရားပွဲ အစီအစဉ်ကို ကလေး ၁၀၀ လောက်နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ် ဒုတိယ အကြိမ်မှာက နာရေးကူညီမှုအသင်း ဒုဥက္ကဌ ဆရာမကြီး ဒေါ်သန်းမြင့်အောင် လာရောက်ပြီး ကလေးတွေကို ယဉ်ကျေးလိမ္မာသင်တန်း ပေးတယ်။ ဒီနှစ်မှာ ကလေးဦးရေ ၆၀ လောက်နဲ့ သင်တန်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့တယ်။ မလေးရှားရောက် မြန်မာကလေးတွေ အများကြီးရှိပါတယ်။ 

မလေးရှားမှာ သူ့တို့ သာသာနဲ့သူတို့ သက်ဆိုင်ရာကျောင်းတွေမှာ ဘာသာရေး လူမှုရေး ပညာရေးကိစ္စတွေကို သင်ယူခွင့် ရကြတယ်။ ဗုဒ္ဓဘာသာ ကလေးတွေအနေနဲ့ အခုလို မလေးရှားကို ရောက်နေတဲ့ အချိန်တွေမှာ ဘုရား ကျောင်းကန်နဲ့ ယဉ်ပါးအောင် ရဟန်း သံဃာတော်တွေနဲ့ ပြောတတ်ဆိုတတ်အောင် ကလေးတွေရဲ့ စိတ်ထဲမှာ ဘာသာရေး ယဉ်ကျေးမှု အမွေအနှစ်တွေ ကိန်းသွားအောင် တတ်နိုင်သလောက် ကားတွေနဲ့ အကြိုအပို့လုပ်ပြီး လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ မလေးရှားမှာ လူကြီးတွေအတွက် စာပေဟောပြောပွဲများ လုပ်နိုင်သလို ကျင်းပနိုင်သလို မလေးရှားရောက် ဗုဒ္ဓဘာသာ ကလေးတွေ အတွက်လည်း အခုလို ကလေးတရားပွဲတွေ ယဉ်ကျေးလိမ္မာသင်တန်းတွေ လုပ်ပေးစေချင်ပါတယ်။ 

ဒီနေ့ သင်တန်း အစီအစဉ် ဖြစ်မြောက်အောင် အစားအသောက်မျိုးစုံနဲ့ အဖက်ဖက်က လှူဒါန်းကြတဲ့ အလှူရှင်များ ဝေယျာဝစ္စများ လာရောက်ကူညီပေးကြတဲ့ ကုသိုလ်ရှင်များနဲ့အတူ အထူးသဖြင့် ဆရာမကြီး ဒေါ်သန်းမြင့်အောင်မှ ကလေးတွေအတွက် အားတက်သရောဖြစ်အောင် စိတ်ပါဝင်စားအောင် လိမ္မာယဉ်ကျေးအောင် လာရောက်ကူညီပေးတဲ့ အထူးပဲကျေးဇူးတင်ရှိပါတယ် ဟု ဆရာတော် ဦးစရိယ မိန့်ကြားခဲ့သည်။ 

၎င်းအစီအစဉ်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ဒုဥက္ကဌ ကေအယ် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့၏ နာယကဖြစ်သူ ဆရာမကြီး ဒေါ်သန်းမြင့်အောင်သည် ယနေ့ နေ့လည် ၁၀ နာရီအချိန်တွင် စရိယာရာမ ဆန်းဒေးစကူးကျောင်းသို့ ကလေးများအား ဒုတိယအကြိမ်" ယဉ်ကျေးလိမ္မာသင်တန်း"အတွက် ရောက်ရှိပြီး ကလေးများအား စာပေဗဟုသုတများကို လာရောက်သင်ကြားပေးခဲ့သည်။

ကျွန်မ အရင်မလေးရှားကို စရောက်တကည်းက ဆရာတော်ကျောင်းကို ရောက်ဖြစ်ပါတယ်။ ဆရာတော်နဲ့လည်း ရင်းနှီးနေတယ် ခင်တယ်နေတယ် ပြီးတော့ ဆရာတော် ဆန်းဒေးစကူးလုပ်နေတယ် ဆိုတာလည်း သိတယ်။ အရင်မလေးကို ကိစ္စတွေနဲ့ပဲ ရောက်ဖြစ်တယ်။ ကလေးတွေနဲ့လည်း မကြုံမတိုက်ဆိုင်ဘူး ဆိုတော့ အခုတစ်လောက်လာရင်တော့ ကလေးတွေကို စာသင်ပေးဖို့ ဆရာတော်ကို မြန်မာပြည်မှာ ကတည်းက ပြောခဲ့တယ်။ 

စီးပွားရေးကိစ္စကြောင့် လူမှုရေးကိစ္စကြောင့် မလေးရှားကို လာရောက်ပြီး နေထိုင်ကြတဲ့ အခါမှာ ဒီလိုဘုန်းတော်ကြီးကျောင်းတွေကို မိဘတွေက ကိုးကွယ် ဆည်းကပ်ရမှန်းသိတယ်။ ပြီးတော့ ဆရာတော်က ဆန်းဒေးစကူးဖွင့်ပြီး မြန်မာကလေးတွေကို စာသင်ပေးနေတယ် ဆိုတော့ ကျွန်မအနေနဲ့ အထူးပဲ ဝမ်းမြောက်မိပါတယ်။ ကျွန်မ သဘောကတော့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ကလေးတွေနဲ့ တွေ့ချင်တာရယ် ဆရာတော်ရဲ့ ပရဟိတ အလုပ်တွေကို တစ်ဖက်တစ်လမ်းက ကူညီချင်တာကြောင့် ကေအယ်ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ တစ်နှစ်ပြည့် အခမ်းအနားကို လာဖြစ်ရင်းနဲ့ အခုလို တစ်ဖက်တစ်လမ်းကနေ လာကူရင်း လာသင်ဖြစ်သွားတာပါ။ ဒီနေ့ ကလေးအားလုံးနဲ့ တွေ့ရတဲ့အတွက် မိဘတွေနဲ့ ဆရာတော်ကို အတိုင်းအဆမရှိ ကျေးဇူးတင်ပါတယ်ဟု ဆရာမကြီး ဒေါ်သန်းမြင့်အောင်မှ ပြောခဲ့သည်။ 

ဆရာမကြီး ဒေါ်သန်းမြင့်အောင်သည် ကလေးများနှင့်အတူ ဗုဒ္ဓဘုရား၏ အဆုံးအမများ ဘုရားရှိခိုးနည်းများ ကလေးကဗျာများထဲမှ" လိမ္မာတဲ့ကလေး ၊ ကလေးကိုပြောပေးပါ၊ လူမိုက်နဲ့လူဆိုး ၊ ကလေး ၊ စိတ်ကောင်းထားကြစို့ ၊ ဆေးလိပ်မသောက်နဲ့ ၊ ရောင်စုံဘောလုံး ၊ လက်ဆေးကြစို့ ၊ ကွတ်ကီကွတ်ကီ ၊ သူတော်ကောင်း ၊ ခေါင်းကလေး လှုပ်ပါလား ၊ အခြေခံသီလ" စသည့်ကဗျာများ ၊ ငါးပါးသီလ အကြောင်းအရာများ ၊ ယဉ်ကျေးလိမ္မာ ကဗျာများကို ဆရာမကြီးနှင့်အတူ ရွတ်ဆိုစေခဲ့သည်။ 

ယင်းနောက် ကလေးများအား လိမ္မာယဉ်ကျေးလာစေရန် အတွက် ဥပမာများဖြင့် ကလေးများ နားဝင် နားလည်စေရန် အတွက် ဆုံးမပြောပြပြီး တရားထိုင်စေ ခဲ့ပါသည်။ သင်တန်း အစီအစဉ်ကို နံနက် ၁၀ နာရီမှ ၁၂ နာရီ ၊ ၁ နာရီမှ ၃ နရီခွဲ့အထိ ပြုလုပ်ခဲ့ပြီး ယင်းအစီအစဉ်တွင် စရိယာရာမ ဆန်းဒေးစကူးမိသားစုမှ အလှူငွေ(၂)သိန်း ၊ SRI GOMBAK ပရဟိတအဖွဲ့မှ အလှူငွေ(၁)သိန်း ၊ စုစုပေါင်း(၃)သိန်းကို ဆရာမကြီးအား လှူဒါန်းခဲ့သည်။ 

စရိယာရာမကျောင်း သင်တန်းအစီအစဉ်တွင် ကေအယ်ရှိ နှလုံးလှ ပရဟိတသွေးလှူရှင် အဖွဲ့နှင့်အတူ လာရောက်ကြသော ပရိတ်သတ်များအား အစားအသောက်များ ၊ အအေးများနှင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ 




နေဇော်လင်း 
(သတင်း၊ဓာတ်ပုံ) 
Online Radio Media (Malaysia News) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။