Home » , » ကြက်ဆူသီး စားမိသော ကျောင်းသား ၃၀ ကျော် ဆေးရုံရောက်

ကြက်ဆူသီး စားမိသော ကျောင်းသား ၃၀ ကျော် ဆေးရုံရောက်

Written By မောင်စေတနာ on Thursday, December 27, 2012 | 9:18:00 AM



ရန်ကုန်၊ ဒီဇင်ဘာ-၂၀ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးကျေးရွာအုပ်စု မရမ်းကျေးရွာရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား ၃၀ကျော် ကြက်ဆူသီးများစားမိ၍ မူးဝေအော့အန် ၀မ်းလျှောသဖြင့် ဆေးရုံသို့ အချိန်မီပို့ခဲ့ရကြောင်း နမ္မတီးကျေးရွာ အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်က ပြောကြားသည်။ 

ဒီဇင်ဘာ ၁၉ ရက်က မရမ်းကျေးရွာ အထကခွဲကျောင်းမှ နေ့ခင်းပိုင်း အားလပ်ချိန်တွင် ကျောင်းဝင်းအတွင်း စိုက်ပျိုးထားသော ကြက်ဆူပင်မှ ကြက်ဆူသီးများအား ခိုးယူစားသုံးမိရာမှ စတင် ဖြစ်ပွားခဲ့ပြီး ကျေးရွာမှ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက အချိန်မီ နမ္မတီးတိုက်နယ် ဆေးရုံသို့ သုံးဘီးဆိုင်ကယ်များဖြင့် ပို့ဆောင်ခဲ့ရကြောင်း မိုးကောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ဖုန်းကတစ်ဆင့် ပြောကြားသည်။ 

စုစုပေါင်း ကျောင်းသား ၃၈ ဦးတွင် မူလတန်းကျောင်းသား ၃၇ ဦးနှင့် အလယ်တန်းကျောင်းသား တစ်ဦးတို့ ဖြစ်စဉ်၌ ပါဝင်ခဲ့သည်။ အတွင်းလူနာအဖြစ် ၂၄ ဦး ဆေးကုမှုခံယူခဲ့ရပြီး ကျန် ၁၄ ဦးမှာ ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရကြောင်း နမ္မတီးတိုက်နယ် ဆေးရုံမှ ဆရာဝန်ကြီးဦးအောင်နိုင်ဝင်းက ပြောသည်။ “ကလေးတွေ ဒီနေ့ မနက်ဆို ဆေးရုံက အားလုံးဆင်းလို့ရပါပြီ။ ဖြစ်ဖြစ်ချင်း ခေါင်းတွေမူးမိုက်ပြီး အန်တယ်။ 

ဝမ်းတွေလျောတယ်။ တချို့ ကျောင်းသားတွေထဲက တစ်ယောက်နှစ်ယောက်က ဆေးရုံကို မလာဘဲ အိမ်ပြန်သွားတာ။ အိမ်ရောက်တော့မှ အခြေအနေ အရမ်းဆိုးလာတော့ ဆေးရုံကို ပြန်ပို့ကြတယ်။ အားလုံးအချိန်မီသွားလို့ မစိုးရိမ်ရတော့ပါဘူး” ဟု ဦးအောင်နိုင်ဝင်းကပြောသည်။ ကျောင်းသား အများစုမှာ ကျောင်းဝင်းအတွင်း ကြက်ဆူပင်မှ ကြွေကျ နေသည့် ကြက်ဆူသီးများကို ကောက်ယူစားသုံးရာမှ မူးဝေအော့အန် လာသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ပြီး အဆိုပါ ကျောင်းမှာ ဆရာ၊ ဆရာမ အင်အား ၁၉ ယောက်၊ ကျောင်းသူ၊ ကျောင်းသား ၆၀၀ ကျော်ဖြင့် ပညာသင်ကြားလျက်ရှိသော အထကခွဲကျောင်းဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီးက ပြောသည်။ 

ယခင် အစိုးရလက်ထက်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ပျိုးခဲ့သော ကြက်ဆူပင်အများစုမှာ လက်ရှိတွင် ဒေသအချို့၌ ဖြစ်ထွန်းအောင်မြင်မှု နည်းပါးနေသည်။ အစိုးရဌာန များ၊ ကျောင်းများ၊ ဆေးရုံများတွင် ယခင်က မစိုက်မနေရ စီမံချက်ပုံစံဖြင့် စိုက်ပျိုးခဲ့ရသော ကြက်ဆူပင်မှ ကြက်ဆူသီးမှာ ဇီဝလောင်စာအဖြစ် ထုတ်လုပ်နိုင်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် အနည်းဆုံးကြက်ဆူပင် ဧကငါးသိန်းကျော်စီ မစိုက်မနေရ သတ်မှတ်ခဲ့ကြောင်း ယခင်အစိုးရ လက်ထက်ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြပါရှိခဲ့သည်။ 

Source by :7daynews
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။