Home » , , » ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ဖြစ်ပေါ်လာပုံ သမိုင်း

ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ဖြစ်ပေါ်လာပုံ သမိုင်း

Written By မောင်စေတနာ on Sunday, October 28, 2012 | 9:17:00 PM


ကရင်လူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။ အရှေ့ပိုးကရင် ဗုဒ္ဓဘာသာအနွယ်ဝင်တို့သည် ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်း ကျင်းပခြင်းကို အစဉ်အလာတစ်ရပ်အဖြစ် ပြုမြဲရှိကြသည်။

ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာတွင် ရေကြည်ရာမြက်နုရာ အရပ်ဒေသသို့ ရှာဖွေရာ၌ အစဦးတွင် တစ်အုပ်စုတည်း ဆင်းသက်လာသူတို့က နောင်အခါတွင် အုပ်စုများ ခွဲထွက်ကြလေသည်။ ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်အခါ ပြန်လည်တွေ့ဆုံသည့် အခါသော် လည်ကောင်း၊ တစ်အုပ်စုနှင့်တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်းသိရှိမှတ်သားနိုင်ရန် လက်တွင် ချည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြသည်။ 

ထိုသို့ လက်တွင် ချည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထားရာမှ မျက်မှောက်တွင် လက်ချည်မင်္ဂလာပြုခြင်း တည်ရှိလာခဲ့ကြသည်ဟု အဆိုရှိကြသည်။ ကရင်လူမျိုးများသည် ရေကြည်ရာ၊ မြက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ်(အမိဘက်)၊ ဖါ-ထါ်(အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ 

ထို့ သို့  အုပ်စုမကွဲမှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်းအသိ အမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (၁) ဖူ့ထိုဝ်မဲပါ၊ (၂) ဖူ့က်ုဆင့်မဲပါ၊ (၃) ဖူ့ဒေတ်၊ (၄) ဖူ့ကျာပံင်၊ (၅) ဖူ့လေံင်.ဃှယ့်၊ (၆) ဖူ့မါန်ထ၀့်၊ (၇) ဖူ့ဖါ့သိင်း၊ (၈) ဖူ့တ်ုကုံ့၊ (၉) ဖူ့ဖုးသူရေင့် စသည့် ကိုးယောက်သောခေါင်းဆောင်များက မိမိတို့ ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။

 ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာနှင့်လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ မိုးဦးကျ၍ တောင်ယာနှင့် လယ်လုပ်ငန်းကို သူသူငါငါ လုံးပန်းနေချိန်တွင် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်စုတစ်ခုနှင့်တစ်ခု တစ်ရွာနှင့်တစ်ရွာ တွေ့ဆုံနိုင်ရန် မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက်ပြီး စိုက်ပျိုးပြီးသည့် ၀ါခေါင်လတွင် ခေတ္တ အားလပ်ကြ၍ အချင်းချင်းတွေ့ဆုံနိုင်ကြရန် အကောင်းဆုံးအချိန်ဖြစ်သည်။ 

သို့ကြောင့်ပင် စုပေါင်းမင်္ဂလာ လက်ချည်ချင်းကို ၀ါခေါင်လတွင်ရွေးချယ်၍ ခင်းကျင်းကြလေသည်။ ၀ါခေါင်လ လက်ချည်ခြင်းကို ရှေးကရင်လူကြီးများက ကြီးမားသော ရည်ရွယ်ချက်များ ထားရှိပေသည်။ ၀ါခေါင်လရောက်လျှင် ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုများပြန်လည်စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေးကို အဓိကရည်ရွယ်၍ စုပေါင်းလက်ချည်မင်္ဂလာပြုကြလေသည်။ 

ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍ လုပ်ကိုင်ခြင်း စားသောက်နှင့် ကြုံတွေ့ရသောဘေးအန္တရာယ်ကို စုပေါင်း၍ တွန်းလှန်ကာကွယ်လေ့ရှိသလို ၀ါခေါင်လရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ၀တ္တရားမပျက်လက်ချည်ကြသည်။ ၀ါခေါင်လတွင် တစ်ရွာလုံး၊ တစ်နယ်လုံးစုပေါင်း၍ လက်ချည်ခြင်းဖြစ်ရာ ၀ါခေါင်လလက်ချည်ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။ ၀ါဆိုလလွန်၍ ၀ါခေါင်လရောက်လာလျှင် စားသုံးရန်ရိက္ခာများ လျော့နည်း လာ၏။ အိမ်ထောင်စုအလိုက်၊ 

ရွာအလိုက် တောင်ယာလယ်ခင်းမှ သီးနှံများမပေါ်မီအထိ ရိက္ခာများမပြတ်စေရန် လိုအပ်လာသည်။ ထိုသို့ရိက္ခာများချွေတာ စားသောက်ရေးကို လူကြီးများကသတိပေးကြသည်။ ထိုအတူ ၀ါခေါင်လသည် မိုးသည်းထန်စွာ ရွာသွန်း၍ အအေးဓါတ်လည်း လွန်ကဲနေသည်။ ချောင်းရေ၊ မြစ်ရေများလျှံ၍ ရေကြီးတတ်သည်။ ထိုအခါ ရောဂါများထူပြော၍ မမာမကျန်းဖြစ်လာတတ်ပေသည်။ 

အချို့က ၀ါခေါင်လသည် အေးသောရာသီဖြစ်၍ ပတ်ဝန်းကျင်တွင်အေးပြီး အတွင်းဝမ်းမီးတောက်၍ စားသမျှအဟာရကြေလွယ်ပြီး ခံတွင်းမြိန်စားသောက်ကောင်းခြင်းကို ဘီလူး သဘက်များဝင်စားသည်ဟု ထင်ရလောက်အောင် အစားအစာကုန်ခြင်းကို "လာဖူ့၊ လာဏား" မကောင်းဆိုးဝါးလဟူ၍ မှတ်ယူကြသည်။ အမှန်မှာမကောင်းဆိုးဝါးလ မဟုတ်ချေ။ 

ဝါခေါင်လတွင် ခံတွင်းမြိန် စားသောက်၍၀င် အာဟာရ တွေ့သောလသာဖြစ်သည်။ ကရင်ရိုးရာ လက်ချည်ခြင်းကို အရှေ့ပိုးကရင်အခေါ်အားဖြင့် "ခိုင်စူး" ဟူ၍ခေါ်ကြသည်။ "ခိုင်" မှာမင်္ဂလာပြုသောခြည် ဖွဲ့နှောင်ခြင်းဖြစ်ပြီး "စူး" မှာလက်ကိုခေါ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာချည်ဖြူဖြင့် လက်ကို ရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်သည်။ 

မင်္ဂလာပြုခြင်းအဖြစ် လက်ချည်ခြင်းရှိသလို ရိုးရာကုထုံးများအဖြစ် လက်ချည်ခြင်းလည်းရှိသည်။ ယခုအခါ ရိုးရာကုထုံးအဖြစ်လက်ချည်ခြင်းသည် တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာလျက်ရှိသည်။ ကရင်ရိုးရာလက်ချည်ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးသုံးစားရှိသည်။ ထိုသုံးမျိုးသုံးစားသည် အခြေအနေ အချိန်အခါကိုလိုက်၍ ပြုလုပ်လေ့ရှိသည်။ ယင်းတို့မှာ...(၁) လိပ်ပြာခေါ်လက်ချည်ခြင်း (လာဟှာခါင်စူး)၊(၂) ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်း (အှ်ဃှုက်တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ၀ါခေါင်လ လက်ချည်ခြင်း (လာခုဂ်ခါင်စူး) ဟူ၍ဖြစ်သည်။ 

လက်ချည်ခြင်းပြုရာတွင် ဒေသကိုလိုက်၍သော်လည်ကောင်း၊ ပတ်ဝန်းကျင်ထိတွေ့မူအရ နွယ်စပ်လာ၍သော်လည်ကောင်း၊ လုပ်နည်းလုပ်ဟန်များ၊ အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေတတ်သည် ရှိသော်လည်း လက်ချည်ခြင်းရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။ အနှစ်သာရအားဖြင့် တူညီလျက်ရှိသည်။ 

ချည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိ၍ ၄င်းတို့၏ အဓိပ္ပါယ်မှာ (၁) ဆန်ကော၊ (၂) ယောက်မ၊ (၃) ချည်ဖြူ၊ (၄) ကြံ၊ (၅) ငှက်ပျောသီး၊ (၆) ထမင်းဆုပ်၊ (၇) ကောက်ညှင်းထုပ်ဖင်ချွန်၊ (၈) နတ်ပန်းညို(ဖ၀့်ဝီ)၊ (၉) ရေ စသည်တို့ ဖြစ်ပါသည်။ 

Source by : မူရင်း-http://kyokorea.blogspot.com/ 
From: မြန်မာတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်များ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။