Home » , » မဟာချိုင် ပုဇွန်အလုပ်ရုံမှ အလုပ်သမား တစ်ရာကျော် အလုပ်ထုတ်ခံရ

မဟာချိုင် ပုဇွန်အလုပ်ရုံမှ အလုပ်သမား တစ်ရာကျော် အလုပ်ထုတ်ခံရ

Written By မောင်စေတနာ on Tuesday, January 24, 2012 | 11:19:00 PM



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး မဟာချိုင်တွင်ရှိသော TYC ပုဇွန် အလုပ်ရုံမှ အလုပ်သမား တစ်ရာကျော်ကို ခိုင်လုံသည့် အကြောင်းပြချက် မပေးဘဲ အလုပ်မှ ထုတ်ပယ် လိုက်ကြောင်း သိရသည်။

ဇန်န၀ါရီလ (၁၉)ရက်နေ့က အလုပ်ငန်းခွင် ၀င်ရန်သွားကြသည့် အလုပ်သမားများအား အလုပ်သမား လက်မှတ် (ဘတ်)နှင့် ယာယီပတ်စ်ပို့ လုပ်ရန် ပေးသွင်းထားသည့် ငွေများနှင့်အတူ အလုပ်ထုတ်ပယ်သဖြင့် နစ်နာကြေး တစ်ဦးလျင် ဘတ်ငွေ တစ်ထောင်စီ ပေးကာ အလုပ်မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

အလုပ်သမား ကိုတာက “အလုပ်သမား (၁၂၀)လောက်ရှိတယ်၊ ကျနော်တို့က ဘတ် (အလုပ်သမား လက်မှတ်) မရှိဘူးလေ၊ ဘတ်လုပ်ဖို့ ပေးထားတဲ့ ပိုက်ဆံကို ပြန်ပေးတော့ ကျနော်တို့ ဘာတတ်နိုင်မလဲ။ ဘတ်လုပ်တဲ့ အချိန်မှာ လုပ်ခွင့် မရလိုက်တော့ တရားမ၀င် အလုပ်သမား ဖြစ်နေရတော့တာပဲလေ”ဟု ပြောပြသည်။

အဆိုပါ အလုပ်ရုံတွင် မြန်မာအလုပ်သမား ထောင်ချီရှိပြီး အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားများမှာ လုပ်သက် (၆)လမှ (၂)လအတွင်း ရှိကြသူများ ဖြစ်သည်။ ပုဇွန်များ အမြောက်အများ ၀င်လာသည့်အခါ မြန်မာ အလုပ်သမားများအား ရသမျှ ခေါ်သွင်းထားပြီး အလုပ်အကိုင် ပုံမှန်ဖြစ်လာသည့်အခါ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိပဲ အလုပ် ထုတ်ပစ် လိုက်ခြင်းဖြစ်ကြောင်း မဟာချိုင်မှ အလုပ်သမားအရေး ကူညီဆောင်ရွက်သူ ကိုခိုင်ကြီး ကပြောပြသည်။

“မတရား အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ သတင်းကို ကျနော် ကြားကြားချင်း လိုက်သွားတယ်။ အလုပ်သမားတွေက ဘတ်မရှိတော့ ကြောက်ကြတယ်။ အလုပ်သမား တစ်ယောက်ကို အလုပ်ထုတ်ချင်တိုင်း ထုတ်လို့ မရဘူးလေ။ အလုပ်သမားကလည်း ထွက်ချင်းတိုင်း ထွက်လို့မရဘူး။ အလုပ်သမား ဥပဒေမှာ ပြဌာန်းထားတာ ရှိပါတယ်။ ပွဲစားကလည်း ကျနော် ပြောပြတာကို အလုပ်သမားတွေ နားမထောင်စေဘူး။ ဘုရားပို့မယ် ဆိုပြီး ကားပေါ်တင် သွားလိုက်တယ်”ဟု ကိုခိုင်ကြီးက ဆက်ပြောသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို အလုပ်သွင်းပေးခဲ့သည့် ပွဲစားက မဟာချိုင် စာဟာခွန်တွင်ရှိသော ၀တ်ဖန်ထိုင်း နော်လဆင်ဘုရားသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် နေထိုင်ရာသို့ ပြန်လာသည့်အခါ အလုပ်သမား (၆)ဦးမှာ ထိုင်ယူနစ် အလုပ်ရုံအနီးတွင် မဟာချိုင်မှ ရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ရဲစခန်းသို့ ရောက်ရှိပြီး စစ်ဆေးသည့် အခါ ဖမ်းဆီးခံရ သူများတွင် တစ်လလျှင် ဘတ်ငွေ (၅၀၀)ပေးဆောင်ပြီး မဟာချိုင် ဒေသတွင်း ရဲအာမခံ လက်မှတ် လုပ်ထားသူများ ဖြစ်နေသောကြောင့် ပြန်လည် လွှတ်ပေး လိုက်သည်ဟု သိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။