Home » » ဗုဒ္ဓသာသနာပြု တက္ကသိုလ် သာသနာ့နွယ်ဝင် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ စာသင်သား များ နှင့် တွေ့ဆုံခြင်း

ဗုဒ္ဓသာသနာပြု တက္ကသိုလ် သာသနာ့နွယ်ဝင် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ စာသင်သား များ နှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Monday, October 24, 2011 | 11:30:00 AM


ပြည်တွင်း၊ ပြည်ပ စာသင်သားများ အား တွေ့ရစဉ်

‘စာသင်သားတွေထဲမှာ ဗုဒ္ဓဘာသာနွယ်ဝင်တွေ ချည်းလည်း မဟုတ်ပါဘူး နိုင်ငံ အသီးသီးမှာရှိကြတဲ့ ဘာသာအနွယ်ဝင် အသီးသီးက လာရောက် လေ့လာကြပါတယ်’ ၊ ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ စာသင်သားများနှင့် တွေ့ဆုံခြင်း .....

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ပြည်ပနိုင်ငံပေါင်း ၂၀ နီးပါးမှ ရဟန်းတော်၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီးများစွာ ပညာဆည်းပူးလျက် ရှိနေကြသည်။ အာရှနိုင်ငံများထဲတွင် ယင်းတက္ကသိုလ်သည် ပြည်ပနိုင်ငံသားများ အတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို များစွာ သိရှိလာစေခဲ့ရသည့် အပြင် ၎င်းတို့ ခံယူထားသည့် မြန်မာနိုင်ငံ၏ သာသနာတော်နှင့် ပတ်သက်သည်များနှင့် ပတ်သက်၍ု မဟာတန်း တက်ရောက်နေကြသည့် ပြည်ပစာသင်သား ရဟန်းတော်များနှင့် မြန်မာစာသင်သား အချို့အား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး ။ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွေ ထဲမှာမှ မြန်မာနိုင်ငံမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို ဘာကြောင့် တက်ရောက်ဖြစ်ခဲ့လဲ ဆိုတာ သိပါရစေ။

Ashin Vo Van Nhut (ဗီယက်နမ်)

“ထေရ၀ါဒဗုဒ္ဓဘာသာကို စတင် သိရှိစဉ်ကတည်းက ကျင့်စဉ် တွေမှန်ကန်အောင်၊ ဗဟုသုတတွေ ကို လမ်းညွှန်ပြသနိုင်မယ့် နေရာတွေ ကို ရှာလိုက်တဲ့အခါမှာ မြန်မာနိုင်ငံ ကိုတွေ့ခဲ့တယ်။ မြန်မာမှာက အာရှ နိုင်ငံတွေထဲမှာ သာသနာထွန်းကားမှု အရှိဆုံးနိုင်ငံလို့ မြင်သလို ပိဋကတ်တွေကို သိရှိနားလည်အောင် လမ်းညွှန်ပြသနိုင်မယ့် ဘုန်းတော်ကြီးဆရာတွေလည်း ဒီမှာအများကြီးပါ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို အမှန်တကယ် သိချင်လို့ လေ့လာဖို့ရောက်ခဲ့တာပါ”

AshinSilananda (ဘင်္ဂလားဒေ့ရှ်)

“ဒီကို ရောက်ခဲ့တာ လေးနှစ်ရှိပါပြီ။ အာရှနိုင်ငံ အသီးသီးမှာရှိကြတဲ့ ဗုဒ္ဓဘာသာကို သင်ကြားတဲ့ တက္ကသိုလ်ကြီးတွေထဲကမှ မြန်မာနိုင်ငံကို ရွေးချယ်လိုက်ရတာကတော့ ပိဋကတ်သုံးပုံ ကို သိရှိအောင် ညွှန်ကြားပြသနိုင်တဲ့ ဆရာတော်တွေ ဒီမှာရှိကြတယ်။ ရဟန်း တော်တွေအနေနဲ့ ၀ိနည်းဆိုင်ရာတွေ နဲ့ ပတ်သက်လို့ ကျန်အာရှနိုင်ငံတွေထက် မြန်မာကပိုပြီး တိကျတဲ့ နည်းစနစ်တွေရှိတယ်။ အဓိက ကတော့ သာသနာထွန်းကားတယ်။ ဗုဒ္ဓဘာ သာရဲ့ အနှစ်သာရကို တွေ့ရတယ်။ ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။ ဘယ် ဘာသာဝင်မဆို Buddhism ကို စိတ်ဝင်စားတဲ့သူတိုင်း လေ့လာနိုင်တယ်။ လက်တွေ့သိရှိလာကြတယ်။ ပြီးတော့ လမ်းညွှန်ပြသနိုင်တဲ့ ဆရာကောင်း တွေရှိကြတယ်”

Ashin Letinh Ti Phuong (ဗီယက်နမ်)

“Buddhism မှာမှ မဟာယာနနွယ်ဝင်ပါ။ ဒီတက္ကသိုလ်ကိုလာတက် ဖို့ ပထမရန်ကုန်ကို ရောက်တော့လေ့ လာစူးစမ်းမိတယ်။ မြန်မာလူမျိုးတွေ နဲ့Buddhism ကို အရမ်းစိတ်ဝင်စားခဲ့တယ်။ ပြီးတော့ ဗုဒ္ဓဘာသာနွယ်ဝင် တွေအနေနဲ့လည်း အရမ်းကို flexible ဖြစ်တယ်။ ဒါကြောင့် ၁၀ လလောက် ကြာတော့ ဒီမှာလာတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ”

Dhamma Nandar Singi (မြန်မာ)

“ဗုဒ္ဓဘာသာမှာ တိပိဋကတ်ကို လေ့လာတဲ့အခါ ၀ိနည်း၊ သုတ္တံတို့ကို အခြေခံကျကျ လေ့လာခဲ့ရတယ်။ အဓိက က ကိုယ့်မြန်မာနိုင်ငံရဲ့ သာသနာထွန်းကားတာကို လာလေ့လာကြတဲ့ နိုင်ငံရပ်ခြားက စာသင်သားတွေနဲ့လည်း အတွေ့အကြုံတွေ မျှဝေဖြစ်တယ်”

မေး ။ တက္ကသိုလ်တွေထဲမှာ မြန်မာနိုင်ငံရဲ့ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ရဲ့ ထူးခြားချက်လေးတွေ ရှိရင် သိလိုပါတယ်။

Ashin Ven Ariyajyoti (ဘင်္ဂလားဒေ့ရှ်)

“တက္ကသိုလ် တက်နေစဉ်မှာ တရားဓမ္မကို သေချာလိုက်နာ ကျင့်ကြံလို့ရတယ်။ ပြီးတော့ ပြည်ပနိုင်ငံက လာတဲ့ စာသင်သား သံဃာတော်တွေ အနေနဲ့ နေထိုင်၊ စားသောက်ရေး အဆင်ပြေတယ်။ ထူးခြားချက်အနေနဲ့ကတော့ သာသနာတော်တွေ ထွန်းကားတဲ့ အာရှနိုင်ငံတွေရဲ့ ဗုဒ္ဓဘာသာ အနွယ်ဝင်တွေမှာ တချို့အချက်တွေ က ခေတ်နဲ့လျော်ညီပြီး ဆီလျော်သလို ပြောင်းလဲသွားတာတွေ ရှိပေမယ့် ဒီမှာကတော့ Buddhism ရဲ့အနှစ်သာရ၊ အများပြည်သူရဲ့ လေးစားကြည်ညိုမှုတွေ မကွယ်ပျောက်ကြသေးဘူး။ ပြည်ပကလာတဲ့အတွက် တစ်နေ့မှာတော့ ပြန်ရမှာပဲ။ အဲဒီလိုစာသင်ပြီးပြန် တဲ့အချိန် သာသနာကို သိချင်သူတွေ အတွက် ဖြန့်ဝေနိုင်အောင် ဒီတက္ကသိုလ် က သင့်တော်တယ်လို့ ယူဆတယ်”

AshinSilananda (ဘင်္ဂလားဒေ့ရှ်)

“အာရှနိုင်ငံတွေမှာရှိတဲ့ Buddhism သင်ကြားတဲ့ တက္ကသိုလ်တွေ အများစုက စာသင်ကြေး၊ နေထိုင်စား သောက်စရိတ်က မိမိဘာသာကျခံရ တယ်။ တချို့သံဃာတော်တွေ အနေနဲ့ ဗုဒ္ဓရဲ့ဝိနည်းတော်တွေအရ ငွေကိုင်သုံးရတာ သင့်တော်မှုမရှိပါဘူး။ ဒီမှာက စာသင်စရိတ်ကအစ အခမဲ့ပါ။ ပြီးတော့ ပြည်ပက နေထိုင်သူတွေအနေနဲ့ နေထိုင်ဖို့ သံရုံးကိစ္စတွေက အစ အကုန်လုံးစီစဉ်ပေးတဲ့အတွက် ၀ိနည်းနဲ့ ဆီလျော်မှုရှိတယ်”

Dhamma Nandar Singi (မြန်မာ)

“ဒီမှာရှိနေကြတဲ့ စာသင်သား တွေထဲမှာ ဗုဒ္ဓဘာသာနွယ်ဝင်တွေ ချည်းလည်း မဟုတ်ပါဘူး။ နိုင်ငံအသီးသီးမှာရှိကြတဲ့ ဘာသာအနွယ် ၀င်အသီးသီးက လာရောက်လေ့လာကြပါတယ်။ များသောအားဖြင့် ပိဋ ကတ်သုံးပုံကို လေ့လာချင်ကြတယ်။ တချို့အဘိဓမ္မာကိုပဲ လေ့လာချင်ကြ တာတွေလည်း ရှိတယ်။ စာချည်းပဲ လည်း သင်လို့မရသလို လက်တွေ့မှာ လည်း အခြေခံ သဘောတရားတွေကို ပါလေ့လာသိရှိနိုင်အောင် ကျင့်ကြံကြ ရပါတယ်”

မေး ။ အခုလို ဗုဒ္ဓသာသနာပြု တက္ကသိုလ် တက်ပြီးတဲ့နောက် အနာဂတ်ရည်မှန်းချက်တွေ ဘယ်လိုရှိထားလဲ ဆိုတာ သိပါရစေ။

Ashin Vo Van Nhut (ဗီယက်နမ်)

“ပိဋကတ်သုံးပုံနဲ့ Buddhism ရဲ့ အနှစ်သာရကိုစာတွေ့ရော လက်တွေ့ ပါသိရှိနိုင်အောင် လေ့လာမယ်။ စာတွေထပ်ပြီး လေ့လာသွားမှာပါ”

AshinSilananda (ဘင်္ဂလားဒေ့ရှ်)

“အဓိက က ဘွဲ့တွေရပေမယ့်လည်း ဗုဒ္ဓရဲ့အနှစ်သာရကို စာတွေ့ ချည်းပဲလည်း မရနိုင်ဘူးလေ။ ကျင့်တယ်ဆိုတာပြောရင် လွယ်ပါတယ်။ တကယ် အနှစ်သာရဖို့ ဘွဲ့တွေ၊ ဂုဏ် ဒြပ်တွေထက် ပြန်ပြီးအသုံးချနိုင်ဖို့ ကအရေးကြီးတယ်”

Ashin Ven Ariyajyoti (ဘင်္ဂလားဒေ့ရှ်)

“ပါဠိတွေကို တိတိကျကျ လေ့လာမှုတွေ လုပ်ပြီး ဒီနိုင်ငံကရသွားမယ့် ဗုဒ္ဓအနှစ်သာရကို ကိုယ့်နိုင်ငံမှာ ဖြန့်ဝေသွားမယ်”

Ashin Letinh Ti Phuong (ဗီယက်နမ်)

“ဗုဒ္ဓဘာသာမှာအမျိုးအစား မျိုးစုံ ရှိကြပေမယ့် အခြေခံ သဘောတရားတွေကတော့ အတူတူပါပဲ။ ဒီဘာသာရပ်ကို အမြဲတမ်းစဉ်ဆက်မပြတ်လေ့ လာသွားမှာပါ။ နောင်မှာ ကိုယ့်နိုင်ငံကို ပြန်ရင်လည်း ဒီမှာရခဲ့တဲ့ အသိပညာတွေကို ပြန်ပြီးဖြန့်ဝေသွားမှာပါ”

Dhamma Nandar Singi (မြန်မာ)

“နောင်မှာ ကိုယ်သိခဲ့တဲ့ အသိပညာတွေကို ပြန်ပြီး သာသနာတော် ပြန့်ပွားအောင် ကြိုးစားလုပ်ဆောင် သွားမှာပါ”

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။