Home » , , » မြန်မာတွေ မညံ့ဘူးဆိုတာ ပြောပြချင်တဲ့ လူငယ်တစ်ယောက်

မြန်မာတွေ မညံ့ဘူးဆိုတာ ပြောပြချင်တဲ့ လူငယ်တစ်ယောက်

Written By မောင်စေတနာ on Tuesday, October 18, 2011 | 5:31:00 AM



စက်တင်ဘာလ ၁၁ ရက်နေ့က ဆရာ ဦးဝင်းသိန်း (ခ) ဆရာ ဦးထွန်းအောင်၏ “အောင်မြင်မှု” ပညာရေး ၀န်ဆောင်မှုမှ “၂၀၁၀ ခုနှစ်၊ CIEE နှင့် CIT ကျောင်းသားများ ဂုဏ်ထူးဆောင် အောင်လက်မှတ် ချီးမြှင့်ပွဲ အခမ်းအနား” ကို မွန်းလွဲ ၃း၀၀ နာရီမှ ညနေ ၅း၀၀ နာရီထိ ကျင်းပခဲ့ရာ သက်ဆိုင်ရာ ကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များပါ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ပထမဆုရရှိသော ကျောင်းသားတစ်ဦး ၏ အလုပ်တစ်ဖက်နှင့် ကျောင်းတက်ကာ အောင်မြင်မှု ပန်းတိုင်ကို လျှောက်လှမ်းနေသော လူငယ်ဘ၀နှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။

မေး - မောင်လေးရဲ့ ကိုယ်ရေးအကျဉ်းလေး ပြောပြပေးပါဦး။

ဖြေ - ဟုတ်ကဲ့၊ ကျွန်တော့်နာမည်က ကိုဝင်းနိုင်ဋ္ဌေးပါ။ အသက်က ၂၆ နှစ်ပါ။ ကျွန်တော် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ကနေ B.P.A (Bachelor of Public Administration) နဲ့ ကျောင်းပြီးထားပါတယ်။ နောက်ပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) မှာလည်း အင်္ဂလိပ်စာ ဒီပလိုမာ ပြီးထားပါတယ်။ ကွန်ပျူတာကတော့ အခြေခံလောက်ပဲ ရှိခဲ့တာပါ။ အခု ဒီမလေးရှား ရောက်တော့မှ ဆက် လေ့လာနေတာပါ။

မေး - မလေးရှားရောက်တာ ကြာပြီလား၊ လက်ရှိ အလုပ်ကရော ?
ဖြေ - ဟုတ်ကဲ့၊ ကျွန်တော် ဒီကို ရောက်တာ ၄ နှစ်လောက် ရှိပါပြီ။ လက်ရှိ အလုပ်ကတော့ တရုတ် တိုင်းရင်းဆေး ကုမ္ပဏီမှာ လုပ်နေပါတယ်။


(ဒုတိယဆု ရရှိသူ နေမင်းထွန်း နှင့်အတူ)

မေး - အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတာ အခက်အခဲတွေ ရှိသလား ?
ဖြေ - ကျွန်တော့်အတွက်တော့ မရှိဘူး ဆိုချင်ပါတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် အဆင်ပြေပါတယ်။ အလုပ်က တနင်္လာကနေ သောကြာနေ့ထိ ဆင်းရတယ်။ စနေ-တနင်္ဂနွေ ပိတ်ရက်ဆိုရင် မနက် ၆း၀၀ နာရီကနေ ည ၁၀ နာရီထိ တစ်နေကုန် ဆရာ့ဆီမှာ ကျောင်းလာတက်ရ တယ်။ ကျွန်တော်ဆိုရင် ပူဒူးကနေ ဆရာတို့ စတားပတ်ထိအောင် မနက် ၆ နာရီ အရောက် ကျောင်းလာတက်ရတာပါ။ အဲလိုမျိုး ၆ လ တက်ခဲ့ရတယ်။ အဓိက,ကတော့ ဇွဲနဲ့ အမှန်တကယ် ပညာလိုချင်မှုတွေပါပဲ။ ဒါတွေက အခက်အခဲ အားလုံးကို ကျော်လွှား သွားစေနိုင်ပါတယ်။

မေး - အခု တက်နေတဲ့ ကျောင်းက ဘယ်လိုမျိုးလဲ။
ဖြေ - လောလောဆယ်ကတော့ ဆရာဦးဝင်းသိန်းရဲ့ အောင်မြင်မှု သင်တန်းကျောင်းမှာ သင်တန်းကြေး တစ်လ ၁၅၀ နဲ့ စနေ၊ တနင်္ဂနွေ နေ့တိုင်း CIEE တက်နေပါတယ်။ စာမေးပွဲဖြေတဲ့အခါ သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းတွေရဲ့ မေးခွန်းအတိုင်း ၀င်ဖြေရမှာ ဖြစ်ပါတယ်။ ဖြေနိုင် အောင်လည်း ဆရာက သေသေချာချာ သင်ပေးပါတယ်။ စာမေးပွဲအောင်ရင် သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ ဘွဲ့တက်ယူရမှာဖြစ်ပါတယ်။ ဘာသာစုံ ဂုဏ်ထူးတွေလည်း ပေးပါတယ်။

မေး - ခုလို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ရင်း ကျောင်းတက်နေတာနဲ့ ပတ် သက်ပြီး ခံယူချက်လေး ပြောပြပေးပါဦး။
ဖြေ - ဟုတ်ကဲ့၊ အထူးသဖြင့် နိုင်ငံခြားမှာ မြန်မာတွေ အရမ်းနှိမ်ခံရတယ်။ အလုပ်ထဲမှာဆိုလည်း အနှိမ်ခံရတယ်။ ကျွန်တော်က မြန်မာတွေလည်း မညံ့ဘူးဆိုတာ ပြချင်တယ်။ လူလူချင်း အတူတူ တန်းတူအခွင့်အရေး ပေးတာမျိုး လိုချင်တယ်။ မြန်မာတွေလည်း တော်တယ်၊ တတ်တယ်ဆိုတာ ကို ပြချင်တယ်။ မြန်မာတွေထဲမှာလည်း လူတော်တွေ ရှိတယ်ဆိုတာကို သိစေချင်တယ်။ အဲဒီအတွက် ကျွန်တော်က အမြဲ ကြိုးစားသွားမယ်။ သင်တန်းတွေလည်း ကျွန်တော် တစ်ခုပြီးတစ်ခု တက်နေဦးမှာပဲ။ ဘာသာရပ် ပဲဖြစ်ဖြစ်၊ အတတ်ပညာပဲဖြစ်ဖြစ်၊ နည်းပညာတစ်ခုခုကိုပဲဖြစ်ဖြစ် လေ့လာ နေဦးမှာပဲ။



မေး - အနာဂတ်ကို ဘယ်လိုပုံဖော်ထားပါသလဲ။
ဖြေ - လက်ရှိလုပ်နေတဲ့ အလုပ်မှာပဲ ဆက်လုပ်ရင်းနဲ့ ဆရာဆီမှာ ကျောင်းတက်မယ်။ ဒီနိုင်ငံ တက္ကသိုလ်တွေမှာ စာမေးပွဲတွေ ၀င်ဖြေပြီး ဘွဲ့တက်ယူမယ်။ ဘာသာစကားတွေ လေ့လာမယ်။ ကွန်ပျူတာနဲ့ ပတ် သက်ပြီး ဒိထက် ထပ်ပြီး ကျောင်းတွေ ထပ်တက်မယ်။ ကျွန်တော်ရတဲ့ လစာထဲက ၃ပုံ ၁ပုံကို အိမ်ပို့မယ်၊ နောက် တစ်ပုံက ကျွန့်တော့်ရဲ့ စားဝတ်နေ ရေးမှာ သုံးမယ်။ ကျန်တစ်ပုံကတော့ ကျွန်တော်ရဲ့ အနာဂတ်အတွက် သုံး မယ်။ ကျွန်တော်တို့လို ကိုယ်ဒူးကိုယ်ချွန်သမားတွေအတွက်ကတော့ အနာ ဂတ် လှေခါးထစ်တွေကို ကိုယ်တိုင် တည်ဆောက်ရတာပါပဲ။

မေး - မလေးရှားရောက် မြန်မာတွေနဲ့ ပတ်သက်ပြီး အမြင်လေး ပြောပြပေး ပါဦး။
ဖြေ - ဟုတ်ကဲ့။ ဒီကိုလာပြီး အလုပ်လုပ်နေတဲ့ သူတွေမှာ အထက်တန်း အောင်ပြီးသား (ဒါမှမဟုတ်) ဘွဲ့ရပြီးသား ဆိုတာတွေရှိသလို၊ ကျောင်း မနေခဲ့ရတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ ဘွဲ့ရ ပညာတတ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ့အရည်အချင်း လေးနဲ့သူ ရှိနေရပါမယ်။ ငါတို့က စာမတတ်ဘူးဆိုပြီး ပေပေတေတေ နေလို့ သိပ်မကောင်းဘူးလို့ ထင်ပါတယ်။ စာမတတ်ပေမယ့်လည်း လူမှုရေး၊ ဘာသာရေး၊ သာရေးနာရေး စတဲ့ အလုပ်တွေ အများကြီးလုပ်ပြီး ကောင်းမွန် လိမ္မာစွာ နေထိုင်ရင် သိက္ခာရှိတဲ့ လူတစ်ယောက် ဖြစ်သွားမှာပါပဲ။
နောက်ပြီး ဒီခေတ်ကြီးမှာ အထူးသဖြင့် မလေးရှားလို နိုင်ငံခြားကို ရောက်လာတဲ့အခါ ဘာသာစကား လေ့လာလိုက်စားမှုတွေ၊ နည်းပညာ လေ့လာလိုက်စားမှုတွေ၊ ဒါတွေကို ကိုယ်နဲ့ မဆိုင်သလို နေလို့မရပါဘူး။ ဥပမာ - မလေးစကား၊ တရုတ်စကား၊ အင်္ဂလိပ်စကားတွေကို လေ့လာရမယ်။ ကွန်ပျူတာနဲ့ ပတ်သက်ပြီး လေ့လာရမယ်။ အလုပ်လုပ်ရင်း အချိန်ရရင် ရသလို လေ့လာကျက်မှတ်နေရပါမယ်။

နောက်တစ်ခုက များသောအားဖြင့် မြန်မာတွေက အလုပ်ပြီးလို့ စားသောက်ပြီးရင် တီဗီကြည့်ပြီး အိပ်တတ်ကြပါတယ်။ တီဗီ လုံးဝမကြည့်ရ ဘူးလို့ မဆိုလိုပါဘူး။ ကြည့်ပါ။ အကျိုးရှိတဲ့ Channel တွေ၊ ဗဟုသုတ ဖြစ်ဖွယ် ရုပ်ရှင်ကားကြီးတွေ ကြည့်နိုင်ပါတယ်။ ဒီမှာ များသောအားဖြင့် ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော စာဖတ်တာထက် ဇာတ်လမ်း ခွေတွေ ထိုင်ကြည့်ကြတာ များပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲကို မအိပ်ဘဲ မိုးလင်းပေါက် ထိုင်ကြည့်ကြပေမယ့် ကိုယ့်အတွက် အကျိုးရှိမယ့်အရာမျိုး ကျတော့ နာရီဝက် မပြောနဲ့၊ ၁၅ မိနစ်တောင် အချိန်မပေးချင် ကြပါဘူး။ တကယ်အချိန်ကို အကျိုးရှိရှိ အသုံးချနေတဲ့ လိမ္မာတဲ့ လူတွေလည်း ရှိပါ တယ်။ သူတို့တွေကို မမြင်ရပေမယ့် ကျွန်တော် လေးစားပါတယ်။ ဒီထက် လည်း ဆက်ကြိုးစားကြပါလို့ အားပေးလိုပါတယ်။

မေး - လူငယ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။
ဖြေ - လူငယ်တွေအနေနဲ့ ကမ္ဘာကြီးကို မျက်ခြေမပြတ်ဖို့၊ မသိတာ၊ နား မလည်တာတွေကို အမြဲလေ့လာနေဖို့ လိုပါတယ်။ မတတ်သေးတဲ့ ဘာသာ စကားတွေ၊ ပညာတွေရပ်တွေ ရှိရင် ကျောင်းတွေ၊ သင်တန်းတွေ တက်ပြီး သင်ယူရမယ်။ အခု ကျွန်တော် တက်နေတဲ့ကျောင်းဆိုရင် သင်တန်းကြေး ၁ လကို ရင်းဂစ် ၁၅၀ ပဲ ရှိပါတယ်။

ကွမ်းယာ၊ ဆေးလိပ်၊ လက်ဖက်ရည်တွေ၊ ဘီယာတွေ၊ အရက်တွေ သောက်လို့ ကုန်သွားမယ့် ငွေတွေကို မသုံးဘဲ အသုံးစရိတ် လျှော့ချလိုက်ရုံနဲ့ လူငယ်တွေအတွက် တိုးတက်တဲ့လမ်းတွေ ဖြစ်လာမှာပါ။ ဒီအသုံးစရိတ်တွေကို တကယ်လျှော့ချရမယ်။ လျှော့လည်း လျှော့ချစေချင်ပါတယ်။ ဒါတွေကို လျှော့ချလိုက်ခြင်းဖြင့် လူတစ်ယောက်ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးကို မထိခိုက်နိုင်ဘူးလို့ ထင်ပါတယ်။ တစ်နေ့ကို ၅ ရင်းဂစ် စုရုံပါပဲ။ တစ်လ ၁၅၀ မှာ ပျမ်းမျှ တစ်နေ့ ၅ ရင်းဂစ်ဟာ လူတိုင်း စုနိုင်တဲ့ အနေအထားလို့ ကျွန်တော် ထင်ပါတယ်။ အချိန်နဲ့ ငွေကို အကျိုးရှိရှိ အသုံးချနိုင် ကြပါစေလို့ ညီငယ်၊ ညီမငယ်တွေကို ပြောကြားပါရစေ။




မေး - ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ - ဟုတ်ကဲ့၊ ခုလို ကျွန်တော်တို့ လူငယ်တွေရဲ့ ရင်ထဲက ခံစားချက်တွေ ကို ထုတ်ဖော်ခွင့်ရအောင် မေးမြန်းလာတဲ့ သတင်းကွန်ယက်ဂျာနယ်ကို လည်း ကျေးဇူးအများကြီးတင်ပါတယ်။

လေပြည် (သတင်းကွန်ယက်)

Source by :http://newsnetworkmedia.blogspot.com/
Share this article :

6 comments:

မဒမ်ကိုး said...

အောင်မြင်ပါစေရှင် တကယ်ကိုချီးကျုးသွားပါတယ်

titsa said...

ကျွန်တော်နဲ.ဘဝတူမိတ်ဆွေတွေအောင်မြင်ချင်တဲ.စိတ်ဓါတ်တွေနဲ.ဘဝကိုဖြတ်သန်းနေတဲ.အတွက်ဝမ်းသာမိပါတယ်..ဂုဏ်လည်းဂုဏ်ယူပါတယ်...

titsa said...

ကျွန်တော်နဲ.ဘဝတူမိတ်ဆွေတွေရည်မှန်းကြီး၂နဲ.ကြိုးစားနေတဲ.အတွက်ဝမ်းသာဂုဏ်ယူမိပါတယ်...ဒါဟာကျွန်တော်တို.အတွက်အနာဂတ်မျှော်လင်.ချက်တွေပါ..

Anonymous said...

အဲ့ဒီ့ပို့စ်ရဲ့ ဆရာ ဦးဝင်းသိန်း (ခ) ဆရာ ဦးထွန်းအောင်၏ “အောင်မြင်မှု” ပညာရေး ၀န်ဆောင်မှု သင်တန်းတည်နေရာနဲ့ဆက်သွယ်ရမဲ့ဖုန်းနံပါတ်ကိုပြောပြစေချင်ပါတယ်။ ကျွန်မ က မလေးရှားမှာနေသူတစ်ယောက်ပါ။ ကျွန်မ လဲ အဲဒီ့သင်တန်း တက်ချင်လို့ပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါရန်။။။

Anonymous said...

ဆရာ ဦးဝင်းသိန်း (ခ) ဆရာ ဦးထွန်းအောင်၏ “အောင်မြင်မှု” ပညာရေး ၀န်ဆောင်မှု ရဲ့ သင်တန်းတည်နေရာနဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ကိုပြောပြပေးစေချင်ပါတယ်။ သင်တန်းတက်လို့ပါ။ မလေးမှာနေတဲ့ လူတစ်ယောက်ပါ။ ကျေးဇူးပါ။။။

Anonymous said...

ဆရာ ဦးဝင်းသိန်း (ခ) ဆရာ ဦးထွန်းအောင်၏ “အောင်မြင်မှု” ပညာရေး ၀န်ဆောင်မှု ရဲ့ သင်တန်းတည်နေရာနဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်လေးတစ်ချက်လောက်ပြောပြပေးပါ။ မလေးမှာနေတဲ့ သင်တန်းတက်ချင်နေသူပါ။။။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။