Lazy Club တီးဝိုင်းနှင့် မြန်မာ အဆိုတော်လေးဦးတို့ သြစတြေးလျ နိုင်ငံပါ့သ်မြို့နှင့် မဲလ်ဘုန်းမြို့တို့တွင် သွားရောက်ဖျော်ဖြေခဲ့ပြီး မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ Lazy Clubတီး ၀ိုင်းနှင့်အတူ ပါဝင်ဖျော်ဖြေပေးခဲ့သည့် တေးသံရှင်များမှာ အဆိုတော် Rဇာနည်၊ ဇော်ပိုင်၊ ရေဗက္က၀င်း၊ Lဆိုင်းဇီ တို့ဖြစ်ကြသည်။
“ကျွန်တော်တို့ မတ်လ ၆ ရက် နေ့မှာ ဘန်ကောက်မှာ တစ်ညအိပ်ပြီး ၇ ရက်နေ့မှာပါ့သ်မြို့ကို ရောက်ပါတယ်။ အဲဒီမှာရှိနေတဲ့ မောင်မောင်ဇော်လတ်၊ ခရစ္စတိုဖာ၊ ဂရေဟမ်တို့ နဲ့ တွေ့ခွင့်ရပါတယ်။ ပွဲစီစဉ်သူတွေ က အလည်အပတ်အဖြစ် တော်တော်လေးကို စုံစုံလင်လင် ပို့ပေးခဲ့ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ ပါ့သ်မြို့မှာ ဖျော်ဖြေရပြီး ဖျော်ဖြေပွဲကို နှစ်ပိုင်းခွဲ တင်ဆက်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အထူး အစီအစဉ်အဖြစ် ခရစ္စတိုဖာနဲ့ ဂရေဟမ်တို့ ပူးပေါင်းဖျော်ဖြေခဲ့တယ်။ အဲဒီပွဲမှာ ပရိသတ် တော်တော်များခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်တဲ့ ပွဲလေး ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒုတိယပွဲကိုတော့ မဲလ်ဘုန်းမြို့မှာ ဖျော်ဖြေတင်ဆက်ခဲ့တာပါ။ မဲလ်ဘုန်းမြို့ ပွဲစီစဉ်သူတွေဖြစ်တဲ့ တိုနီတို့ကတော့ အဓိက ပွဲစီစဉ်သူတွေပေါ့။
ပါ့သ်မြို့က ပွဲစီစဉ်သူတွေဖြစ်တဲ့ ဂျူနီယာတို့က သူတို့နဲ့ co-sponsor တွေအဖြစ် ပေါင်းပြီး စီစဉ်ပေးတာပါ။ မဲလ်ဘုန်းမြို့မှာလည်း ပရိသတ်က ပြည့်လုနီးပါးလာခဲ့ပြီး ကျေနပ်စရာ ကောင်းလောက် အောင်ကို အားပေးခဲ့ပါတယ်။ သြစတြေးလျခရီးစဉ်က Lazy Clubအတွက် ပထမဆုံး ဖြစ်တာကြောင့် အတွေ့အကြုံသစ်တွေ ရသလို အနုပညာလည်း ပြန့်ပွားတယ်။ ပရိသတ်တွေကလည်း လိုလိုလားလား အားပေး ကြတယ်ဆိုတော့ ၀မ်းသာစရာနဲ့ အဆင်ပြေတဲ့ပွဲလို့ ဆိုရမှာပါ”ဟု Lazy Clubတီးဝိုင်းမှ မန်နေဂျာ စိုးနိုင်ထွန်းက ရှင်းပြခဲ့သည်။
Lazy Club၏ သြစတြေးလျ ဖျော်ဖြေရေး ခရီးစဉ်မှာ ၁၅ ရက်ဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး ဆစ်ဒနီနှင့် ဘရစ္စဘိန်းမြို့တို့သို့ သွားရောက် ဖျော်ဖြေလိုသော်လည်း အချိန်မလုံလောက်သောကြောင့် သွားရောက် ဖျော်ဖြေနိုင်ခြင်း မရှိခဲ့ဟု သိရသည်။ ဖျော်ဖြေပွဲမှာ ဖျော်ဖြေရေးသီးသန့်သာ ဖြစ်ပြီး မှတ်တမ်းအဖြစ် ရိုက်ကူးခြင်းများသာ ပါဝင်ကာ မြန်မာပရိသတ် အများစု လာရောက် ကြည့်ရှုအားပေးခဲ့သည်ဟု သိရသည်။




.jpg?width=750)

0 comments:
Post a Comment