(MR NELSON TAN မှ မြန်မာ့ဂုဏ်ရည်ကျောင်း ဆရာတော်ထံ ကထိန်သင်္ကန်း ကပ်လှူနေစဉ်)
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ မွှားမြို့လေးကား ကွာလာလမ်ပူမြိုတော်ကြီးမှ၂နာရီခန့်မျှကားဖြင့်သွားမည် ဆိုပါက ရောက်ရှိနိုင်သလို၊ ရှေ့ဆက် သွားမည်ဆိုပါက မလေးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော် ဖြစ်သော ဂျိုဟိုးမြို့တော်ကြီးကို ရောက်ရှိမည် ဖြစ်ပါသည်။
မွှားမြို့လေးဟာ ပထမမြို့တော်ကြီးဖြစ်သော ကွာလာလမ်ပူမြို့နှင့် ဒုတိယမြို့တော်ဖြစ်သော ဂျိုဟိုးဘာရု မြို့တို့၏ အလည်ဗဟိုလောက်တွင်တည်ရှိကာ လူမျိုးပေါင်းစုံ အတူတကွ ညီညွတ်စွာဖြင့် နေထိုင်ကြသော မြို့ငယ်လေးဖြစ်ပါသည်။ ထိုမြို့အ၀င်ဝတွင် မလေးလူမျိုးအများစုမှီတင်းနေထိုင်ကြ၏၊၊ အတွင်းပိုင်း တွင်တော့ တရုတ်၊ အိန္ဒိယ၊ မလေးလူမျိုးများအပြင် နိုင်ငံစုံမှ လာရောက်ကြသော အလုပ်သမားတို့ဖြင့် စည်ကားလှ၏။
မလက်ကာ ရေလက်ကြားသို့ စီးဝင်သွားသော မွှားမြစ်ကမ်းဘေးတွင် တည်ရှိနေသောကြောင့် ရေလမ်း၊ ကုန်လမ်း နှစ်မျိးဖြင့် ရောင်းဝယ် ဖောက်ကား စီးပွားလုပ်ကိုင်ဖို့ရာအခွင့်အလမ်းများလေ၏။ သေးငယ်သော မြို့လေးဖြစ်သော်လည်း မြို့ပြင်ဝန်းကျင်တွင်တော့ ကြီးမားသော စက်ရုံကြီးများ၊ အလုပ်ရုံကြီးများ၊ ဆီအုန်းခြံ ကြီးများ၊ ဒူးရင်းသီးစိုက်ခင်းကြီးများဖြင့် ၀န်းရံကာ ရာသီတုမှာ အမြဲတမ်းစိုစွတ်နေသောကြောင့် လမ်းဘေး တလျှောက်ရှိ သစ်ပင် ပန်းပင်တို့မှ ၁၂ ရာသီလုံး စိမ်းစိုလန်းဆန်းနေ၏၊ ထိုမြို့ရှိ စက်ရုံ၊ အလုပ်ရုံ ကြီးများသို့ လာရောက်ကြသူ အလုပ်သမားအများစုမှာ ဘင်္ဂလားရှေရ်၊ မြန်မာ၊ နီပေါ၊ အင်ဒိုနီးရှား နိုင်ငံတို့မှ အများစု ဖြစ်ကြလေ၏၊
မြန်မာနိုင်ငံမှ လာရောက်ကာ မွှားမြို့တွင် နေထိုင်ကြသော လူဦးရေမှာ ပျှမ်းမျှ တထောင်ကျော် ၀န်းကျင်ရှိသော်လည်း မိမိတို့ရောက်ရာ အလုပ်ဌာနတွင် နေထိုင်ကြရသောကြောင့် တဦးနှင့်တဦးတွေ့ဖို့ ဆုံဖို့ရာ မြန်မာဆိုင်များတွင် အလုပ်ပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့များတွင် တွေဆုံကြရလေ၏၊ မြန်မာဆိုင် ဖြစ်သည့်အားလျှော်စွာ အသောက်အစားတို့ဖြင့် မကင်းရကား မိမိနေထိုင်ရာ အနီးဝန်းကျင်တွင် အလှူအတန်းလေးများ လွယ်ကူစွာဖြင့် ပြုလုပ်နိုင်ရန် ဘုန်းတော်ကြီးကျောင်းလေး တကျောင်းရှိစေ ချင်သော ဆန္ဒမှာ ဗုဒ္ဓဘာသာလူငယ်အချို့၏ ရင်ထဲတွင် ကိန်းအောင်းနေလေ၏။
ထိုဆန္ဒကိုစတင်အကောင် အထည်ဖော် ပေးကြသူများမှာ ယနေ့အချိန်တွင် အမေရိကန်နိုင်သို့ ရောက်ရှိသွားသော မောင်နဂါးနှင့် စင်္ကာပူတွင် ရောက်ရှိနေသော မောင်ဖိုးလုံးတို့ သူငယ်ချင်း နှစ်ယောက်ဖြစ်လေ၏၊ မွှားမြို့လယ် ခေါင်တနေရာတွင် ခြုံနွယ်ပိတ် ပေါင်းတို့ဖုံးအုပ်ကာ လူမနေတာ ကြာပြီဖြစ်သော ၂ ထပ်အိမ်ကြီး တလုံးကိုအနီးအနားက ဖြတ်သွားဖြစ်လာ လုပ်တိုင်းဒီအိမ်ကြီးငှားပြီး ဒို့ဘုန်းကြီးကျောင်းလေး တည်ထောင်ရင် ကောင်းမှာပဲလို့ သူငယ်ချင်းတစုတို့ တောင့်တ မိကြသလို အချင်းချင်းတိုင်ပင်ကြ၏၊
ထိုအိမ်ရှင်မှာ ကွာလာ လမ်ပူမြို့တွင်နေကြောင်း၊ ၀ပ်ရှော့ဖွင့်ချင်သူ တယောက်မှ တလလျှင် ရင်းဂစ် (၈၀၀) မြန်မာငွေ (၂) သိန်းဝန်းကျင်ပေးမည်ဟု ငှားသော်လည်း မငှားပဲမြက်တောကြီး အတိုင်းထား သည်မှာ နှစ်အတော်ကြာပြီ ဖြစ်ကြောင်း ပတ်ဝန်းကျင်မှ သိရသောအခါ မိမိတို့ဆန္ဒမှာ မှေးမှိန်သွားလေ၏။ သို့သော် မိမိတို့သည် ဒီအိမ်ကြီးတွင် စီးပွါးလုပ်ရန်မဟုတ်၊ ကုသိုလ်ရေး၊ ဘာသာရေးလုပ်ရန်ဟူသော မွန်မြတ်သော ရည်ရွယ်ချက် တို့ရှိရကား တဖန်ပြန်လည်၍ အားတတ်မိသလို ဒိနေရာတွင် ကျောင်းဖွင့်လို့ ရနိုင်မည်ဟု မသိစိတ်တွင် ယုံကြည်မှုတို့မှာ ခိုင်မာနေ၏။
သို့နှင့် ဘေးအိမ်မှ ဖုံနံပါတ်ရသောအခါတွင် အိမ်ရှင်ထံဖုံးဆက်လိုက်ကြ၏၊ အိမ်ရှင်များမှ ထုံးဆံအတိုင်း သိလိုသည့် အချက်တွေကို မေးမြန်းကြရာတွင် မိမိအိမ်ကိုငှား၍ မြန်မာဘုန်းတော်ကြီးကျောင်း ဖွင့်လိုပါသည် ဟူသော တဖက်မှ ခွင့်တောင်းလာမူကားများစွာ အံ့သြရလေ၏၊ ထို့နောက် အကြောင်းပြန်ပါမည်ဟု ပြောကာ အိမ်ရှင် ဇနီးမောင်နှံတိုင်ပင်ကြ၏၊ ဒီအိမ်ကြီးတွင် အဘိုးအဘွား၊ မိဘတို့ခေါင်းချသွား၏၊
ဗုဒ္ဓဘာသာတို့ သက်ဝင်ယုံကြည်မူအတိုင်းဆိုလျှင် သူတို့ထားခဲ့သော ဒီအိမ်ကြီးကို ဘာသာရေး ကျောင်းဖွင့်ခွင့်ပေးခြင်းဖြင့် သွားလေသူတို့အတွက်ကျေးဇူးဆပ်ရာလည်းကြမည်၊ မိမိတို့လည်း ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ တပည့်အရင်းအချာတွေ ဖြစ်သလို ဆရာတော်ကြီး၏ တရားတော်များ နာကြားရသဖြင့် ထိုက်သင့် သလောက် ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်ခဲ့ကြ၏၊
ယခုတော့ ကုသိုလ်အခွင့်အရေးကြီး ရလေပြီဟု ၀မ်းမြောက်ကာ MR NELSON TAN တို့ဇနီးမောင်နှံမှ သူတို့အိမ်ကြီးကို (အခမဲ့) မြန်မာဗုဒ္ဓဘာသာတို့အတွက် ဘာသာရေးအသုံးပြုခွင့် ပေးခဲ့သလို၊ သန့်ရှင်းရေး ပြုပြင်ရေးလုပ်များအတွက်ပါ အလှူငွေစိုက်ထုတ်ကာ အားပေးကူညီကြလေ၏၊ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ထလေ့ထုံးတမ်းများနှင့်အညီ ကျင်းပလေ့ရှိသော သင်္ကြန်ပွဲ၊ ၀ါဆိုပွဲ၊ ကထိန်ပွဲနှင့် မလေးရှားနိုင်ငံ၏ရက်ရှည် ရုံးပိတ်ရက်များတွင် ပြုလုပ်လေ့ရှိသော တရုတ်နှစ်သစ်ကူး၊ မလေးနှစ်သစ်ကူး ဟာရီရာယာနေ့များတွင် ပြု လုပ်လေ့ရှိသော စုပေါင်းဒုလ္လဘရဟန်းခံပွဲများတွင် တဦးတည်း အစားအသောက် အလှူရှင်အဖြစ် အမြဲပြု လုပ်လေ့ရှိ၏၊
ယခုနှစ်ဆိုလျှင် မွှားမြို့သို့ လာရောက်ကြသော ဗုဒ္ဓဘာသာဝင်ညီကိုမောင်နှမတို့နှင့်လက်တွဲကာ ကျင်းပပြုလုပ်ခဲ့သော ကထိန်အလှူတော်ကြီးဟာဖြင့်(၄) နှစ်ပြည့်မြောက်ခဲ့ပါပြီ၊ ကထိန် အလှူတော်ကြီး၏
နှစ်စဉ်နှစ် တိုင်း ကထိန် ဒါယကာဟာလည်း MR NELSON TAN မိသားစု ပင်ဖြစ်လေ၏၊အမိမြေမှ အဝေးရောက် ဗုဒ္ဓဘာသာလူငယ် တို့ဒါန၊ သီလ၊ ဘာဝနာတရားအလုပ်တွေ၊ လူမူရေး အလုပ်တွေကို အေးချမ်း စွာဖြင့် အတူတကွ ပြုလုပ်နိုင်ကြသည့် အတွက် အင်မတန်စိတ်ထား မွန်မြတ်သန့်စင်သော မလေးရှား နိုင်ငံသား MR NELSON TAN တို့မိသားစု၏ ကျေးဇူးတရားကို အကြိမ်ကြိမ် သာဓုခေါ်လိုက်ရပါ၏။
Source by : ဦးစရိယ
စရိယာရာမကျောင်း
0 comments:
Post a Comment